top of page
  • Facebook
  • Twitter
  • Linkedin

လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး ရန်ပုံငွေစနစ်

  • Writer: VSB Myanmar
    VSB Myanmar
  • Jul 30
  • 4 min read

လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး ရန်ပုံငွေအား မှတ်ပုံတင်ပြီး ထည့်ဝင်ကြေးပေးသွင်းထား သော အလုပ်ရှင်များသည် လေ့ကျင့်ရေး ထောက်ပံ့ငွေအား ပြန်လည်လျောက်ထားနိုင်သည်။ ယင်း ထောက်ပံ့ငွေမှ တဆင့် အလုပ်သမားများအား လေ့ကျင့်ရေးပေးရာတွင် တစိတ် တဒေသသော်လည်းကောင်း၊ ကုန်ကျစရိတ်အများစုကိုလည်းကောင်း အလုပ်ရှင်သည် ပြန်လည်ရရှိနိုင်သည်။ သို့သော် လေ့ကျင့်ရေးသင်တန်းသည် လက်ရှိကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်း နှင့် တိုက်ရိုက် ဆက်စပ်သော တိုက်ရိုက် အကျိုးကျေးဇူးရှိစေသော သင်တန်းမျိုးတော့ ဖြစ်ရန်လိုအပ် ၏။

နည်းပညာနှင့် အသက်မွေးဝမ်းကြောင်းပညာရေး လေ့ကျင့်ရေး အရည်အသွေး အာမခံချက် မြင့်မားအောင် စဉ်းစားရာတွင် အဓိကကျသော အချက်များအနက် တစ်ချက်မှာ ရန်ပုံငွေ ပြည့်စုံ လုံလောက်မှုရှိခြင်း ဖြစ်သည်။ ယင်းအတွက် နိုင်ငံအတော်များများတွင် ရန်ပုံငွေ(ထူထောင်ခြင်း) နှင့် အသုံးစရိတ်ငွေ ရှာဖွေခြင်းစနစ်များကို တည်ထောင်ထားရှိသည်။ နိုင်ငံအလိုက် ချဉ်းကပ်ဆောင်ရွက်ပုံ နည်းလမ်းများ ကွာခြားကြသည်။ အဓိကအားဖြင့် (၃)ပိုင်း ရှိ၏။ ၎င်းတို့မှာ (က) အစိုးရမှ ထောက်ပံ့ခြင်း (ခ) သင်တန်းသား (သို့မဟုတ်) ဖြေဆိုသူများထံမှ ငွေကြေးကောက်ခံခြင်း (ဂ) အလုပ်ရှင်များဖက်မှ ရာခိုင်နှုန်းတစ်ခုဖြင့် ထည့်ဝင်ခြင်း ဖြစ်သည်။ နိုင်ငံများ၏ အုပ်ချုပ်ပုံစနစ်များအပေါ် မူတည်၍ အထက်ဖော်ပြပါ ပုံစံများကို နည်းလမ်းအမျိုးမျိုးဖြင့် ပေါင်းစပ်၍ လည်းကောင်း၊ သီးခြားစီလည်းကောင်း သုံးစွဲကြသည်။ ယေဘူယျအားဖြင့် နိုင်ငံအတော်များများကို လေ့လာကြည့်ပါက အစိုးရမှ အလုံးစုံ ထောက်ပံ့ဖြည့်တင်းခြင်းမျိုး နည်းပါးပြီး ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ပုဂ္ဂလိက အလုပ်ရှင်များမှ ပါဝင်ကူညီ ဖြည့်ဆည်းခြင်းများဖြင့် ဆောင် ရွက်လျက် ရှိကြသည်။

ဤလတွင် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်း ပါဝင်မှု၏ နမူနာကောင်းတစ်ခုဖြစ်သော မလေးရှား လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေး ရန်ပုံငွေစနစ်အကြောင်းကိုအကျဉ်းချုပ် တင်ပြလို သည်။

