အာဆီယံ အခင်းအကျင်း၊ မြန်မာနှင့် လူ့စွမ်းအား အရင်းအမြစ် ပြဿနာ
- VSB Myanmar

- Jul 15
- 4 min read
(၁) နောက်ခံ
လက်ရှိကာလမှာ အာဆီယံဒေသရဲ့ အရွေ့ဟာ ဘုံစျေးကွက်၊ ဘုံအသိုက်အမြုံဆီကို ဦးတည်သွားနေတယ်။ ဥရောပသမဂ္ဂ အီးယူပုံစံလိုပဲ။ အာဆီယံဟာ တစ်ချိန်မှာ ပိုမို ပေါင်းစည်း ဆက်သွယ်ခြင်း အဆင့်တစ်ခုကို သွားဖို့ ကြိုးစားနေတာ တွေ့နေရတယ်။ ဒါပေမယ့် အီးယူနဲ့ မတူကွဲပြားတဲ့အချက်က အာဆီယံဒေသ တချို့နိုင်ငံတွေဟာ ဖွံ့ဖြိုးရေး ရေချိန်နိမ့်ကျတယ်။ အာဆီယံနိုင်ငံတွေ အချင်းချင်းကြားမှာ ဖွံ့ဖြိုးမှု ကွာဟချက်အချို့ ရှိနေတယ်ဆိုတာပါပဲ။ ၂၀၀၀ ခုနှစ် နောက်ပိုင်း အာဆီယံရဲ့ အရွေ့ကိုကြည့်လိုက်ရင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် စတဲ့ နောက်မှာ ကျန်နေတဲ့ နိုင်ငံတွေကို ဆွဲခေါ်ဖို့ ကြိုးစားခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ ၂၀၀၄-၂၀၀၅ ခုနှစ်နောက်ပိုင်းလောက်က စပြီး အာဆီယံဒေသရဲ့ ဘုံမျှော်မှန်း ချက်တွေကို ထင်ထင်ရှားရှား တွေ့မြင်လာခဲ့ရတယ်။ အာဆီယံဟာ လွတ်လပ်သောကုန်သွယ်မှု၊ ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ရင်းနှီးမြှပ်နှံမှုနဲ့ လူသားအရင်းအမြစ်တွေ လွတ်လပ်စွာ စီးဆင်း ရွေ့ပြောင်းနိုင်တဲ့ ဒေသကြီးအသွင်ကို မျှော်မှန်းလာတာ တွေ့လာခဲ့ရတယ်။ ဒါဟာ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာတို့လို ဖွံ့ဖြိုးမှု နောက်လိုက် နိုင်ငံတွေအတွက် ခေါင်းလောင်းထိုးသံ ဖြစ်လာခဲ့တယ်။ အာဆီယံ စီးဆင်းမှုမှာ လိုက်ပါနိုင်ဖို့အတွက် လိုအပ်တဲ့စနစ်၊ အခြေခံအဆောက်အဦတွေ၊ လုပ်ငန်းယန္တရားတွေ ရှိဖို့ လိုလာတယ်။ ထူထောင်ဖို့ ပြင်ဆင်ဖို့ လိုလာတယ်ဆိုတာကို သိမြင် လာခဲ့ကြတယ်။
ဒါပေမယ့် သိမြင်မှုက သိမြင်မှု သက်သက်ပါပဲ။ တကယ် လိုအပ်တဲ့ စနစ်တွေ အခြေခံအဆောက်အဦတွေကို ထူထောင်ဖို့၊ လည်ပတ်နိုင်ဖို့ဆိုတာ အချိန်အများကြီး ယူရတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ နောက်ကျကျန်နေခဲ့တဲ့ ပြဿနာ၊ ချိနဲ့နေတဲ့ ပြဿနာတွေကလဲ တကယ့်ကို ကိုင်တွယ်ပြီး အချိန်ယူ ဆောင်ရွက်ရမည့် ကိစ္စတွေ ဖြစ်နေပါတယ်။
