𝐓𝐎𝐓 ကို နားလည်ခြင်း
- VSB Myanmar

- Jul 15
- 6 min read
Updated: Jul 29
𝐓𝐎𝐓 ပုံစံများ
TOT ဟူသည် Training of Trainers ကို အတိုကောက် ခေါ်ဆို သုံးနှုန်းထားခြင်း ဖြစ်သည်။ သင်တန်းနည်းပြများ (Trainer) ကို သင်ပြပေးသည့်သင်တန်း (Training) အမျိုးအစား ဖြစ်သည်။ တချို့ကလည်း TTT (Training to Trainers) ဟု သုံးနှုန်းကြသည်။ သင်တန်းနည်းပြသင်တန်း ဟု ဆိုရပေမည်။ TOT သင်တန်းများကို လေ့လာကြည့်သော် ပုံစံအားဖြင့် ၂ မျိုး တွေ့ရသည်။ လက်ရှိ သင်ကြားနေကြသည့် သင်တန်းနည်းပြများကို နည်းပညာရပ်သစ်တစ်ခု၊ ဘာသာရပ်အသစ်တစ်ခုကို ပြန်လည်သင်ပြနိုင်ရန် သင်ပြပေးသည့် ဘာသာရပ်နည်းပြပုံစံ နှင့် သင်တန်းနည်းပြ မဖြစ်သေးသူများကိုလည်း ကျွမ်းကျင်သည့် သင်တန်းနည်းပြများ ဖြစ်လာစေရန် လေ့ကျင့်သင်ကြား ပေးသည့် သင်ကြားရေးနည်းပြပုံစံ တို့ဖြစ်သည်။ ထို့အပြင် သင်တန်းပို့ချလျက်ရှိသော်လည်း သင်ကြားရေး အတွေ့အကြုံ နည်းပါးသည့် သင်တန်းနည်းပြများကို သင်ကြားရေးဆိုင်ရာ နည်းစနစ်များ ထပ်မံပို့ချသည့် မွမ်းမံသင်တန်းပုံစံများလည်း ရှိသေးသည်။ နိုင်ငံတကာသင်ကြားရေး ပုံစံများတွင်မူ TOT သင်တန်းများကို သင်တန်းနည်းပြဖြစ်ရန် သင်ကြားရေးဆိုင်ရာ ပညာရပ်များကို သင်ပြပေးသည့် သင်တန်းအနေဖြင့်သာ တွေ့ရလေ့ရှိသည်။ TOT သည် သင်ကြားရေးနယ်ပယ်တွင် အသက်မွေးဝမ်းကြောင်းပြုမည့်သူများ မဖြစ်မနေတက်ရောက်ရမည့် သင်တန်းအမျိုးအစား ဖြစ်သည်။
𝐓𝐎𝐓 လိုအပ်ချက်
နိုင်ငံတကာတွင် သင်ကြားရေးဖြင့် အသက်မွေးမည့်သူသည် TOT သင်တန်းကို မဖြစ်မနေ တက်ရောက်ရသည်။ TOT ကိုပင် အဆင့်အမျိုးမျိုး ထပ်မံခွဲထားကာ သာမန်သင်ပြသူအဆင့်မှသည် သင်တန်းကျောင်း တည်ထောက်သူအဆင့် အထိ လိုအပ်ချက်တစ်ရပ်အနေဖြင့် ဥပဒေတွင် ပြဌာန်းထားသည်။ ထို့ကြောင့် သင်တန်းနည်းပြတစ်ဦး ဖြစ်ရန် မလွယ်ကူလှပေ။ မိမိ၏ သင်ပြခြင်းအပေါ် တာဝန်ယူမှု တာဝန်ခံမှု ရှိစေရန် ဥပဒေအရ စည်းကြပ်ထားခြင်း ဖြစ်သည်။ သင်ကြားမှုများကိုလည်း သင်ကြားရေးဆိုင်ရာ အဖွဲ့အစည်းများ (Training Institute) အနေဖြင့် လုပ်ဆောင်ကြလေ့ ရှိသည်။ တစ်ဦးတစ်ယောက် ပုံစံဖြင့် သင်တန်းဖွင့်လှစ်ခြင်းမျိုး မရှိသလောက် နည်းပါးလှသည်။ ပညာရေးစနစ် အားကောင်းသည့်အတွက် ထပ်မံသင်ယူမှုများ၊ စဉ်ဆက်မပြတ်သင်ယူမှုများကို ဆက်လက်လုပ်ဆောင်နိုင်ရန် အခိုင်အမာ ရှိထားသည့် ပညာရေးအဖွဲ့အစည်းများကသာ ဦးစီး ဦးဆောင်ပြုကာ ဆောင်ရွက်လျက်ရှိကြသည်။ ထို့ကြောင့် TOT သည် နိုင်ငံတကာတွင် သင်တန်းဆရာလုပ်မည့်သူများအတွက် အခြေခံလိုအပ်ချက်တစ်ရပ်အဖြစ် ပညာရေးဆိုင်ရာ အဖွဲ့များက ပို့ချသော သင်တန်း ဖြစ်ပါသည်။
𝐓𝐎𝐓 သင်ပြမည့် ဆရာများ