ဤမလေးရှား လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေး ရန်ပုံငွေစနစ်သည် ပုဂ္ဂလိကကဏ္ဍ စက်ရုံ အလုပ်ရုံများ၊ ကုမ္ပဏီများရှိ ဝန်ထမ်းလုပ်သားများ၏ နည်းပညာနှင့် သက်မွေးပညာ ကျွမ်းကျင်မှု လေ့ကျင့်ရေးနှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်စေရေးကို အထောက်အကူပြုရန် ရည်ရွယ်သည်။ အထူး သဖြင့် ဝန်ထမ်းလုပ်သားများအား ထုတ်လုပ်မှုနည်းပညာနှင့် စွမ်းအားတိုးတက်ရေးအတွက် ကျွမ်းကျင်မှုမြှင့်တင်ရေးနှင့် ပြန်လည်လေ့ကျင့်ပေးရေးကို အဓိကထားသည်။

မလေးရှား လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးရန်ပုံငွေကို ၁၉၉၃ ခုနှစ် ဇန်နါရီလ ၁ ရက်နေ့ တွင် စတင် ထူထောင်သည်။ တည်ထောင်စဉ်က ထုတ်လုပ်မှုကဏ္ဍရှိ အလုပ်သမားဦးရေ ၅၀ နှင့် အထက်အလုပ်ရှင်များနှင့်သာ အကျုံးဝင်ခဲ့သည်။ ၁၉၉၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ အကျုံး ဝင်မှုကို ထပ်မံတိုးချဲ့ခဲ့သည်။ အလုပ်သမား ၁၀ ယောက်မှ ၄၉ ယောက်အထက်ရှိပြီး ရင်းနှီး မြှပ်နှံမှု (Paid up capital) ရင်းဂစ် ၂.၅ သန်းနှင့်အထက်ရှိ လုပ်ငန်းများပါ ပါဝင်လာခဲ့သည်။

၁၉၉၆ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့တွင် ရင်းနှီးမြှပ်နှံမှု (Paid up Capital) ၂.၅ သန်းအောက် ရှိ အလုပ်သမားဦးရေ ၁၀ ဦးနှင့် ၄၉ ဦးကြား အလုပ်ရှင်များကိုပါ မှတ်ပုံတင်ရန် အခွင့်အရေးနှင့် ရွေး ချယ်ခွင့်ပေးခဲ့သည်။ မလေးရှားလူ့စွမ်းအား အရင်းအမြစ် ရန်ပုံငွေ ဘုတ်အဖွဲ့ PSMB တွင် မှတ်ပုံ တင်ပြီးသည်နှင့်တစ်ပြိုင်နက် အလုပ်ရှင်သည် လစဉ် ၎င်းအလုပ်သမား၏ လစာငွေ ၀.၅% အား မလေးရှား လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးရန်ပုံငွေ (Human Resources Development Fund (HRDF)) သို့ ပေးဆောင်ရန် တာဝန်ရှိမည် ဖြစ်သည်။

၁၉၉၅ ခုနှစ် ဇန်နဝါရီလ နောက်ပိုင်းတွင် မလေးရှားနိုင်ငံ လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဌာန (မြန်မာအခေါ် အလုပ်သမားဝန်ကြီးဌာန)သည် ရန်ပုံငွေ၏ အကျုံးဝင်မှုအား ထပ်မံတိုးချဲ့ ခဲ့သည်။ ထုတ်လုပ်မှုကဏ္ဍသာမက ဟိုတယ်နှင့် ပြည်တွင်းခရီးသွားကဏ္ဍ၊ ဆက်သွယ်ရေး သတင်း အချက်အလက်နည်းပညာနှင့် ကွန်ပျူတာဌာန၊ ရေကြောင်းနှင့် လေကြောင်းပို့ဆောင်ရေးကဏ္ဍ၊ ကြော် ငြာ စီးပွားရေးကဏ္ဍ၊ ကုန်စည်ဖြန့်ဖြူးရေးနှင့် စာတိုက်ဆက်သွယ်ရေးကဏ္ဍများကိုပါ ထပ်မံတိုးချဲ့ အကျုံးဝင်စေခဲ့သည်။ ၂၀၀၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် အစိုးရ၏ မူဝါဒ မျှော်မှန်းချက် အား အထောက်အကူပြုနိုင်ရန်အတွက် ပုဂ္ဂလိကအဆင့်မြင့် ပညာရေးကဏ္ဍကိုပါ ထပ်မံတိုးချဲ့ ထည့် သွင်းခဲ့သည်။ ယင်း ၂၀၀၀ ခုနှစ်၌ပင် မလေးရှား လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး ရန်ပုံငွေစနစ် အား လေ့ကျင့်ရေးကဏ္ဍနှင့် စွမ်းအင်ကဏ္ဍလုပ်ငန်းများအထိ ထပ်မံတိုးချဲ့ခဲ့သည်။ ယင်းကဏ္ဍရှိ အလုပ်သမား ၁၀ ဦးနှင့်အထက် လုပ်ငန်းဌာနများသည် ရန်ပုံငွေဘုတ်အဖွဲ့၌ မှတ်ပုံတင်ရန် တာဝန်ရှိ သည်။