(၂) ပညာရေး၊ လေ့ကျင့်ရေးနှင့် လူသား အရင်းအမြစ် ဆိုင်ရာ ပြဿနာ
ဒီအာဆီယံရဲ့ စီးဆင်းမှု၊ အာဆီယံရဲ့ အရွေ့နဲ့ အတူ ပေါ်ပေါက်လာတဲ့ ဘုံရည်မှန်းချက်တွေအနက်က တစ်ခုက လူ့စွမ်းအား အရင်းအမြစ်နဲ့ သက်ဆိုင်သော မျှော်မှန်းချက် ဖြစ်ပါတယ်။ တိတိကျကျ ပြောရမယ်ဆိုရင် ဒေသအတွင်း လူသား အရင်းအမြစ်များ လွတ်လပ်စွာ စီးဆင်းနိုင်ရေး (Free flow of human Resources) ဖြစ်ပါတယ်။ ဒီ လူသားအရင်းအမြစ်များ လွတ်လပ်စွာ စီးဆင်းနိုင်ရေးဆိုတဲ့ အာဆီယံရဲ့ ဘုံမျှော်မှန်းချက်နဲ့အတူ ပေါ်ပေါက်လာတဲ့ စဉ်းစားစရာတွေ၊ မေးခွန်းထုတ်စရာတွေလည်း အတော်များများ ရှိလာခဲ့ပါတယ်။
တဖက်မှာလည်း အာဆီယံ တက္ကသိုလ်ချင်း ချိတ်ဆက်မှု၊ ကွန်ယက်တည်ဆောက်တာတွေေ၊ အသက်မွေးဝမ်းကြောင်းကျွမ်းကျင်မှု အပြန်အလှန် အသိအမှတ်ပြုရေးစနစ် တည်ဆောက်ဖို့ ကြိုးစားတာတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
(၃) လိုအပ်တဲ့ လုပ်ငန်းယန္တရား
အာဆီယံမှာ ဒီဘုံရည်မှန်းချက် အောင်မြင် ပေါက်မြောက်ရေးအတွက် စဉ်းစားရာမှာ အဓိက လုပ်ငန်းယန္တရား မျှော်မှန်းချက် (၂) ခု ရှိပါတယ်။ ပထမတစ်ခုက အာဆီယံဒေသတွင်း ပညာရေးနဲ့ အရည်အချင်း သတ်မှတ်ချက်ကိုးကားမှုမူဘောင် (ASEAN Qualification Reference Framework) တည်ဆောက်ရေးဖြစ်ပါတယ်။ ဒုတိယတစ်ခုက အာဆီယံဒေသတွင်း နိုင်ငံတွေအကြား လူစွမ်းအား အရင်းအမြစ်တွေရဲ့ ကျွမ်းကျင်မှုကို အပြန်အလှန် အသိအမှတ်ပြုရေး ဖြစ်ပါတယ်။
(၄) ပထမ လုပ်ငန်း ယန္တရား
ဒီနေရာမှာ ပထမလုပ်ငန်း ယန္တရားဖြစ်တဲ့ အာဆီယံဒေသတွင်း ပညာရေးနဲ့ အရည်အချင်း သတ်မှတ်ချက်မူဘောင် တည်ဆောက်ရေးဟာ အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ရပ်လို့ ပြောချင်ပါတယ်။ အာဆီယံ လမ်းပြ မြေပုံရဲ့ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်ပါတယ်။ ဒီလုပ်ငန်းယန္တရားကို တည်ဆောက်နိုင်ခဲ့ရင် ယေဘုယျအားဖြင့် အကျိုးကျေးဇူးများစွာ ရှိနိုင်ပါတယ်။ အဓိကအားဖြင့်ရည်ရွယ်ချက်ပိုင်းမှာ အချက် (၇) ချက်ကို ဦးတည်ထားပါတယ်။