TOT သင်ပြမည့် နည်းပြဆရာများကို Master Trainer များ ဟု ခေါ်ဆိုလေ့ရှိကြသည်။ ထို Mater Trainer များသည် သင်ကြားရေးဆိုင်ရာ အတွေ့အကြုံများစွာ ရှိရန် လိုအပ်သည့်အပြင် သင်ကြားမည့် အကြောင်းအရာနှင့်ဆက်စပ်သည့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှု (Domain Knowledge) လည်းရှိရန် လိုအပ်သည်။ သင်ပြမည့် အကြောင်းအရာကို ဖြစ်စေ၊ သင်ပြရန် နည်းစနစ်ပိုင်းကို ဖြစ်စေ စာတွေ့၊ လက်တွေ့ ကျွမ်းကျင်ပိုင်နိုင်မှုရှိထားကြရမည်။ သို့မှသာ TOT သင်တန်းများကို ထိထိရောက်ရောက် သင်ကြားပို့ချနိုင်ပေမည်။ Mater Training များသည် သင်တန်း သင်ကြားမှုသာ လုပ်ရသည် မဟုတ်ဘဲ တက်ရောက်သူ သင်တန်းသာများအား လေ့လာအကဲဖြတ်မှုများ (Evaluation) နှင့် လိုအပ်ချက်များကို လမ်းညွှန်မှုများ (Guidance) ကိုပါ ပြုလုပ်ပေးရသည်။ သင်တန်းသားများ ပြင်ဆင်ထားသည့် သင်ရိုးများကို စစ်ဆေးမှု (Review) လုပ်ပေးရသည်။ သင်တန်းသားများက ပြန်လည် သင်ပြမှုပြုလုပ်ရာတွင် သတ်မှတ်ထားသော သင်တန်းပို့ချမှု အကြိမ်ရေ ပြီးမြောက်သည်အထိ အနီးကပ်သင်ပြမှု (Coaching) လုပ်ပေးရသည်။ ထို့ကြောင့် Master Trainer များ၏ တာဝန်သည် ရိုးရိုးသင်တန်းနည်းပြ တာဝန်ထက် များစွာပိုမိုသည်ကို တွေ့ရသည်။
𝐓𝐎𝐓 တက်ရောက်မည့် သင်တန်းသားများ
TOT သင်တန်းများကို ဖွင့်လှစ်ကြရာတွင် သင်တန်းသားဖက်မှ လိုအပ်ချက်များကို သင်တန်းတက်ရောက်နိုင်ခွင့် ကန့်သတ်ချက်များတွင် တိတိကျကျ ဖော်ပြထားရန် လိုအပ်သည်။ TOT သည် လူတိုင်းစာရင်းပေးကာ တက်ရောက်နိုင်သည့် သင်တန်းအမျိုးအစား မဟုတ်သည့်အတွက် သင်တန်းခေါ်ယူမှုပုံစံတွင် ထိုအကြိုလိုအပ်ချက်များ ကန့်သတ်ချက်များကို ဖော်ပြထားရသည်။ TOT သင်ကြားပေးခြင်း၏ အဓိက ရည်ရွယ်ချက်သည် ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချနိုင်ရန် ဖြစ်သည့်အတွက် အမှန်တကယ် သင်ကြားရေးကို စိတ်ပါဝင်စားသူ၊ သင်တန်းပြန်လည် ပို့ချမည့်သူများကိုသာ တက်ရောက်စေရမည် ဖြစ်သည်။ ထို့ကြောင့် TOT အတွက် သင်တန်းသားခေါ်ယူရာတွင် ကနဦး စစ်ဆေးမှုများ နှင့် လိုအပ်ပါက လူတွေ့အင်တာဗျူးများပါ ပြုလုပ်ရန် လိုအပ်သည်။
𝐓𝐎𝐓 သင်ကြားရေး ပုံစံ
TOT သင်ကြားရာတွင် လက်ရှိတွင် သင်တန်းနည်းပြကို ပို့ချရမည့် သင်တန်းဖြစ်ပါက သင်ပြရမည့် ဘာသာရပ်အကြောင်းအရာအပေါ်တွင် ပိုမိုအချိန်ပေးကာ သင်ပြနိုင်သည်။ သင်တန်းနည်းပြ မဖြစ်သေးသူများကို လေ့ကျင့် သင်ကြားပေးရသည့် သင်တန်းပုံစံဖြစ်ပါက သင်ကြားရေးဆိုင်ရာသဘောတရားများ၊ သင်ပြနည်းများကို အဓိက ထားကာ သင်ပြပေးရမည် ဖြစ်သည်။ မည်သည့် TOT သင်တန်းပင် ဖြစ်စေ သင်ပြပေးရမည့် အကြောင်းအရာများ (Training Contents) သည် သာမန် အသိပညာပေးအဆင့် (Awareness) ဖြင့်မရပါ။ အခြေခံ ဗဟုသုတ (Knowledge) များကို မျှဝေသည့် ပုံစံ သင်ကြားခြင်းဖြင့် မလုံလောက်ပါ။ အမှန်တကယ် တတ်ကျွမ်းမှု (Skill) နှင့် လက်တွေ့အသုံးချနိုင်မှု (Application) တို့ကို လုပ်ဆောင်နိုင်စေရန် သင်ကြားပေးရသည်။ သို့မှသာ သင်တန်းပြီးနောက် ဆင့်ပွားသင်တန်းများကို ပြန်လည်ပို့ချနိုင်မည် ဖြစ်သည်။ ထို့ကြောင့် TOT သင်တန်းများသည် သင်ကြားခြင်းထက် ဆွေးနွေးခြင်းပုံစံဖြင့် သင်ပြပေးကြလေ့ရှိသည်။ သင်ပြသူ နှင့် သင်တန်းသား ပုံစံသာမက သင်တန်းသားအချင်းချင်းပါ အပြန်အလှန် ပြန်လည်သင်ယူနိုင်သည့် စုပေါင်းသင်ယူခြင်း (Collective Learning) ပုံစံ၊ အလုပ်ရုံဆွေးနွေးပွဲ (Workshop) ပုံစံတို့ဖြင့် သင်ပြပေးကြလေ့ရှိသည်။ သို့မှသာ အရည်အချင်းပြည့်မှီသည့် ကျွမ်းကျင့်နည်းပြများ (Competent Trainers) ကို မွေးထုတ်ပေးနိုင်မည် ဖြစ်သည်။
