ကျောင်းနှင့် ကုမ္ပဏီ ပူးပေါင်းဆောင်ရွက်မှု
- VSB Myanmar

- Sep 23
- 2 min read
သင်တန်းကျောင်းနှင့် လုပ်ငန်း (ကုမ္ပဏီ) တို့ ပူးပေါင်းဆောင်ရွက်မှုအတွက် အလုပ်ဖြစ် အကျိုးရှိစေသော လုပ်ငန်းစဉ် အဆင့် (၁၁) ချက်
လက်တွေ့လုပ်ငန်းခွင်တွင် အောင်မြင်လျက်ရှိသော ကျောင်းဆင်းများကို သင်တန်းကျောင်းသို့ ဖိတ်ခေါ်၍ ၎င်း တို့၏ လုပ်ငန်း ဘဝ အတွေ့အကြုံများကို လက်ရှိကျောင်းသားများအား ဟောပြောပို့ချ မျှဝေစေခြင်း၊
နိုင်ငံအတွင်း သင်တန်းကျောင်းနှင့် လုပ်ငန်း (ကုမ္ပဏီ) တို့ ပူးပေါင်းဆောင်ရွက်မှု အောင်မြင် လျက်ရှိသော စံပြ ဌာနတစ်ခု (သို့မဟုတ်) နှစ်ခုခန့်ကို ရွေးချယ်၍ သင်တန်းကျောင်း တာဝန်ရှိသူများကို သွားရောက် လေ့လာစေ ခြင်း၊
ပြင်ပလုပ်ငန်းရှင်များကို သင်တန်းကျောင်းသို့ ဖိတ်ခေါ်၍ လက်ရှိကျောင်းသားများအား လက်တွေ့ လုပ်ငန်းခွင်မှ တောင်းဆိုသော၊ လိုအပ်လျက်ရှိသော အလုပ်အကိုင်များ၊ ကျွမ်းကျင်မှုများအကြောင်း ဟောပြောစေခြင်း၊
လက်တွေ့စက်ရုံအလုပ်ရုံ လုပ်ငန်းခွင်များသို့ ကျောင်းသားများအား လေ့လာရေးခရီး စေလွှတ်ခြင်း၊
ကျောင်းသားများအတွက် ပုံမှန် On Job Training များကို လုပ်ငန်း (ကုမ္ပဏီ) များနှင့် ပူးပေါင်း၍ ဆောင်ရွက် ပေးခြင်း၊ နည်းပြများအတွက်ပါ On Job Training ဆောင်ရွက် ပေးခြင်း၊
အလုပ်ဝင်ရောက်လုပ်ကိုင်လျက်ရှိသော ကျောင်းဆင်းများ၏ အားသာချက်၊ အားနည်းချက်၊ လိုအပ်ချက် Feed back များကို အလုပ်ရှင်များထံမှ မေးမြန်းပြုစုခြင်း၊
အလုပ်ရှင်များထံ ၎င်းတို့ လုပ်ငန်းအတွက် လက်ရှိလိုအပ်သော၊ တောင်းဆိုသော ကျွမ်းကျင်မှု နှင့် အလုပ်အကိုင် များအကြောင်း မေးမြန်း၍ သုတေသနပြုခြင်း၊
ကျောင်းသားများအတွက် အလုပ်အကိုင်ရရှိရေးဆိုင်ရာ Job Fair များ ကျင်းပပြုလုပ်၍ လုပ်ငန်းရှင်များကို ဖိတ် ခေါ်ကာ ကျောင်းသားများနှင့် တွေ့ဆုံပေးခြင်း၊
သင်တန်းကျောင်း၏ ဉီးဆောင်အကြံပေးကောင်စီ/ဘုတ်အဖွဲ့တွင် လုပ်ငန်းရှင်အဖွဲ့အစည်းများမှ ခေါင်းဆောင် များကို ဖိတ်ခေါ်၍ ပါဝင်ဖွဲ့စည်းခြင်း၊
အလုပ်အကိုင်များဆိုင်ရာ ကျွမ်းကျင်မှု ‘စံ’ သတ်မှတ်ပြဌာန်းခြင်း၊ ကျွမ်းကျင်မှု အသိအမှတ်ပြု စစ်ဆေးခြင်း လုပ်ငန်း စဉ်များတွင် ပုဂ္ဂလိက လုပ်ငန်းရှင်အဖွဲ့အစည်းများကို ပါဝင်ဆောင်ရွက်စေခြင်း၊
နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရရှိစေနိုင်သော ပူးပေါင်းဆောင်ရွက်မှုပုံစံများကို ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပူးပေါင်းဖန်တီး ဆောင်ရွက်ခြင်း၊ လက်တွေ့အသုံးချ သုတေသန လုပ်ငန်းများသည် ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက သော့ချက် ဖြစ်ပြီး အဆိုပါ လုပ်ငန်းများကို သင်တန်းကျောင်းနှင့် ပုဂ္ဂလိကလုပ်ငန်း (ကုမ္ပဏီ) တို့ ပူးပေါင်းဆောင်ရွက်ခြင်း၊
ပူးပေါင်းဆောင်ရွက်ခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများ
သင်တန်းကျောင်းနှင့် လုပ်ငန်း (ကုမ္ပဏီ) တို့ ပူးပေါင်းဆောင်ရွက်ခြင်းအတွက် ရည်ရွယ်ချက်၊ ဦးတည်ချက် အမျိုးမျိုး ရှိနိုင် ကွဲပြားနိုင်ပါသည်။ မည်သို့ပင်ဆိုစေကာမူ အရည်အသွေးအာမခံနိုင်မှု နှင့် ပူးပေါင်း ဆောင်ရွက်သူ တစ်ဦး ချင်းစီ၏ အကျိုးဖြစ်ထွန်းမှု တို့ကို ရရှိနိုင်ရန် ရည်မှန်းချက်ပန်းတိုင် ချမှတ်လေ့ရှိပါသည်။ ပူးပေါင်းပါဝင် ပတ်သက်သူ တစ်ဉီးချင်းစီ၏ အကျိုးဖြစ်ထွန်းလာသည့်အခါ နိုင်ငံ၏ ကုန်ထုတ်လုပ်မှု စွမ်းရည် မြင့်တက်လာကာ လူမှုစီးပွားဘဝ များ တိုးတက်လာစေနိုင်ပါသည်။ ပူးပေါင်းဆောင်ရွက် ရာတွင် စနစ်ကျသော စီမံခန့်ခွဲမှု ၊ ချိတ်ဆက် ဆောင်ရွက်မှု ၊ အရည်အသွေးအာမခံချက်ရှိသော လေ့ကျင့်သင်ကြားမှုနှင့် အရည်အချင်းစစ်ဆေးမှု ၊ သင်ကြားရေးနှင့် ပြင်ပ လက်တွေ့ လုပ်ငန်းခွင် ဆက်စပ်မှု စသည်တို့ကို စနစ်တကျ အကောင်အထည် ဖော် ဆောင်ရွက်နိုင်ပါက အောင်မြင်သော ပူးပေါင်းဆောင်ရွက်မှု ဖြစ်လာပါမည်။ အောင်မြင်မှု၏ အသီးအပွင့်များကို အဓိက ခံစားရမည့်သူများမှာ သင်တန်းကျောင်း၊ လုပ်ငန်း (ကုမ္ပဏီ) နှင့် ကျောင်းသားများပင် ဖြစ်ပါသည်။
သင်တန်းကျောင်းမှ ရရှိနိုင်မည့် အကျိုးကျေးဇူးများ
အသက်မွေးဝမ်းကျောင်းလုပ်ငန်း၊ အလုပ်အကိုင်နှင့် ဘာသာရပ်ဆိုင်ရာ အသိအမြင် များ၊ အတွေး အခေါ်များ တိုးတက် ကျယ်ပြန့်လာခြင်း၊
လက်တွေ့လုပ်ငန်းခွင်မှ တောင်းဆိုသော ကျွမ်းကျင်မှုများကို ပိုမို သိရှိလာခြင်း၊