နံပါတ်တစ် အချက်က ပညာရေး၊ လေ့ကျင့်ရေး၊ ကျွမ်းကျင်မှု အရည်အချင်း သတ်မှတ်ချက်တွေကို အပြန်အလှန် အသိအမှတ်ပြုတဲ့ အပိုင်းကို အထောက်အကူပေးဖို့၊ နံပါတ်နှစ် အချက်က ဘဝတသက်တာ လေ့လာသင်ယူရေးကို လမ်းဖွင့်ပေးနိုင်မယ့် ပညာရေးနှင့် အရည်အချင်း မူဘောင် စနစ်တရပ် ဖွံ့ဖြိုးလာအောင် အားပေးဖို့၊ နံပါတ်သုံး အချက်က ပုံမှန် ကျောင်းသင်ပညာရေး ပြင်ပမှာ ရရှိထားတဲ့ အရည်အချင်းတွေ၊ လေ့လာသင်ယူမှု အတွေ့အကြုံတွေကို အသိအမှတ်ပြု ပေးနိုင်မယ့် အမျိုးသားအဆင့် အသိအမှတ်ပြု စနစ်တစ်ရပ် ထူထောင်နိုင်ရန် အားပေးဖို့၊ နံပါတ်လေးအချက်က အာဆီယံဒေသတွင်း နိုင်ငံများအကြား ကျောင်းသား၊ ကျောင်းသူများ လွတ်လပ်စွာ ရွေ့ပြောင်း ပညာသင်ယူနိုင်ဖို့နဲ့ ပညာရေးစနစ် အချင်းချင်းကြား အပြန်အလှန် အသိအမှတ်ပြုနိုင်ဖို့၊ နံပါတ်ငါး အချက်က လူသား အရင်းအမြစ်တွေ၊ လုပ်သားတွေ လွတ်လပ်စွာ ရွေ့ပြောင်း အလုပ်လုပ်နိုင်စေရန် လမ်းဖွင့်ပေးနိုင်ဖို့၊ နံပါတ်ခြောက် အချက်က ပညာရေးနဲ့ အရည်အချင်း သတ်မှတ်ချက် စနစ်တွေ အချင်းချင်းကြားမှာ ပိုမိုနားလည်မှု တိုးပွားစေဖို့၊ နံပါတ်ခုနစ် အချက်က အရည်အသွေး အာမခံချက်ရှိတဲ့ ပညာရေးနဲ့အရည်အချင်း သတ်မှတ်ချက် စနစ်တွေ ပေါ်ပေါက်လာစေဖို့ မြှင့်တင်ပေးနိုင်ဖို့ ဖြစ်ပါတယ်။
(၅) သဘောတရား၊ အရည်အသွေး အာမခံချက်နဲ့ ပါဝင်တဲ့ အပိုင်းတွေ
အာဆီယံ ပညာရေးနဲ့ အရည်အချင်း သတ်မှတ်ချက် ကိုးကားမှု မူဘောင် (ASEAN Qualification Reference Framework (AQRF)) ဟာ အာဆီယံနိုင်ငံတွေ အချင်းချင်းကြား သဘောတူ နားလည်ချက်တွေပေါ်မှာ အခြေတည်ထားတယ်။ မဖြစ်မနေ လိုက်နာရမယ် (compulsory) လို့ မဆိုလိုဘူး။ မိမိနိုင်ငံရဲ့ သဘောဆန္ဒပေါ်မှာပဲ မူတည်တယ်။ voluntary ပဲ ဖြစ်တယ်။ လက်ရှိ အာဆီယံနိုင်ငံ တစ်နိုင်ငံချင်းစီမှာ ရှိတဲ့ အမျိုးသားအဆင့် ပညာရေး၊ လေ့ကျင့်ရေး စနစ်ပုံစံတွေကိုလည်း အသိအမှတ်ပြုပြီး ကြားနေအနေဖြင့်သာ ရပ်တည်မှာ ဖြစ်တယ်။ ဒါပေမဲ့ အာဆီယံနိုင်ငံတွေ အချင်းချင်း ပညာရေး လေ့ကျင့်ရေး စနစ်တွေကို နှိုင်းယှဉ် ချိတ်ဆက်မယ်ဆိုရင်တော့ သူဟာ ကြားခံကိုးကားချက် မူဘောင် အဆင့်တစ်ခု ဖြစ်လာမှာဖြစ်ပါတယ်။ အရေးကြီးတဲ့ ယန္တရားတစ်ခု ဖြစ်လာမှာ ဖြစ်တယ်။