𝐓𝐎𝐓 တွင် ပါဝင်ရမည့် လုပ်ငန်းစဉ်များ
TOT အစီအစဉ်တစ်ခုကို စနစ်တကျ အကောင်အထည်ဖော်နိုင်ရန် မဖြစ်မနေ ပါဝင်ရမည့် လုပ်ငန်းစဉ်များကို အမေရိကန် အခြေစိုက် ရောဂါထိန်းချုပ်ကာကွယ်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် (Centers for Disease Control and Prevention – CDC) ၏ TOT သင်ကြားရေးဆိုင်ရာ လမ်းညွှန်ချက်တွင် အောက်ပါအတိုင်း ဖော်ပြထားသည်။
ကနဦး စမ်းစစ်ချက် (Pre-Assessment)
တက်ရောက်မည့် သင်တန်းသားများ၏ သိရှိထားပြီးသော ဗဟုသုတများ၊ ကျွမ်းကျင့်မှုများ၊ စိတ်ဝင်စား သည့် အကြောင်းအရာများ ကြိုတင်သိရှိထားခြင်းဖြင့် သင်ကြားရေးကို ထိထိရောက်ရောက် ဆောင်ရွက် နိုင်စေရန် အတွက် ဖြစ်သည်။ သို့မှသာ သင်တန်းသားများ မသိသေးသည်များကို ပိုမိုရှင်းပြပေးနိုင်မည် ဖြစ်သည်။
ကနဦး လုပ်ဆောင်ချက် (Pre-work)
သင်တန်းမစတင်ခင် သိရှိထားသင့်သည့် အခြေခံဗဟုသုတနှင့် နောက်ခံအကြောင်းအရာများကို သင်တန်း သားများက ကြိုတင်လေ့လာထားနိုင်ရန် အတွက် ဖြစ်သည်။ သို့မှသာ သင်တန်းတွင် သင်ပြပေးမည့် အကြောင်းအရာများကို ရှင်းပြရာတွင် သင်တန်းသားများအကြား အခြေခံနားလည်မှု တူညီကြမည် ဖြစ်သည်။
သင်ယူခြင်းဆိုင်ရာ စည်းမျဉ်းများ (Learning Principles)
TOT သင်တန်းများသည် လူကြီးပိုင်းများကို ပြန်လည်သင်ပြပေးနိုင်ရန်သင်ကြားပေးသည့် သင်တန်း ဖြစ် သည့်အတွက် သင်တန်းသားများ၏ လိုအပ်ချက်ကို တုံ့ပြန်နိုင်ရန်၊ ထိရောက်သော သင်ယူနည်းစနစ်များကို ပံ့ပိုးနိုင်ရန်၊ လက်တွေ့ပြန်လည်အသုံးချတတ်ရန် သင်ယူခြင်းဆိုင်ရာ စည်းမျဉ်းများကို သင်ပြပေးရန် လိုအပ်သည်။ ဘာသာရပ်ဆိုင်ရာ အကြောင်းအရာများသာမက သင်ကြားရာတွင် ဥပမာပေးရမည့် ပုံစံများ၊ လက်တွေ့လုပ်ငန်းခွင်နှင့် ချိတ်ဆက်အသုံးပြုချနိုင်မည့် ပုံစံများကို သင်ပြပေးရန် လိုအပ်သည်။ သင်တန်းသားများသည် သင်တန်းပြီးနောက် ၎င်းတို့ကိုယ်တိုင် ဆက်လက်လေ့လာသင်ယူတတ်စေရန် သင်ပြပေးရသည်။ သို့မှသာ TOT သင်တန်းသားများသည် သင်တန်းပြန်လည်ပို့ချသည့်အခါ လာရောက်သင်ယူသည့် သင်တန်းသားများကို ထိရောက်စွာ သင်ပြပေးနိုင်မည် ဖြစ်သည်။
ကျွမ်းကျင်မှုကို လေ့ကျင့်ခြင်းနှင့် ဝေဖန် အကြံပြုခြင်း (Skill Practice and Feedback)
TOT သင်တန်းများတွင် သင်ကြားရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ ပြန်လည်သင်ပြရမည့် အကြောင်းအရာများကို သင်တန်းသားတစ်ဦးစီအား အတန်းရှေ့ထွက်ကာ အစမ်းသင်ပြခိုင်စေကာ ကျန်သင်တန်းသားများကို ဝေဖန်အကြံပြုခိုင်းရန် လိုအပ်သည်။ ထိုသို့ လေ့ကျင့်မှုများ လုပ်ဆောင်ခြင်း၊ ဝေဖန်အကြံပြုချက်များကို ပြန်လည်သုံးသပ် ပြုပြင်ခြင်းဖြင့် သင်တန်းသားများသည် သင်ကြားရေးဆိုင်ရာ အရည်အသွေးများ တိုးတက်လာနိုင်မည် ဖြစ်သည်။
လုပ်ဆောင်မည့် အစီအစဉ် ရေးဆွဲထားခြင်း (Action Planning)