စာသင်ခန်းအတွင်း လေ့ကျင့် သင်ကြားပေးရာတွင် ကျောင်းသား၏ လုပ်ငန်းခွင် အတွေ့အကြုံတို့နှင့် ချိတ်ဆက်သင်ကြားပေးနိုင်မှု စွမ်းရည် ပိုမို မြင့်မားလာခြင်း၊
လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချနိုင်သော လုပ်ငန်းခွင်ဗဟိုပြု သင်ကြားမှုနည်း စနစ်များ ပိုမို ကျယ်ပြန့် တိုးတက်လာခြင်း၊
နည်းပြများအနေဖြင့် စာတွေ့နည်းပညာ သင်ကြားမှုများကို ပြင်ပလုပ်ငန်းခွင်နှင့် ပိုမိုဆက်စပ်၍ လေ့ကျင့် သင်ကြားပေးနိုင်လာခြင်း၊
သင်ကြားမှုနည်းစနစ်များကိုလည်း ပိုမို ကျယ်ပြန့် များပြားစွာ အသုံးပြုလာနိုင်ခြင်း၊
နောက်ဆုံးပေါ် ခေတ်မှီနည်းပညာ အသိပညာများကို ကုမ္ပဏီမှ နောက်ဆုံးပေါ် နည်းပညာသုံး စက်ကိရိယာများနှင့် ပေါင်းစပ်သင်ကြားပေးနိုင်ခြင်း၊ လုပ်ငန်း (ကုမ္ပဏီ) နှင့် နည်းပညာ ဖလှယ်နိုင်ခြင်း၊
လက်တွေ့လုပ်ငန်းခွင်သို့ အဆင်သင့်ဝင်ရောက်လုပ်ကိုင်နိုင်သော ကျွမ်းကျင် သင်တန်းဆင်းများ၊ ပညာရှင်များ လေ့ကျင့်မွေးထုတ်ပေးနိုင်ခြင်းဖြင့် သင်တန်း ကျောင်း၏ ပုံရိပ်နှင့် ဂုဏ်သတင်း ပိုမို ထင်ရှားလာခြင်း၊
လုပ်ငန်း (ကုမ္ပဏီ) မှ ရရှိနိုင်မည့် အကျိုးကျေးဇူးများ
အသက်မွေးဝမ်းကျောင်းလုပ်ငန်း ဆိုင်ရာ ကျွမ်းကျင်မှုများကို လေ့ကျင့်သင်ကြားပေး နေသော သင်တန်းကျောင်းများ၏ သဘောသဘာဝကို သိမြင်လာခြင်း၊ လေ့ကျင့်သင် ကြားမှုနယ်ပယ်ဆိုင်ရာ အသိအမြင် များ ၊ အတွေးအခေါ်များ တိုးတက် ကျယ်ပြန့် လာခြင်း၊
ကျောင်းသားများ လေ့ကျင့်သင်ကြားရေးကာလအတွင်းမှာပင် လက်တွေ့လုပ်ငန်းခွင် နှင့် အကျွမ်းတဝင်ရှိစေခြင်းဖြင့် မိမိတို့ လုပ်ငန်း (ကုမ္ပဏီ)သို့ အဆင်သင့် ဝင်ရောက် လုပ်ကိုင်နိုင်စေရန်အတွက် ပျိုးထောင်ပေးနိုင်ခြင်း၊
လုပ်ငန်းခွင်အကြိုသင်တန်းများ သင်ကြားပေးရန် မလိုအပ်တော့ပဲ မိမိတို့ လုပ်ငန်း (ကုမ္ပဏီ) အတွက် အသုံးတည့်မည့် ကျွမ်းကျင်လုပ်သားများ၊ ကျွမ်းကျင်ပညာရှင်များကို ကြိုတင်ရွေးချယ်၍ လေ့ကျင့်ပေးနိုင်ခြင်း၊
အရည်အချင်းရှိသော ကျွမ်းကျင်လုပ်သားများ၊ ကျွမ်းကျင်ပညာရှင်များကို အဆင်သင့် ရွေးချယ်ခန့်ထားနိုင်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုစွမ်းရည် မြင့်မားလာကာ စီးပွားရေး ဆိုင်ရာ အကျိုးအမြတ် များ တိုးတက်ရရှိနိုင်လာခြင်း၊