၂၀၀၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး ရန်ပုံငွေစနစ် အား လုပ်ငန်းနယ်ပယ် ၈ ခုသို့ ထပ်မံတိုးချဲ့ခဲ့သည်။ ယင်းလုပ်ငန်းနယ်ပယ်များမှာ ဝန်ဆောင်မှုကဏ္ဍ ရှိ ဆိပ်ကမ်း၊ အင်ဂျင်နီယာဝန်ဆောင်မှု၊ ပြုပြင်ထိန်းသိမ်းရေးဝန်ဆောင်မှု၊ သုတေသနနှင့် ဖွံ့ဖြိုး တိုးတက်ရေး၊ လုံခြုံရေးဝန်ဆောင်မှု၊ ပုဂ္ဂလိကဆေးရုံများ၊ ကုန်တိုက်များ၊ စတိုးဆိုင်လုပ်ငန်းများ ဖြစ်ကြသည်။

Hyper Market၊ Super Market နှင့် Departmental Store များသည် ဝန်ထမ်းလုပ်သား (၅၀) နှင့်အထက်ရှိပါက ဤရန်ပုံငွေဘုတ်အဖွဲ့တွင် မှတ်ပုံတင်ရန် တာဝန်ရှိသည်။ PSMB ရန်ပုံငွေ လုပ်ထုံးလုပ်နည်းများအရ (အလုပ်ရှင်မှတ်ပုံတင်ခြင်းနှင့် ရန်ပုံငွေပေးဆောင်ခြင်းဆိုင်ရာ နည်းဥပဒေ ၂၀၀၁ ခုနှစ်အရ) အလုပ်ရှင်သည် ရန်ပုံငွေဘုတ်အဖွဲ့၌ မှတ်ပုံတင်ပြီး ရက် ၃၀ မှစတင်၍ ရန်ပုံငွေသို့ ထည့်ဝင်ကြေးပေးသွင်းရန် တာဝန်ရှိသည်။

အထက်ဖော်ပြပါ လုပ်ငန်းကဏ္ဍ နယ်ပယ်အသီးသီးရှိ အလုပ်ရှင်များသည် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးရန်ပုံငွေ အက်ဥပဒေအရ မှတ်ပုံတင်ရန် တာဝန်ရှိပြီး၊ ပျက်ကွက်ပါ က ဥပဒေကြောင်းအရ အရေးယူခံရမည် ဖြစ်သည်။

လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေး ရန်ပုံငွေ အက်ဥပဒေ အပိုဒ် ၁၄ (၁) အရ ဤ ဥပဒေနှင့် အကြုံးဝင်သော အလုပ်ရှင်တိုင်းသည် ယခုအချိန်တွင် ၎င်းတို့အလုပ်သမား တစ်ဦးချင်းစီ၏ လစာငွေ ၁% ကို ထည့်ဝင်ကြေးဖြင့် ပေးသွင်းရန် တာဝန်ရှိ၏။