သင်ကြားမှုကို စနစ်တကျ လုပ်ဆောင်ရာတွင် သင်ကြားမည့် အကြောင်းအရာနှင့် ဆက်စပ်သည့် သင်ကြားပုံနည်းစနစ်များနှင့် သင်ကြားရေးဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို အစီအစဉ် ရေးဆွဲထားရမည်။ ထိုအစီအစဉ်အတိုင်း ပြည့်မှီအောင် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ လိုအပ်ချက်များကို ပြုပြင်ခြင်း၊ ပိုမိုကောင်းမွန်သည့် အစီအစဉ်များ ရေးဆွဲခြင်းတို့ဖြင့် သင်တန်းသားများ၏ သင်ကြားရေးဆိုင်ရာ အရည်အသွေးကို မြှင့်တင်နိုင်မည် ဖြစ်သည်။
နောက်ဆက်တွဲလုပ်ငန်းစဉ်များဖြင့် ပံ့ပိုးပေးခြင်း (Planned Follow up Support)
TOT သင်တန်းများသည် သာမန်သင်တန်းများကဲ့သို့ သင်တန်းသင်ပြီးရုံဖြင့် သင်ကြားမှု ပြီးစီးသည်ဟု မဆိုနိုင်ပေ။ သင်တန်းသားများအား နောက်ဆက်တွဲလုပ်ငန်းစဉ်များဖြင့် ဆက်လက် ပံ့ပိုးပေးခြင်းကို မဖြစ်မနေ လုပ်ဆောင်ရသည်။ သင်တန်းတွင် သင်ပြခဲ့သော သင်ကြားရေးနည်းစနစ်များ မည်မျှပြန်လည်သင်ပြနိုင်သည်ကို လေ့လာသုံးသပ်ကာ လိုအပ်သော ပံ့ပိုးမှုများ လုပ်ဆောင်ပေးရသည်။ လိုအပ်သော မွမ်းမံသင်တန်းများကို ကာလအပိုင်းအခြား တစ်ခုတွင် ထပ်မံပို့ချပေးရသည်။ သတ်မှတ်သင်တန်းအကြိမ်ရေ ပြည့်မှီသည်အထိ Mater Trainer က စောင့်ကြည့်ခြင်း၊ အကြံပြုခြင်းတို့ကို ဆက်လက်ပြုလုပ်ပေးရသည်။
အထက်ဖော်ပြပါလုပ်ငန်းစဉ်များအရ TOT သင်ကြားခြင်း ပုံစံကို အောက်ပါအတိုင်း အကျဉ်းချုပ် နားလည်သဘောပေါက်နိုင်သည်။
သင်ကြားခြင်း (Train)
TOT သည် သင်တန်းနည်းပြများကို သင်ပြခြင်းဖြင့် ထိုသင်တန်းနည်းပြများမှ သင်တန်းသားများကို ပြန်လည်သင်ပြပေးနိုင်ရန် ဖြစ်သည်။
လမ်းညွှန်ခြင်း (Direct)
TOT သည် အသေးစိတ်အချက်အလက်များကို သင်ကြားခြင်းမျိုး မဟုတ်ဘဲ ကိုယ်တိုင် လေ့လာ သင်ယူနိုင်စေရန် လိုအပ်သော အချက်အလက်များ၊ နည်းပညာရင်းမြစ်များကို လမ်းညွှန်ပေးခြင်း ဖြစ်သည်။
ဦးဆောင်ခြင်း (Lead)
TOT တွင် သင်ယူခြင်းကို အထောက်အပံ့ ဖြစ်စေရန်အတွက် ဆွေးနွေးခြင်းပုံစံဖြင့် သင်ပြရသဖြင့် သင်ပြမည့် Master Trainer က ထိုဆွေးနွေးမှုများကို ဦးဆောင်ပေးရသည်။
နားထောင်ခြင်း (Listen)
TOT တွင် သင်ပြသူ ဆွေးနွေးသည့်အချက်အလက်များနှင့် သင်ယူသူများအချင်ချင်း ဆွေးနွေးသည့်အချက်အလက်များကို နားထောင်ရန် လိုအပ်သည်။ ထိုသို့ နားထောင်ခြင်းဖြင့် သင်ယူသူများ၏ လိုအပ်ချက်များကို တုံ့ပြန် ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။
စောင့်ကြည့်ခြင်း (Observe)
သင်ယူသူများ၏ သင်ကြားခြင်းပုံစံများ၊ လက်တွေ့လေ့ကျင့်မှုများကို သေချာ စောင့်ကြည့်ရမည်။ သို့မှသာ လိုအပ်ချက်များကို ထိထိရောက်ရောက် ပြုပြင်ပေးနိုင်မည် ဖြစ်သည်။
ထောက်ပံ့ခြင်း (Support)
TOT သည် သင်တန်းကို အောင်မြင်စွာ သင်ယူ ပြီးစီးနိုင်ရန်၊ လိုအပ်သော သင်တန်းများကို ဆက်လက် သင်ယူနိုင်ရန်၊ နောက်ဆက်တွဲ လုပ်ငန်းစဉ်များကို လုပ်ဆောင်နိုင်ရန် သင်တန်းသားများအတွက် လိုအပ်သည့် ထောက်ပံ့မှုများကို ပံ့ပိုးပေးရန် လိုအပ်သည်။
𝐓𝐎𝐓 ၏ ရည်ရွယ်ချက်နှင့် ပန်းတိုင်