တဖက်မှာ ပညာရေးနဲ့ လေ့ကျင်ရေးစနစ် အရည်အသွေး အာမခံချက်ကို ဒေသတွင်းမှာ မြှင့်တင်နိုင်ဖို့အတွက် AQRF ဟာ ကျယ်ပြန့်တဲ့ အရည်အသွေး စီမံခန့်ခွဲမှု သဘောတရားတွေပေါ်မှာ အခြေတည်ထားတယ်။ အဓိကအားဖြင့် အသိအမှတ်ပြု မှတ်ပုံတင်ပေးမယ့် အဖွဲ့အစည်း အေဂျင်စီတွေရဲ့ လုပ်ငန်းတာဝန်တွေ၊ စစ်ဆေး အကဲဖြတ်မယ့် စနစ်တွေ၊ အသိအမှတ်ပြု လက်မှတ်ထုတ် ပေးရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းတွေနဲ့ ဆက်စပ်နေမှာ ဖြစ်ပါတယ်။
ဒီအာဆီယံ ပညာရေးနဲ့ အရည်အချင်း သတ်မှတ်ချက် မူဘောင်ဟာ အဆင့်အားဖြင့် ရှစ်ဆင့်ရှိတယ်။ အဆင့် (၁) ဟာ အသက်မွေးဝမ်းကြောင်း တစ်စိတ် တစ်ဒေသ ကျွမ်းကျင်မှု၊ တတ်မြောက်မှု ကိုယ်စားပြုတယ်။ ထိပ်ဆုံးက အဆင့်ရှစ်ကတော့ အထူး ကျွမ်းကျင်မှု/ ပညာရှင် အဆင့်ကို ကိုယ်စား ပြုတယ်။ ပညာရေး စကားလုံးနဲ့ ပြောရင်တော့ P.hD ဒေါက်တာအဆင့် ဖြစ်တယ်။ အဆင့်တိုင်းကို အဆင့်အလိုက် အဓိပ္ပာယ် သတ်မှတ်ချက် (level descriptor) တွေနဲ့ ဖွင့်ဆိုထားတယ်။
အဆင့်အလိုက် အဓိပ္ပာယ် သတ်မှတ်ချက်တွေဟာ လေ့လာသင်ယူမှု တတ်ကျွမ်းမှု၊ တတ်မြောက်မှုရဲ့ ရလဒ်တွေ learning outcome တွေကို ကိုယ်စားပြုတယ်။ အဆင့်လိုက် သတ်မှတ်ချက်တွေမှာ အဓိကအားဖြင့် စွမ်းဆောင်နိုင်မှု competence (၄) ခုကို ထည့်သွင်းထားတယ်။ ဒီစွမ်းဆောင်နိုင်ရမယ့် စွမ်ဆောင်နိုင်မှု competence (၄) ခုကတော့ စာတွေ့သိမြင်ကျွမ်းကျင်မှု (cognitive competence)၊ လက်တွေ့စွမ်းဆောင်နိုင်မှု (functional competence)၊ အပြုအမူပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်မှု (personal competence)၊ ကျင့်ဝတ်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်မှု (ethical competence) တို့ဖြစ်ပါတယ်။ အဆင့်တိုင်းရဲ့ လေ့လာသင်ယူမှု ရလဒ်တွေဟာ ဒီစွမ်းဆောင်ရည် (၄) ရပ်ကို ကိုယ်စားပြုမှာ ဖြစ်ပါတယ်။ ဒါကြောင့် အဆင့်အလိုက် သတ်မှတ်ချက်တွေမှာ ဧရိယာ (domain) နှစ်ခုနဲ့ ဖော်ပြမှာ ဖြစ်ပါတယ်။ ပထမတစ်ခုက သိမြင်တတ်ကျွမ်းမှုနှင့် လက်တွေ့စွမ်းဆောင်နိုင်မှု (Knowledge and skill) ဖြစ်ပြီး ဒုတိယတစ်ခုကတော့ တစ်ဦးချင်း အသုံးချနိုင်စွမ်းနဲ့ တာဝန်ရှိ မှုပိုင်း (Application and Responsibility) ဖြစ်ပါတယ်။