လေ့ကျင့်ရေး ထောက်ပံ့ငွေအား ရယူနိုင်ခြင်း

လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး ရန်ပုံငွေအား မှတ်ပုံတင်ပြီး ထည့်ဝင် ကြေးပေး သွင်းထား သော အလုပ်ရှင်များသည် လေ့ကျင့်ရေး ထောက်ပံ့ငွေအား ပြန်လည် လျောက်ထားနိုင်သည်။ ယင်း ထောက်ပံ့ငွေ မှ တဆင့် အလုပ်သမားများအား လေ့ကျင့်ရေး ပေးရာတွင် တစိတ် တဒေသသော်လည်းကောင်း၊ ကုန်ကျစရိတ် အများစုကိုလည်းကောင်း အလုပ် ရှင်သည် ပြန်လည် ရရှိနိုင်သည်။ သို့သော် လေ့ကျင့်ရေး သင်တန်းသည် လက်ရှိကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်း နှင့် တိုက်ရိုက် ဆက်စပ်သော တိုက်ရိုက် အကျိုးကျေးဇူးရှိစေသော သင်တန်းမျိုးတော့ ဖြစ်ရန်လိုအပ် ၏။ ထိုနည်းတူ ငွေကြေး အထောက်အပံ့သည် အလုပ်သမား တစ်ဦးချင်းစီအား ပေးခြင်းမဟုတ်ပါ။ အလုပ်ရှင်မှ (သို့မဟုတ်) ကုမ္ပဏီမှ ကမကထပြုလုပ်သော သင်တန်းအစီအစဉ်အား ထောက်ပံ့ခြင်း သာ ဖြစ်သည်။

ငွေကြေးထောက်ပံ့မှု နှုန်းထားများ

လူ့စွမ်းအားအရင်းအမြစ် ရန်ပုံငွေဘုတ်အဖွဲ့သည် အလုပ်ရှင်မှ ဆောင်ရွက်သော ကျွမ်းကျမ်မှု မြှင်တင်ရေးနှင့် ပြန်လည်လေ့ကျင့်ရေး သင်တန်းများနှင့် စပ်လျင်း ၍ အောက်ပါအတိုင်း ငွေကြေးထောက်ပံ့ရန် သတ်မှတ်နိုင်သည်။


ree

ခွင့်ပြုသည့်ကုန်ကျစရိတ်များ

အောက်ပါကုန်ကျစရိတ်များအား လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေး ရန်ပုံငွေမှ သတ်မှတ်ချက် နှင့်အညီပြန်လည်ထုတ်ပေးသည်။

  • စရိတ်များ

  • မလေးရှား ကျွမ်းကျင်မှုလက်မှတ်အပါအဝင်အလုပ်သင်လေ့ကျင့်ရေး အစီအစဉ်များ

  • မှတ်ပုံတင်နှင့်စာမေးပွဲကြေးများ အပါအဝင် ဒီပလိုမာသင်တန်းအစီအစဉ်များ

  • လုပ်ငန်းတွင်းလေ့ကျင့်ရေးအတွက်ပြင်ပနည်းပြဆရာများ၏ ဉာဏ်ပူဇော်ခ

  • လုပ်ငန်းဌာနတွင်းလေ့ကျင့်ရေးအတွက်ကုမ္ပဏီတွင်းရှိနည်းပြဆရာများ၏ ဉာဏ်ပူဇော်ခ

  • သင်တန်းသား တစ်ဦးချင်းစီ၏ နေ့တွက်စရိတ် (အစားအသောက်၊ ခရီးစရိတ်)

  • ပြည်ပမှငှားရမ်းသောလေ့ကျင့်ရေး နည်းပြဆရာအတွက်နေ့တွက်စရိတ်

  • ပြည်ပသင်တန်း တက်ရောက်ခြင်းအတွက်နေ့တွက်စရိတ်နှင့်လေယာဉ်ခ

  • သင်ကြားရေး အထောက်အကူပြု (သုံးကုန်) ပစ္စည်းကုန်ကျစရိတ်

  • ဟိုတယ် (သို့မဟုတ်) သင်တန်း ခန်းမငှားရမ်းစရိတ်

  • အစားအသောက်စရိတ် (နေ့လယ်စာ)

  • ကုမ္ပဏီဌာနခွဲများသို့လုပ်ငန်းဌာနတွင်းနည်းပြများ၏သွားရောက်သင်တန်းပို့ချရာတွင်ခရီးစရိတ်နှင့် နေ့တွက်ခအပါအဝင်ကုန်ကျစရိတ်များ