TOT ပုံစံဖြင့် သင်တန်းများ ပို့ချခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ကျွမ်းကျင်သည့် သင်တန်းနည်းပြများ မွေးထုတ်ပေးနိုင်ရန် ဖြစ်သည်။ TOT ၏ ပန်းတိုင်သည် ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချပေးခြင်းဖြင့် သက်ဆိုင်ရာ ဘာသာရပ်တစ်ခု၊ နည်းပညာတစ်ရပ် လူအများစုဆီ လျှင်မြန်စွာ ရောက်ရှိစေနိုင်ရန်အတွက် ဖြစ်သည်။ ပြန်လည်သင်ပြရမည့် ဘာသာရပ်နယ်ပယ် နှင့် အသုံးချရမည့် စျေးကွက် အနေအထားပေါ် မူတည်၍ လိုအပ်သည့် သင်တန်းနည်းပြ အရေအတွက်မှာ ကွဲပြားမှုရှိနိုင်သည်။ သို့သော် အဓိကကျသည့် အချက်မှာ ပြန်လည်သင်ပြနိုင်ခြင်း ဖြစ်သည်။ သင်ယူသူ သင်တန်းသားများသည် ပြန်လည်သင်ကြားခြင်းမရှိပါက TOT ၏ ရည်မှန်းချက် မပြည့်မီနိုင်ပါ။ TOT သင်ယူသူများသည် ပြန်လည်သင်ပြရန် ရည်ရွယ်ထားသူများသာ ဖြစ်သင့်သည်။ ထို့ကြောင့် TOT ၏ ရည်ရွယ်ချက်နှင့် ပန်းတိုင်ကို ပြည့်မီ စေရန် သင်တန်းသားခေါ်ယူစဉ်ကတည်းကပင် သေချာစီစစ်ရွေးချယ်မှု ပြုရန် လိုအပ်သည်။
မြန်မာနိုင်ငံ၏ လက်ရှိ 𝐓𝐎𝐓 အခင်းအကျင်း
လက်ရှိ မြန်မာနိုင်ငံတွင် ဖွင့်လှစ်လျက်ရှိသည့် သင်တန်းကျောင်းများသည် မည်သည့် ဥပဒေအောက်တွင်မှ စည်းကြပ်မှု မရှိသေးပါ။ ထိုသင်တန်းကျောင်းများတွင် သင်ကြားလျက်ရှိကြသော သင်တန်းဆရာများအတွက်လည်း မည်သည့် ကန့်သတ်ချက်များကိုမှ ဥပဒေအရ သတ်မှတ်ထားခြင်း မရှိသေးပါ။ ပညာရေး ဝန်ကြီးဌာနလက်အောက်ရှိ အခြေခံပညာ၊ အဆင့်မြင့်ပညာနှင့် သက်မွေးပညာ ကျောင်းများတွင် သင်ပြရမည့် ဆရာ ဆရာမများ၊ နည်းပြများအတွက်သာ TOT များ၊ မွမ်းမံသင်တန်းများ ရှိပေသည်။ ပြင်ပ သင်တန်းကျောင်းများအတွက် နိုင်ငံတကာရှိ သင်တန်းကျောင်းများကဲ့သို့ သင်တန်းဆရာအဖြစ် လုပ်ကိုင်ရန် TOT ရှိရမည့် လိုအပ်ချက် မရှိသေးသဖြင့် TOT ကို သီးခြား သင်ကြားပေးသည့် သင်တန်းကျောင်းလည်း မရှိသေး ဟု ထင်မှတ်ရသည်။ ထို့ကြောင့် လက်ရှိ သင်တန်းကျောင်းများသည် စည်ပင်လိုင်စင်၊ ကုမ္ပဏီလိုင်စင်တို့သာ ရှိကြသည်။ သင်ပြသောဆရာများသည်လည်း ၎င်းတို့၏ သင်ကြားမှု အတွေ့အကြုံ၊ လုပ်ငန်းဆိုင်ရာ အတွေ့အကြုံများကိုသာ အခြေခံ၍ သင်ရိုးများရေးဆွဲကြကာ သင်ကြားနေကြခြင်း ဖြစ်သည်။
ပညာရေးစနစ်အားနည်းမှုကြောင့် တက္ကသိုလ်ပြီးသည့်တိုင် လုပ်ငန်းခွင်အတွက် အဆင်သင့် မဖြစ်သေးကြသဖြင့် အလုပ်အတွက် လိုအပ်သော သင်တန်းများကို ထပ်မံတက်ရောက်ကြရသဖြင့် သင်တန်းစျေးကွက် ကြီးမားလာခဲ့သည်။ ကြော်ငြာများဖြင့် သင်တန်းသားများအား အပြိုင်အဆိုင် ဆွဲဆောင်ကြတော့သည်။ တာဝန်ယူမှု တာဝန်ခံမှုပိုင်းအတွက် မည်သည့် အာမခံချက်မှ မရှိပေ။ ရောင်းသူ ဝယ်သူ အဆင်ပြေသ၍ ပြသနာမရှိနိုင်သော်လည်း မတန်တဆ စျေးကြီးပေးတက်ရပြီး မျှော်မှန်းသည့် အတိုင်း မဖြစ်လာသော်အခါ သင်တန်းကျောင်းများ နာမည်ပျက်လာတော့သည်။ သင်တန်းသားများဖက်မှ မကျေနပ်မှု ရှိပါက ကာကွယ်ပေးနိုင်မည့် ဥပဒေမရှိသဖြင့် အများစုသည် ဖေ့ဘုတ်ပေါ်တွင်သာ တက်ရေးကြသည်ကို တွေ့ရသည်။ ကျင့်ဝတ်ပိုင်းဆိုင်ရာ ပြသနာများ၊ လူမှုအရေးအရှုပ်အရှင်းများကိုလည်း မကြာခဏ ကြားသိရသည်။ ထိုပြသနာများ၏ အရင်းခံသည် ဥပဒေ စည်းကြပ်မှုမရှိခြင်း၊ TOT ကို အခြေခံလိုအပ်ချက်အဖြစ် မသတ်မှတ်ထားခြင်းတို့ကြောင့်ဟု ထင်မိသည်။
𝐍𝐆𝐎 တို့၏ 𝐓𝐎𝐓
