အပိုင်း(၁)။ သင်ကြားရေး စိတ်ပညာ မိတ်ဆက် (Introduction to Teaching Psychology)
- VSB Myanmar

- Mar 9
- 1 min read
သင်ကြားရေး စိတ်ပညာ (Educational Psychology) သည် စိတ်ပညာ ဘာသာရပ်၏ အရေးပါသော နယ်ပယ်ခွဲ တစ်ခုဖြစ်ပြီး၊ လူတို့၏သင်ယူပုံ၊ သင်ကြားပုံနှင့် ဖွံ့ဖြိုးတိုးတက်ပုံတို့ကို သိပ္ပံနည်းကျ လေ့လာသော ဘာသာရပ်ဖြစ်သည်။ ဤဆောင်းပါးတွင် သင်ကြားရေး စိတ်ပညာ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ၎င်း၏ အရေးပါပုံနှင့် နယ်ပယ် အကျဉ်းချုပ်တို့ကို ဖော်ပြသွားပါမည်။
၁။ သင်ကြားရေး စိတ်ပညာဆိုသည်မှာ အဘယ်နည်း။ (What is Teaching Psychology?)
သင်ကြားရေး စိတ်ပညာသည် သင်ယူမှုနှင့် သင်ကြားမှု လုပ်ငန်းစဉ်များကို စိတ်ပညာရှုထောင့်မှနေ၍ လေ့လာသော ဘာသာရပ်ဖြစ်သည်။ သင်ယူသူ၏ စိတ်ပိုင်းဆိုင်ရာ၊ သိမြင်မှုဆိုင်ရာ၊ စိတ်ခံစားမှုဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများက သင်ယူမှုအပေါ် မည်သို့လွှမ်းမိုးသက်ရောက်နေသည်ကို စူးစမ်းလေ့လာထားခြင်းဖြစ်သည်။ ထို့ပြင် သင်ကြားသူများအနေဖြင့် ထိရောက်သော သင်ကြားမှု နည်းလမ်းများ၊ သင်ယူမှု ပတ်ဝန်းကျင်ကို ဖန်တီးခြင်းများနှင့် သင်ယူသူများကို စိတ်အားထက်သန်လာစေရန် လှုံ့ဆော်မှုများ ပြုလုပ်ရာတွင် စိတ်ပညာဆိုင်ရာ နိယာမများကို မည်သို့ အသုံးချနိုင်သည်တို့ကိုလည်း လေ့လာနိုင်၏။
ဆိုရသော် သင်ကြားရေး စိတ်ပညာသည် "လူတစ်ဦးတစ်ယောက်ချင်းစီ (သို့မဟုတ် အစုအဖွဲ့အနေဖြင့်) မည်သို့ သင်ယူကြသနည်း" ဆိုသောမေးခွန်း နှင့် "သင်ကြားသူ နည်းပြဆရာများက သင်ယူမှု လုပ်ငန်းစဉ်ကို မည်သို့ အထောက်အကူပြုနိုင်သနည်း" ဟူသော မေးခွန်းများကို အဓိကထား ဖြေကြားပေးသည့် ဘာသာရပ်ဖြစ်သည်။
၂။ သင်ကြားရေးစိတ်ပညာ၏ အရေးပါပုံနှင့် နယ်ပယ် (Its Importance and Scope)
သင်ကြားရေး စိတ်ပညာ၏ အရေးပါမှုသည် ခေတ်မီပညာရေး စနစ်ကို ပုံဖော်ရာတွင် အလွန်အရေးကြီး၏။ ၎င်းသည် သင်ကြားသူများ (ဆရာ၊ ဆရာမများ) ကို အောက်ပါ ကဏ္ဍများ၌ အထောက်အကူပြုလေ့ရှိသည်-
သင်ယူသူကို နားလည်စေခြင်း (Understanding Learners)
သင်ယူသူတစ်ဦးချင်းစီ၏ အသက်အရွယ်၊ ဖွံ့ဖြိုးတိုးတက်မှုအဆင့်၊ သင်ယူမှုပုံစံ၊ စွမ်းရည်များနှင့် စိတ်ခံစားမှုများကို နားလည်စေခြင်းဖြင့် သင်ကြားမှုကို ပိုမိုသင့်လျော်အောင် ပြင်ဆင်နိုင်စွမ်းရှိသည်။
ထိရောက်သော သင်ကြားမှု နည်းလမ်းများ (Effective Teaching Methods)
သင်ယူမှု သီအိုရီများနှင့် စိတ်ပညာဆိုင်ရာ နိယာမသဘောတရားများကို အခြေခံ၍ သင်ကြားမှု နည်းလမ်းများကို ဆီလျှော်အောင် ရွေးချယ်နိုင်ခြင်း၊ သင်ခန်းစာများကို စနစ်တကျ ပြင်ဆင်နိုင်ခြင်းနှင့် သင်ယူသူများအတွက် သင်ယူမှုအတွေ့အကြုံကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ဖန်တီးပေးနိုင်ခြင်း။
အတန်းစီမံခန့်ခွဲမှု (Classroom Management)
ကျောင်းသားများ၏ အပြုအမူကို ပိုမိုနားလည်စေပြီး ထိရောက်သော အတန်းစီမံ ထိန်းသိမ်းမှုနည်းလမ်းများကို အသုံးပြုနိုင်ခြင်း၊ သင်ယူမှုအတွက် အထောက်အကူပြုသော ပတ်ဝန်းကျင်ကောင်းကို ဖန်တီးနိုင်ခြင်း။
လှုံ့ဆော်မှု (Motivation)
သင်ယူသူများ၏ သင်ယူလိုစိတ်ကို နားလည်ေစပြီး အတွင်းနှင့် ပြင်ပ လှုံ့ဆော်မှု Intrinsic and Extrinsic Motivation များကို ထိရောက်စွာ အသုံးပြုကာ သင်ယူမှု အပေါ် စိတ်ဝင်စားမှု တိုးပွားအောင် လုပ်ဆောင်နိုင်စေခြင်း။
အကဲဖြတ်ခြင်း (Assessment)
သင်ယူသူများ၏ တိုးတက်မှုကို မှန်ကန်စွာ အကဲဖြတ်နိုင်ရန် စိတ်ပညာဆိုင်ရာ အခြေခံမူများ သဘောတရားများ ကို အသုံးပြုနိုင်ခြင်း။
သင်ကြားရေး စိတ်ပညာ၏ နယ်ပယ်မှာ အလွန်ကျယ်ပြန့်ပါသည်။ ကလေးစိတ်ပညာ (Child Psychology)၊ ဖွံ့ဖြိုးမှု စိတ်ပညာ (Developmental Psychology)၊ သိမြင်မှု စိတ်ပညာ (Cognitive Psychology)၊ လူမှုရေး စိတ်ပညာ (Social Psychology) နှင့် အကဲဖြတ်ခြင်း (Assessment) စသည့် ဘာသာရပ်သဘောတရားများမှ အသိပညာများကို ပေါင်းစပ်အသုံးပြုနိုင်ရန်လည်းလိုအပ်သည်။ ပညာရေးလေးကျင့်ရေးဆိုင်ရာ မူဝါဒ ချမှတ်ခြင်းမှစ၍ ကျောင်းသားတစ်ဦးချင်းစီကို ကူညီပံ့ပိုးပေးခြင်းအထိ ကဏ္ဍများစွာတွင် အသုံးဝင်သည့် သဘောတရားနယ်ပယ် တစ်ခုဖြစ်ပါသည်။

ဆက်ရန်
VSB Myanmar Team

Comments