နိုင်ငံတွေ အချင်းချင်းကြား ပညာရေး လေ့ကျင့်ရေး စနစ်ကို အပြန်အလှန် အသိအမှတ် ပြုမယ်ဆိုရင် ဒီ အာဆီယံ ပညာရေးနဲ့ အရည်အချင်း သတ်မှတ်ချက် ကိုးကားမှု မူဘောင်ဟာ အခြေပြု ရမယ့်ပေတံတစ်ချောင်းဖြစ်လာမယ်။
ဒါပေမဲ့ ဒါကို နှိုင်းယှဉ်ဖို့အတွက်တော့ ကိုယ့်နိုင်ငံအတွင်းမှာ အမျိုးသားအဆင့် ပညာရေးနဲ့ အရည်အချင်း သတ်မှတ်ချက် မူဘောင် (National Qualification Framework) ရှိဖို့ လိုတယ်။ ပညာရေးနဲ့ လေ့ကျင့်ရေးစနစ် (ကျောင်းတွင်းနဲ့ ကျောင်းပြင် အပါအဝင်) ဟာလည်း ရလဒ် အခြေပြု စနစ်ဖြစ်ဖို့ လိုလာပါတယ်။ ဒါမှလည်း အဆင့်အလိုက် တတ်ကျွမ်းမှု ရလဒ်ပိုင်းကို မှန်မှန် ကန်ကန် ထင်ဟပ်နိုင်မှာ ဖြစ်ပါတယ်။ ကိုယ်စားပြု ကိုးကားမှု ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
စိန်ခေါ်မှု တစ်ရပ်ကတော့ သမားရိုးကျ ပညာသင်ယူတဲ့ စနစ်နဲ့ ပညာရေးကနေ ရလဒ်အခြေပြု ပညာရေးဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ။ အပိတ်ပညာရေး (Close System) စနစ်ကနေ အဖွင့်ပညာရေး (Open system) စနစ် ဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ။ ပုံမှန် ကျောင်းပညာရေး လမ်းကြောင်းသာမက လုပ်ငန်းခွင်ကတစ်ဆင့် လေ့လာသင်ယူထားတဲ့ အရည်အချင်းတွေကိုပါ ဘယ်လို အသိအမှတ် ပြုကြမလဲဆိုတာပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ရင်ဆိုင် တွေ့ကြုံနေရတဲ့ ပညာရေးစနစ်ဟာ လုပ်ရည်ကိုင်ရည်နှင့် ရလဒ်အခြေပြုစနစ် မဟုတ်ဘူး။ အလွတ်မှတ်မိခြင်းကို အခြေခံတဲ့ အပိုင်း ပိုမိုများပြားတယ်။ ထင်ရှားပြီး တိုင်းတာရ လွယ်ကူတဲ့၊ ရှင်းလင်းပြတ်သားတဲ့ အဆင့်အလိုက် အရည်အချင်း အဓိပ္ပာယ် သတ်မှတ်ချက်တွေ၊ သိသာထင်ရှားစွာ မတွေ့ရဘူး။
တကယ်လို့ အာဆီယံ ဒေသတွင်း အရွေ့နဲ့ AQRF လို ကိစ္စမျိုးတွေမှာ လိုက်ပါနိုင်ဖို့ ဆိုရင် လက်ရှိ စနစ်ရဲ့ အနေအထားတွေ ပြုပြင်ဖို့ လိုလာပြီး လိုအပ်တဲ့ အခြေခံ အဆောက်အဦးတွေ ၊ အဖွဲ့အစည်းတွေ တည်ဆောက်ဖို့၊ ကျွမ်းကျင်သူလူသား အရင်းအမြစ်တွေကို မွေးမြူဖို့ လိုလာနေပါပြီ။ လက်ရှိလိုက်ပါ လုပ်ဆောင်မှု အရွေ့နှုန်းလောက်နဲ့တော့ မထိရောက်နိုင်လောက်ဘူး။ အရှိန်အဟုန်နဲ့ အားထည့် ဆောင်ရွက်ဖို့ လိုလာနေပြီ။