TOT ဆိုသော စကားရပ်ကို တွင်တွင်သုံးကြသည်မှာ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ INGOs/ NGOs တွင် ဖြစ်သည်။ NGO များသည် နယ်ပယ်အသီးသီးတို့တွင် နိုင်ငံတကာ အထောက်အပံ့များ ပံ့ပိုးပေးကြသည်။ အထူးသဖြင့် နည်းပညာရပ်ပိုင်းတွင် ပံ့ပိုးပေးကြရာတွင် သင်တန်းပို့ချခြင်းသည် အဓိက လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည်။ အစောပိုင်းကာလများတွင် သင်တန်းများကို နိုင်ငံခြားသား သင်တန်းနည်းပြများမှ လာရောက်ပို့ချပေးပြီး ဘာသာပြန်များဖြင့် သင်ပြပေးခဲ့သည်။ ထိရောက်မှု အားနည်းသည့်အတွက် နောက်ပိုင်းတွင် ပြည်တွင်းမှ ကျွမ်းကျင်သူများကို ငှားရမ်းပြီး သင်တန်းများ ပို့ချပေးသည်။ ထို သင်တန်းများကို ထိထိရောက်ရောက် ပို့ချနိုင်ရန် TOT ပုံစံကို ကျင့်သုံးရသည်။ ကနဦး TOT program များသည် သင်ကြားမည့်သူကို စနစ်တကျရွေးချယ်ခြင်း၊ သင်ယူမည့်သင်တန်းသားများကို စီစစ်ရွေးချယ်ခြင်း၊ နောက်ဆက်တွဲ ဆင့်ပွားသင်တန်းများ ပို့ချနိုင်ရန် ကူညီပံ့ပိုးပေးခြင်း တို့ကြောင့် အထိုက်အလျောက် အောင်မြင်ခဲ့ကြသည်။
နောက်ပိုင်းတွင် ဘတ်ဂျတ်အကန့်အသတ်များနှင့် ကိုဗစ်ကပ်ဘေးကြောင့် အွန်လိုင်းမှ သင်ကြားပို့ချရခြင်း စသည့် အခက်အခဲများကြောင့် TOT program များကို ထိထိရောက်ရောက် စီစဉ်နိုင်ခြင်း မရှိတော့သည်ကို တွေ့မြင်ရသည်။ ထို့အပြင် NGO များက ပို့ချသော TOT အပေါ် တက်ရောက်သူများဖက်မှ နားလည်မှု လွဲမှားနေသည်ကိုလည်း တွေ့ရသည်။ NGO များ၏ TOT သင်တန်းများသည် သင်ကြားပြသသည့် အကြောင်းအရာ ပညာရပ်များကို မိတ်ဆက်သဘောဖြင့်သာ သင်ပြပေးခြင်း ဖြစ်သည်။ မည်သို့မည်ပုံ သင်ကြားရမည်ကို နည်းလမ်းပေးခြင်းသာဖြစ်၏ နည်းပညာရပ်ကို ထဲထဲဝင်ဝင် အသေးစိတ် သင်ပြပေးခြင်း မဟုတ်ပေ။ NGO များ၏ ပံ့ပိုးကူညီခြင်းများသည် လူသားချင်းဆိုင်ရာ စာနာမှုအရ ကူညီခြင်းများဖြစ်သည့်အတွက် ပို့ချပေးသော သင်တန်းအကြောင်းအရာများသည် လူသားဆိုင်ရာ လိုအပ်ချက်များ၊ လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်များ ဖြစ်သည်။ ဥပမာအားဖြင့် ကိုဗစ်ကာလတွင် ကိုဗစ်ပညာပေး သင်တန်းများ၊ လုပ်ငန်းခွင်တွင် ဘေးကင်းကြစေရန် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ သင်တန်းများ၊ အစားအသောက် အန္တရာယ်ကင်းရှင်းရေး သင်တန်းများ၊ လုပ်သားအခွင့်အရေးဆိုင်ရာ သင်တန်းများ၊ လုပ်ငန်းခွင်တွင် လိုအပ်သည့် အရည်အသွေး၊ ထုတ်လုပ်မှုနည်းနစ် စသည့် သင်တန်းများ ဖြစ်ကြသည်။ ထိုသင်တန်းများ တက်ရောက်ပြီးစီးရုံဖြင့် ထိုအကြောင်းအများကို အသေးစိတ် သိရှိကျွမ်းကျင်နိုင်မည် မဟုတ်ပါ။ သို့သော် ထိုသင်တန်းများသည် လူတိုင်းသိသင့်သိထိုက်သည့် အကြောင်းအရာများ ဖြစ်သည့်အတွက် လူထုအကြား ကျယ်ကျယ်ပြန့်ပြန့် သင်ပြပေးနိုင်ရန် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ လူမှု အဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ စက်ရုံအလုပ်ရုံများ နှင့် ချိတ်ဆက်၍ TOT သင်တန်းများ ပေးကာ ထိုသင်တန်းဆင်းများမှ တဆင့် ထပ်မံ သင်ပြပေးရန် ရည်ရွယ်ချက်ဖြင့် စီစဉ်လုပ်ကိုင်ကြသည်။