အကျုံးဝင်သည့်သင်တန်းဆိုင်ရာအစီအစဉ်များ

မလေးရှား လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေး ရန်ပုံငွေစနစ်တွင်အောက်ပါသင်တန်း ဆိုင်ရာ အစီအစဉ်များ အကျုံးဝင်သည်။

(၁) လုပ်ငန်းခွင်တွင်း လေ့ကျင့်ရေးနှင့်လုပ်ငန်းခွင်ပြင်ပလေ့ကျင့်ရေး

(၂) အသိအမှတ်ပြု သင်တန်းကျောင်းသို့အလုပ်သမားများအား စေလွှတ်၍ သင်တန်းတက် ရောက်စေခြင်း

(၃) လေ့ကျင့်ရေးစီမံချက်ရေးဆွဲခြင်း၊ လေ့ကျင့်ရေး လိုအပ်ချက်အားရှာဖွေဖော်ထုတ်ခြင်း

(၄) သင်တန်းကျောင်းများနှင့်အလုပ်ရှင်များအကြား သင်တန်း စာချုပ်ချုပ်ဆိုခြင်း၊ ပူးပေါင်း သင်တန်း ဖွင့်လှစ်ခြင်း

(၅) သင်ထောက်ကူပစ္စည်းများ ဝယ်ယူခြင်း၊ သင်တန်းခန်းအား စီစဉ်ခြင်း၊ (ပရိုဂျက်တာ၊ ဘုတ်၊ ပရိဘောဂ၊ ပိုစတာ၊ ကွန်ပျူတာစသဖြင့်....)

(၆) ကွန်ပျူတာအခြေပြုသတင်းအချက်အလက်အခြေပြုသင်တန်းအစီအစဉ်များ

(၇) အလုပ်သင်လေ့ကျင့်ရေး အစီအစဉ်

(၈) ကွန်ဖရင့်များ တက်ရောက်ခြင်း

သင်တန်းပုံစံများ (Types of Training)

မလေးရှား လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေး ရန်ပုံငွေစနစ်သည်သင်ကြားလေ့ကျင့်ရေး အတွက်ကျယ်ပြန့်သောအထောက်အကူအစီအစဉ်တရပ်ဖြစ်သည်။ လုပ်ငန်းဌာနတွင်း ကုမ္ပဏီတွင်း လေ့ကျင့်ရေးမှစ၍သင်တန်းကျောင်းအခြေပြုလေ့ကျင့်ရေး အစီအစဉ်များအထိအကြုံးဝင်သည်။

ဥပမာအားဖြင့်လုပ်ငန်းဌာနတွင်းလေ့ကျင့်ရေး အစီအစဉ်အထောက်အကူပြုမူများသည် လက်တလော ကာလအတွင်း ကျွမ်းကျင်လုပ်သားများကိုမွေးထုတ်နိုင်ရန်သာမက ရေရှည်ကုမ္ပဏီလုပ်ငန်းဌာန၏ ထုတ်လုပ်မှု စွမ်းအား မြှင့်တင်ရေးနှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်လာရေးကိုပါဦးတည်သည်။ ပုံမှန် စာ သင်ခန်း သင်ကြားရေး သာမကစက်ရုံလုပ်ငန်းခွင်လေ့ကျင့်ရေးကိုပါ ထည့်သွင်းထားသည်။ ငွေကြေး အထောက်အပံ့ ရယူရန် ကိစ္စတွင် ကုမ္ပဏီသည်တိကျသောလေ့ကျင့်ရေး ရည်ရွယ်ချက်၊ သင်တန်းမာတိကာ၊ သင်ကြား ရေး စီမံချက်များကိုအတိအကျပြသနိုင်ရန်လိုအပ်သည်။

သင်တန်းကျောင်း အခြေပြုလေ့ကျင့်ရေး အစီအစဉ်များတွင်အစိုးရကျောင်း၊ ပုဂ္ဂလိက ကျောင်း၊ အဖွဲ့အစည်းများအားလုံးနှင့်အကျုံးဝင်သည်။ အဓိကအားဖြင့် သင်တန်းသည် အလုပ်ရှင် နှင့် လုပ်ငန်း ခွင် ကျွမ်းကျင်မှုလိုအပ်ချက်ကို ဖြည့်ဆည်းပေးသောသင်တန်းမျိုး ဖြစ်လျှင်လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး ရန်ပုံငွေ၏ အထောက်အပံ့ကိုရရှိနိုင်သည်။