အထူးသဖြင့် နည်းပညာနဲ့ အသက်မွေးဝမ်းကြောင်း ပညာရေးနဲ့ တက္ကသိုလ် ပညာရေး စနစ်တွေမှာ သမားရိုးကျ ကျောင်းသင် ပုံစံလောက်နဲ့ သွားလို့ မရတော့ဘူး။ ရလဒ်အခြေပြု လုပ်ရည်ကိုင်ရည် အခြေပြု သင်ကြားရေးစနစ်တွေကို ကူးပြောင်းဖို့ လိုလာပါပြီ။ တဖက်မှာလည်း အခြေခံစဉ်းစားရမယ့် အချက်တွေအထဲက တစ်ချက်ဖြစ်တဲ့ ပညာရေး၊ လေ့ကျင့်ရေးဆိုင်ရာ လူသား အရင်းအမြစ် ကိစ္စဟာ အရေးကြီးလာပါတယ်။ ဆရာ ဆရာမများရဲ့ စွမ်းဆောင်ရည် မြင့်မားဖို့၊ လစာနဲ့ ဘဝအာမခံချက် သင့်တင့်ကောင်းမွန်တဲ့ အနေအထားရှိဖို့၊ ဝန်ထမ်းရေးရာ စီမံခန့်ခွဲ မှုနဲ့ မူဝါဒ ကောင်းမွန်ဖို့ဆိုတာတွေကို မြန်ဆန်စွာ အကောင်အထည်ဖော်ဖို့ဟာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။
(၆) ဒုတိယ လုပ်ငန်း ယန္တရား
ဒုတိယ လုပ်ငန်း ယန္တရားကတော့ အသက်မွေးဝမ်းကြောင်း ကျွမ်းကျင်မှုတွေကို အပြန်အလှန် အသိအမှတ်ပြုရေးနဲ့ လူသား အရင်းအမြစ်များ လွတ်လပ်စွာ စီးဆင်းရွေ့ပြောင်း အလုပ်လုပ်ကိုင်နိုင်ရေးစနစ်ကို တည်ထောင်ဖို့ ဖြစ်တယ်။
ဒါဟာ အာဆီယံမှာ ၂၀၀၄ ခုနှစ်ကတည်းက စတင်လာခဲ့တဲ့ အရွေ့ဖြစ်တယ်။ ဒီအပိုင်းမှာလည်း ပရော်ဖက်ရှင်နယ် အဆင့်နဲ့ ကျွမ်းကျင်လုပ်သား အဆင့် ဆိုပြီး (၂) ပိုင်း ရှိပါတယ်။ ဘယ်အပိုင်းမှာပဲဖြစ်ဖြစ် အပြန်အလှန် ရွေ့ပြောင်း စီးဆင်း အလုပ်လုပ်နိုင်ဖို့ဆိုတော့ မူဝါဒတွေ ရှိဖို့လိုတယ်။ လုပ်ထုံးလုပ်နည်းတွေ ရှိဖို့လိုတယ်။ ဒါ့အပြင် နှစ်နိုင်ငံ သဘောတူညီချက်တွေအပေါ်မှာလည်း အခြေခံရမှာ ဖြစ်တယ်။ အာဆီယံရဲ့ ဒီအပိုင်းမှာ ပါဝင် ပေါင်းစပ်နိုင်ဖို့အတွက် အမျိုးသားအဆင့်၊ နိုင်ငံအဆင့်မှာ ကိုယ်ပိုင်လုပ်ငန်းယန္တရား စနစ်ရှိဖို့ လိုတယ်။ ၂၀၀၄ - ၂၀၀၇ ခုနှစ် တစ်ဝိုက်လောက်က အနေအထားတွေအရတော့ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း အစရှိတဲ့ နိုင်ငံတွေမှာ ဒါနဲ့ သက်ဆိုင်တဲ့ အမျိုးသားအဆင့် လုပ်ငန်း ယန္တရား စနစ်ရှိပေမယ့် မြန်မာ၊ ကမ္ဘောဒီယား၊ လာအို၊ ဗီယက်နမ် စတဲ့ နိုင်ငံတွေမှာတော့ မရှိသေးဘူး။ ဒါကြောင့် အဲဒီအချိန်က အာဆီယံ အစည်းအဝေးတွေမှာ ဒီနိုင်ငံတွေကို ဒီလိုစနစ်၊ လုပ်ငန်းယန္တရားတွေ ရှိဖို့ တိုင်းပြည်တွင်းမှာ ဒါကိုအရင် တည်ထောင်ဖို့ တိုက်တွန်းခဲ့ကြတယ်။