မိမိအား ထို Program အတွက် ကိုယ်စားလှယ်ထားကာ ဖြန့်ဝေသည့် Advocacy သဘော၊ Promotion သဘောဖြစ်သည်။ ထိုသင်တန်းအများစုသည် အခမဲ့သာ ဖြစ်သည်။ ထို့အပြင် နေ့စားစရိတ်ပေးခြင်း၊ အစားအသောက်အကျွေးအမွေးဖြင့် ဧည့်ခံခြင်း၊ အွန်လိုင်းသင်တန်းများအတွက် ဖုန်းဒေတာဖိုး ထည့်သွင်းပေးခြင်း၊ အောင်လက်မှတ်များကို အဖွဲ့အစည်းတံဆိပ်ဖြင့် ပေးအပ်ခြင်း စသည့် ပံ့ပိုးမှုများပါဝင်သည်။ ထို့ကြောင့် လူအများစုသည် ထိုသင်တန်းများကို ဗဟုသုတအနေဖြင့် ဆည်းပူးရန်၊ လက်မှတ်များ ရယူရန်၊ နေ့စားစာရိတ်ရရှိရန် ရည်ရွယ်ချက်များဖြင့် တက်ရောက်လာကြသည်ကို တွေ့လာရသည်။ TOT ၏ အဓိက ရည်ရွယ်ချက်ဖြစ်သော ပြန်လည်သင်ကြားပို့ချခြင်းကို ဆက်လက်ပြုလုပ်ကြခြင်း မရှိကြပေ။ ထို့ကြောင့် ယခုနောက်ပိုင်း တချို့သော NGO များ မှ ဖွင့်လှစ်သော TOT များသည် သင်တန်းပြီးနောက် ထိုသင်တန်းကို အခကြေးငွေဖြင့် စီးပွားဖြစ် ပြန်လည်ပို့ချခွင့် ပြုခြင်းဖြင့် ဆင့်ပွားသင်တန်းများပို့ချဖြစ်စေရန် အခြေအနေပေးခြင်းခံလာရသည်။
TOT သင်တန်းတက်ရောက်ပြီး ပြန်လည်သင်ပြရန် သင်ရိုးများကိုပါ သင်တန်းသားများအား ပေး၍ ဆင့်ပွားသင်တန်းဖွင့်ကာ သင်တန်းသားများ ထပ်မံမွေးထုတ်ရန် ရည်ရွယ်လာကြသည်။ ယခင်က ဆင့်ပွားသင်တန်းများကို ထိုအဖွဲ့အစည်းများက စီစဉ်လေ့ရှိရာမှ သင်တန်းသားများကို ကိုယ့်ဖာသာ ပြန်လည်စီစဉ်ခိုင်းခြင်းဖြင့် ကုန်ကျစရိတ်ကို လျော့ချနိုင်ရန် ဖြစ်ပေလိမ့်မည်။ သို့အတွက်သာ သင်တန်းသားများကို ဆင့်ပွားသင်တန်းဖွင့်လှစ်ရာတွင် မိမိဖာသာ သင်တန်းကြေး သတ်မှတ်ခွင့် ထားပေးခဲ့ခြင်း ဖြစ်သည်။ ထို လုပ်ဆောင်မှုသည် အပြင်ပန်းအားဖြင့် မျှတဆီလျော်သည့် သူမနာ ကိုယ်မနာ (Win Win) ပုံစံဟု ထင်ရသော်လည်း ထို TOT သင်တန်းများအတွက် သင်တန်းသားခေါ်ယူသည့် စနစ်များ၊ သင်ရိုးများ၊ သင်ပြပုံများ၊ သင်တန်းပြီးနောက် လုပ်ဆောင်ဖွယ်ရာများတွင် အရည်အသွေးပိုင်းကို စည်းကြပ်မှု ဘာမှ မလုပ်ထားသဖြင့် ထို TOT သင်တန်းများသည်လည်းကောင်း၊ ထိုသင်တန်းသားများက ထပ်မံပို့ချသည့် TOT သင်တန်းများသည် လည်းကောင်း အရည်အသွေးပိုင်းတွင် ပြောစရာများ ဖြစ်လာလေသည်။ TOT ၏ စံနှုန်း သွေဖီလာသည် ဟု ဆိုရပေမည်။ ထိုအခင်းအကျင်းအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ မန်နေဂျာများ (Program Managers) တွင် အဓိက တာဝန်ရှိသည်ဟု ထင်ပါသည်။ ထောက်ပံ့ကူညီရေးဆိုင်ရာ အစီအစဉ်တစ်ရပ် ရေးဆွဲရာတွင် အကျိုးရှိ ထိရောက်မှု ရှိစေရန် လုပ်ဆောင်ကြသင့်သည်။ ဒေတာရရုံ၊ အရေအတွက် ပြည့်မီရုံ အတွက် ဟန်ပြလုပ်ဆောင်ခြင်းမျိုး မဖြစ်သင့်ပေ။ ထို လုပ်ဆောင်ချက်များကြောင့် လက်ရှိ ဖရိုဖရဲ ဖြစ်နေသေးသည် သင်ကြားရေး စျေးကွက်ကို ပိုမိုဆိုးရွားသွားစေနိုင်သည် ဟု မြင်မိသည်။