နောက်ဆုံးပေါ် ခေတ်မှီနည်းပညာ အသိပညာများကို သင်တန်းကျောင်း၏ သုတေသန လုပ်ငန်းများ၊ ကျွမ်းကျင်နည်းပြများထံမှ ရရှိပြီး မိမိတို့၏ စက်ကိရိယာများကို စွမ်းဆောင်ရည်အပြည့် အသုံးပြုနိုင်ခြင်း၊ သင်တန်းကျောင်းနှင့် နည်းပညာ ဖလှယ်နိုင်ခြင်း၊
ဒေသ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားအောင် စွမ်းဆောင်ပေးနိုင်ခြင်း၊ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်မြင့်မားစေခြင်း၊ ပညာရေးတိုးတက်မှုအတွက် အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ဆောင်ရွက်ပေးနိုင်ခြင်း၊ စသည်တို့ကြောင့် လုပ်ငန်း (ကုမ္ပဏီ)၏ ပုံရိပ်နှင့် ဂုဏ်သတင်း ပိုမို ထင်ရှားလာခြင်း၊
ကျောင်းသားများမှ ရရှိနိုင်မည့် အကျိုးကျေးဇူးများ
ကျောင်းသားများအနေဖြင့် စာတွေ့နည်းပညာ လေ့လာမှုများကို ပြင်ပလုပ်ငန်းခွင်နှင့် ပိုမိုဆက်စပ်၍ သိမြင်နားလည်နိုင်လာခြင်း၊
ကျောင်းသားများ လက်တွေ့နည်းပညာ လေ့ကျင့်ရာတွင် လုပ်ငန်းခွင်၌ အသုံးပြုသော စက်ကိရိယာများကို အသုံးပြုလေ့ကျင့်နိုင်ခြင်းဖြင့် ကျွမ်းကျင်မှု ပိုမို မြန်ဆန်စွာ တိုးတက်စေနိုင်ခြင်း၊
လုပ်ငန်း (ကုမ္ပဏီ)၏ နေ့တဓူဝ လုပ်ငန်းခွင်နှင့် လူနေမှုဘဝကို လက်တွေ့ကျကျ ကြိုတင်သိမြင်ထားခြင်းဖြင့် လုပ်ငန်းခွင်ဝင်ရောက်ရန် အဆင်သင့် ဖြစ်စေခြင်း၊ ရင့်ကျက်စေခြင်း၊
လက်တွေ့လုပ်ငန်းခွင်ကို ကြိုတင်မြင်တွေ့ခြင်းအားဖြင့် မိမိဝါသနာပါ စိတ်ဝင်စားရာ၊ မိမိနှင့်သင့်တော်ရာ အလုပ်အကိုင်ကို လက်တွေ့ကျကျသိရှိ၍ စူးစိုက်လေ့လာနိုင်ခြင်း၊ ဆန္ဒပြင်းပြရာကို လက်တွေ့အကောင်အထည် ဖော်နိုင်ခြင်း၊
မိမိ၏ စွမ်းဆောင်နိုင်မှုကို အဆင့်တိုင်းအတွက် သက်သေပြနိုင်ခြင်းဖြင့် မိမိကိုယ်မိမိ ယုံကြည်မှု ပိုမိုတိုးတက်မြင့်မားလာခြင်း၊
မိမိကြိုးစားလျှင် ကြိုးစားနိုင်သလောက် အကျိုးရှိမည့် အလုပ်အကိုင် အခွင့်အလမ်းများ ၊ ဘဝရပ်တည်ရေးအတွက် ခိုင်မာမှုများကို လက်တွေ့ကျကျ မြင်တွေ့ခံစားနိုင်ပြီး အရည်အချင်းပြည့်ဝသော ကျွမ်းကျင်လုပ်သားများ၊ ကျွမ်းကျင် ပညာရှင်များ ဖြစ်လာနိုင်ခြင်း၊








Comments