ထိုနည်းတူအလုပ်ရှင်များ စုပေါင်း တည်ထောင်ထားသော စက်မှုဇုံအလိုက်စီမံခန့်ခွဲမူဖြင့် တည်ထောင်ထားသောကျောင်းများ၊ ကုမ္ပဏီကြီးများမှကုမ္ပဏီငယ်များအတွက် ဖွင့်လှစ်ပေးသော သင်တန်းများသည်လည်း ဖွံ့ဖြိုးရေး ရန်ပုံငွေ၏ အထောက်အပံ့ကိုရရှိနိုင်သည်။

ထို့အပြင်အလုပ်သမားဝန်ထမ်းများအနေဖြင့်ကျွမ်းကျင်မှုမြှင့်တင်ရေးပြန်လည်လေ့ကျင့် ရေး အတွက် ဒီပလိုမာအဆင့်သင်တန်းများ တက်ရောက်လိုပါကလည်း လူ့စွမ်းအား အရင်း အမြစ် ဖွံ့ဖြိုးရေး ရန်ပုံငွေ၏ ငွေကြေးအထောက် အပံ့ကို လျှောက်ထားရယူနိုင်သည်။ သို့သော် ဒီပလိုမာ သည် လုပ်ငန်းခွင် နှင့် တိုက်ရိုက်ဆက်စပ် အသုံးဝင် သောဘာသာရပ်မျိုးတော့ ဖြစ်ရန် လိုအပ် သည်။

လေ့ကျင့်ရေး ငွေကြေး အထောက်အပံ့များ လျှောက်ထားခြင်း

အလုပ်သမားများ၏ ကျွမ်းကျင်မှုအား မြှင့်တင်ရန်နှင့်ပြန်လည်လေ့ကျင့်ရန် ရည်ရွယ်သော အလုပ်ရှင်သည်သတ်မှတ်ထားသောသင်တန်းအစီအစဉ်အလိုက်ရန်ပုံငွေမှလေ့ကျင့်ရေး ငွေကြေး အထောက်အပံ့ ရရှိရန်လျှောက်ထားနိုင်သည်။

ငွေကြေး အထောက်အပံ့ပေးမည့်နှုန်းထားအား ရန်ပုံငွေဘုတ်အဖွဲ့ရုံး မှ စည်းမျဉ်း စည်းကမ်းနှင့်အညီ ဆုံးဖြတ်သည်။ လုပ်ငန်းတွင်း လေ့ကျင့်ရေးသင်တန်းများအား ကုန်ကျစရိတ် အား ဖြင့် ပိုမိုတွက်ခြေကိုက်စေရန် သင်တန်းသား အရေအတွက်အား အနည်းဆုံး ၅ ဦးနှင့်အ ထက် သာ ရှိရ မည်ဟု သတ်မှတ်ထားသည်။ အလုပ်ရှင်များအနေဖြင့် ကနဦး အတည်ပြုချက် ရရှိ ပြီး သည့်နောက်တွင် သင်တန်းသား အရေအတွက်အား ထပ်မံလျော့ချပိုင်ခွင့် မရှိပေ။

၂၀၀၄ ခုနှစ် အလုပ်ရှင်များအတွက် ညွှန်ကြားချက် အရ နည်းပညာနှင့် သတင်း အချက် အလက်နည်းပညာဆိုင်ရာ သင်တန်းများတွင် သင်တန်းသား အရေအ တွက် အများဆုံး ၂၅ ဦးအထိ လက်ခံပြီး နည်းပညာနှင့်မသက်ဆိုင်သော သင်တန်းများတွင် အများဆုံး ၃၅ ဦးအထိ လက်ခံ သည်။