လက်ရှိတွင် TOT ဟု အမည်တပ်ထားသော သင်တန်းများသည် သင်ပြသည့် အကြောင်းအရာအားဖြင့် ယေဘုယျ အချက်အလက်များသာ ပါဝင်ပြီး စျေးကွက်တွင် ဝန်ဆောင်ပေးနိုင်ရန် လုံလောက်မှု မရှိပါ။ သင်တန်းပြီးနောက် မိမိ၏ လုပ်ငန်းခွင်ဆိုင်ရာအတွေ့အကြုံများ၊ ဆက်လက်လေ့လာသင်ယူမှုများဖြင့် ပေါင်းစပ်နိုင်မှသာ မိမိထံမှ ဝန်ဆောင်မှုယူသူ (Client) ကို ထိထိရောက်ရောက် ကူညီပေးနိုင်မည် ဖြစ်သည်။ သင်ကြားခြင်း သင်ယူခြင်း လုပ်ငန်းစဉ်တိုင်းသည် လက်တွေ့အသုံးချနိုင်ရန်၊ လုပ်ငန်းခွင်ရှိသူများကို အကူညီပေးနိုင်ရန် ဖြစ်ဖို့ မမေ့အပ်ပေ။ INGO အဖွဲ့အစည်းက ပေးသည့် TOT သင်တန်းများသည် သင်တန်းဆင်းလက်မှတ်ကို ရယူရန် မဟုတ်ပေ။ သို့သော် လက်ရှိ TOT သင်တန်းပြီးဆုံးသူများမှ ပြန်လည်ဖွင့်လှစ်နေကြသော ဆင့်ပွား သင်တန်းများတွင် တွေ့ရသည်မှာ နိုင်ငံတကာ လက်မှတ်ရရှိမည် ဟူသော ဆွဲဆောင်မှုဖြင့် သင်တန်းသားရှာဖွေ၍ သင်တန်းများ ဖွင့်လှစ်နေကြလေသည်။ နိုင်ငံတကာ အဖွဲ့အစည်းက ပေးသော လက်မှတ်နှင့် နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ် မတူညီပေ။ စျေးကွက်လိုအပ်ချက်အရ လုပ်ငန်းခွင်များကို ဝန်ဆောင်နိုင်မှသာ စျေးကွက်က အသိအမှတ်ပြုသည့် လက်မှတ်များအဖြစ် အရည်အသွေးမြှင့်တင်နိုင်မည် ဖြစ်သည်။
𝐓𝐎𝐓 အနာဂတ်
နောင်အနာဂတ်တွင် သင်ကြားမှုဆိုင်ရာ အရည်အသွေးမြှင့်တင်နိုင်ရန် ဘာသာရပ်နယ်ပယ်အလိုက် TOT သင်တန်းများ များစွာ ပေါ်ထွန်းလာစေချင်သည်။ သင်ကြားမှုဖြင့် အသက်မွေးမည့်သူတိုင်း မဖြစ်မနေ တက်ရောက်သင့်သည့် TOT သင်တန်းများ ရှိလာစေချင်သည်။ သင်တန်းများ၏ အရည်အသွေး နှင့် သင်ယူသူများ နစ်နာမှုမရှိစေရန် ပြင်ပ သင်ကြားရေးဆိုင်ရာ ဥပဒေများဖြင့် စည်းကြပ်စေချင်သည်။ နိုင်ငံတကာ အဖွဲ့အစည်းများကလည်း အရေအတွက်ထက် အရည်အသွေးကို ဦးတည်သည့် အစီအစဉ်များကို ရေးဆွဲထောက်ပံ့ကြစေချင်သည်။ မိမိအဖွဲ့အစည်း တံဆိပ်ဖြင့် ပေးအပ်သော လက်မှတ်ဟူသမျှကို ပေါ့ပေါ့တန်တန်သဘောမထားဘဲ တာဝန်ယူမှု အပြည့်အဝဖြင့် စည်းကြပ်သင့်သည်။ ပုဂ္ဂလိက သင်တန်းကျောင်းများအနေဖြင့်လည်း သင်တန်းသား ရရှိရေးအတွက် အလွန်အကြူး ကြော်ငြာခြင်း၊ မည်သည့်နိုင်ငံကမှ အသိအမှတ်မပြုသည့် လက်မှတ်များကို နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်သဖွယ် ကြော်ငြာခြင်း၊ ပြည်ပ အလုပ်အကိုင် ရရှိမည် အာမခံခြင်း စသည့် ကျင့်ဝတ်မညီသင့် လုပ်ဆောင်ချက်မျိုးကို မိမိအသိတရားဖြင့်သာ ရှောင်ကျဉ်သင့်သည်။ သင်တန်းသားများအနေဖြင့် သင်တန်းအမျိုးမျိုးကို အချိန်ပေးတက်ရောက်ကာ လက်မှတ်စုကြမည့်အစား မိမိစိတ်ဝင်စားသည့် ပညာရပ်တစ်ခုကို ထဲထဲဝင်ဝင် သိရှိနားလည်အောင် ကိုယ်တိုင်လေ့လာနိုင်စွမ်း ရှိကြစေချင်သည်။ စဉ်ဆက်မပြတ် သင်ယူခြင်း (Life Long Learning) ကို သင်တန်းများမှသာမက နည်းပညာခေတ်တွင် YouTube၊ Google၊ Website စသည်တို့မှ တဆင့် အွန်လိုင်းသင်ယူမှုများစွာကို ထိထိရောက်ရောက် လုပ်ဆောင်ကြသင့်သည်။ နိဂုံးချုပ်အားဖြင့် မိမိ သိထားသမျှ အသိပညာ အတတ်ပညာ ဟူသမျှသည် မိမိဘဝတိုးတက်ရေးအတွက် အသုံးချရန်၊ တပါးသူ၏ အခက်အခဲများကို ကူညီပေးနိုင်ရန်၊ လူ့အဖွဲ့အစည်းအား အကျိုးပြုရန် ဖြစ်သည်ကို သတိချပ်စေချင်ပါသည်။
ဟန်မျိုးနောင်(WSH)
Myanmar TVET Development Journal အတွဲ (၁)၊ အမှတ် (၂) တွင် တင်ဆက်ထားသော ဆောင်းပါးအား ပြန်လည်ဖော်ပြလိုက်ပါသည်။







Comments