အခုအချိန်မှာတော့ မြန်မာအပါအဝင် ဒီနိုင်ငံတွေလည်း အရွေ့တစ်ခုကို ရောက်အောင်သွားဖို့ ကြိုးစားနေကြပါပြီ။ ဒါပေမဲ့ အကြောင်းကြောင်းတွေကြောင့် နောက်မှာ ကျန်နေဆဲပါ။
(၇) စိန်ခေါ်မှုတွေ
အပေါ်မှာ ပြောခဲ့တဲ့ လွတ်လပ်စွာ အပြန်အလှန် ရွေ့ပြောင်း စီးဆင်း အလုပ်လုပ်ဖို့ အသက်မွေးဝမ်းကျောင်း ကျွမ်းကျင်မှုတွေကို အာဆီယံနိုင်ငံတွေကြား အပြန်အလှန် အသိအမှတ် ပြုနိုင်ဖို့ဆိုတာ အရင်းစစ်လိုက်လျှင် ပညာရေး လေ့ကျင့်ရေး စနစ်တွေဆီကို ပြန်ရောက်လာပါတယ်။ ထို့နည်းတူ လုပ်ငန်းခွင် လူ့စွမ်းအားရင်းမြစ် ဖွံ့ဖြိုးရေး လုပ်ငန်း ယန္တရားတွေေပေါ်ကို ပြန်ရောက်လာပြန်ပါတယ်။ သက်မွေးပညာရေး၊ လေ့ကျင့်ရေးစနစ်မှာ အခြေပြု သင်ကြားမယ့် ကျွမ်းကျင်မှု စံတွေ အဆင့်မီဖို့၊ ရည်ညွှန်ကိုးကားလောက်စရာ လောက်လောက် လားလား ဖြစ်ဖို့ စစ်ဆေး အကဲဖြတ်မှု စံနဲ့ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးမှုတွေ၊ အရည်အသွေး အာမခံချက်ရှိဖို့ ကိစ္စတွေဟာ ဒီနေရာမှာ စကားပြောလာပြီဖြစ်ပါတယ်။ ထိုနည်းတူ ကျောင်း စာသင်ကြားရေးစနစ် ကွက်ကွက်ကိုပဲ အသားပေး ပြောလို့ မရတော့ပဲ ကုမ္ပဏီလုပ်ငန်းခွင် လေ့ကျင့်သင်ကြားရေး စနစ်တွေပါ အကျုံးဝင်လာတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ခြုံပြီး ပြောရရင် မူဝါဒရေးရာ၊ ငွေကြေးရန်ပုံငွေ၊ ကောင်းမွန်တဲ့ မဟာဗျူဟာမြောက် စီမံချက်တွေကအစ လိုအပ်တဲ့ လူသားအရင်းအမြစ်တွေ ပြုစုပျိုးထောင်ရေး၊ လုပ်ငန်းယန္တရားနဲ့ လုပ်ထုံးလုပ်နည်းတွေ ကောင်းမွန်ပီပြင်ရေးအထိ၊ အမျိုးသားအဆင့် ပညာရေးနဲ့ အရည်အချင်း သတ်မှတ်ချက် မူဘောင်တွေ တည်ဆောက်မှုအဆုံး လုပ်စရာတွေများစွာ နဲ့ ဆက်သွားနေရဦးမယ်ဆိုတာကိုပဲ မြင်နေရကြောင်း ပြောချင်ပါတယ်။
ကိုကိုနိုင် (ရန်ကုန်စက်မှုတက္ကသိုလ်)
Myanmar TVET Development Journal အတွဲ (၁)၊ အမှတ် (၁) တွင် တင်ဆက်ထားသော ဆောင်းပါးအား ပြန်လည်ဖော်ပြလိုက်ပါသည်။





Comments