သင်တန်းကျောင်းအခြေပြု သင်တန်းအစီအစဉ်များတွင် လူဦးရေ ၃၅ ဦးအထက်ကို ကျော်လွန် ခွင့်ပြုသည်။ လေ့ကျင့်ရေးသင်တန်းကုန်ကျစရိတ် အထောက်အပံ့အား လေ့ကျင့် ရေးပြုလုပ်ပြီးသည့်နှစ် ၏ နောက်တစ်နှစ် ဇွန်လ ၃၀ ရက်နေ့အထိ ပြန်လည်တောင်းခံခွင့်ရှိသည်။

အနှစ်ချုပ်အားဖြင့်ဆိုရသော် မလေးရှား လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး ရန်ပုံငွေသည် အာဆီယံနှင့် အခြားဒေသတွင်းရှိ နိုင်ငံများနည်းတူ အောင်မြင်သော အသက်မွေးဝမ်းကြောင်း လေ့ကျင့်ရေးဆိုင်ရာ ရန်ပုံငွေစနစ်တစ်ရပ် ဖြစ်သည်။ နိုင်ငံအတော်များများတွင် အသက်မွေးဝမ်း ကြောင်းနှင့် ကျွမ်းကျင်မှုလေ့ကျင့်ရေး၊ နည်းပညာ ပညာရေးတို့အတွက် အရည်အသွေး အာမခံချက်ရှိ ရေးသည် ရန်ပုံငွေ လုံလောက်စွာရှိခြင်းအပေါ်တွင် မူတည်နေသည်ဟု ယူဆထားကြသည်။ စင်ကာပူနိုင်ငံသည်လည်း အလားတူဖြစ်သည်။

ဤနေရာတွင် နည်းပညာ အသက်မွေးဝမ်းကြောင်းပညာရေး၊ လေ့ကျင့်ရေးစနစ်ကို ယေဘူယျ အားဖြင့် နှစ်ပိုင်းခွဲခြားနိုင်သည်။ ပထမပိုင်းမှာ ကျောင်းအခြေပြုပုံမှန် သင်ကြားရေးစနစ် (ဥပမာ- နည်းပညာအထက် တန်းကျောင်းမှစ၍ အင်ဂျင်နီယာဘွဲ့ရသည်အထိ) သင်ကြား သည့် စနစ် ဖြစ်သည်။ ယင်းစနစ်၏ အဓိက တာဝန်ရှိ ဝန်ကြီးဌာနမှာ ပညာရေး ဝန်ကြီး ဌာနဖြစ်ပြီး ယေဘူယျ အားဖြင့် အစိုးရဘတ်ဂျက်မှ ကျခံသုံးစွဲလေ့ရှိသည်။

ဒုတိယတစ်ပိုင်းမှာ လုပ်ငန်းခွင်အခြေပြု၊ လုပ်သားဈေးကွက် အခြေပြုလေ့ကျင့် သင်ကြား ရေး ဖြစ်၏။

ယခုဖော်ပြခဲ့သော မလေးရှား လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးရန်ပုံငွေစနစ်သည် ဒုတိယ အပိုင်းကို အထောက်အပံ့ပေးသော စနစ်ဖြစ်၏။ အလုပ်ရှင်များ ထည့်ဝင်ကြေး (အလုပ်သမားလစာ ၁%) ဖြင့် လည်ပတ်သော ရန်ပုံငွေစနစ် ဖြစ်၏။ အလုပ်သမားများ၏ နည်းပညာနှင့် အသက်မွေးဝမ်း ကြောင်း ကျွမ်းကျင်မှု မြှင့်တင်ရေးကို အဓိက အထောက်အကူပေး၏။ ကုန်ကျစရိတ်ကို ထောက်ပံ့ပေး ခြင်းဖြင့် လေ့ကျင့်ရေး၏ အရည်အသွေးကို အာမခံချက်ရှိစေရန် မြင့်မားစေရန် ဆောင်ရွက်ပေးခြင်း ဖြစ်သည်။


ကိုကိုနိုင် (စက်မှုတက္ကသိုလ်)


Myanmar TVET Development Journal အတွဲ (၁)၊ အမှတ် (၁) တွင် တင်ဆက်ထားသော ဆောင်းပါးအား ပြန်လည်ဖော်ပြလိုက်ပါသည်။

Comments


Contact Us

 Address. Yangon, Myanmar

Tel. 0935029113

bottom of page