top of page
  • Facebook

Bloom's Taxonomy အပိုင်း (၄)

Bloom's Taxonomy ၏ ပြန်လည်ပြင်ဆင်ထားသော အဆင့်များ (Revised Taxonomy)

မူရင်း Bloom's Taxonomy ဟာ ပညာရေးနယ်ပယ်မှာ နှစ်ပေါင်းများစွာ အသုံးဝင်ခဲ့ပေမယ့် ၂၁ ရာစုရဲ့ လျင်မြန်တဲ့ နည်းပညာတိုးတက်မှုတွေနဲ့ ပညာရေးဆိုင်ရာ အမြင်သစ်တွေ ပေါ်ပေါက်လာတာနဲ့အမျှ ပြန်လည်ပြင်ဆင်ဖို့ လိုအပ်လာခဲ့ပါတယ်။ ဒီလို ပြန်လည်ပြင်ဆင်မှုတွေကို ဒေါက်တာ လော်ရင် အန်ဒါဆန် (Dr. Lorin Anderson) နဲ့ မူရင်းအဖွဲ့ဝင်ဖြစ်တဲ့ ဒေါက်တာ ဒေးဗစ် ခရက်သဝေါလ် (Dr. David Krathwohl) တို့ ဦးဆောင်ပြီး ၂၀၀၁ ခုနှစ်မှာ "Revised Bloom's Taxonomy" ကို ထုတ်ဝေခဲ့ကြပါတယ်။


ပြန်လည်ပြင်ဆင်ရန် လိုအပ်ချက်

မူရင်း Bloom's Taxonomy မှာ အားနည်းချက်အချို့ ရှိခဲ့တယ်လို့ယူဆခဲ့ကြပါတယ်။ ဥပမာ- "Knowledge" လိုမျိုး အဆင့်တွေကို နာမ်ပုဒ်အဖြစ် သတ်မှတ်ထားတာကြောင့် သင်ယူသူရဲ့ တိကျတဲ့ လုပ်ဆောင်ချက်ကို ဖော်ပြရာမှာ အနည်းငယ် ဝေဝါးမှုတွေ ရှိခဲ့တယ်လို့ယူဆခဲ့ကြပါတယ်။ ဒါ့အပြင် ကမ္ဘာကြီးရဲ့ ပြောင်းလဲလာမှု၊ နည်းပညာတွေ ပေါ်ပေါက်လာမှု၊ ပညာရေးဆိုင်ရာ သုတေသနအသစ်တွေအရ သိမြင်မှု (Cognition) အကြောင်းကို ပိုမိုနားလည်လာမှု စတာတွေကြောင့် ပိုမိုတိကျပြည့်စုံတဲ့ Taxonomy တစ်ခု ထပ်မံမွန်းမံဖို့ လိုအပ်လာတာပါ။ အထူးသဖြင့် "ဖန်တီးနိုင်စွမ်း" (Creating) ကို အမြင့်ဆုံး တွေးခေါ်မှုစွမ်းရည်အဖြစ် ပိုမိုအလေးထားလာကြပါတယ်။


၂၀၀၁ ခုနှစ် ပြန်လည်ပြင်ဆင်မှု

Lorin Anderson နဲ့ David Krathwohl တို့ ဦးဆောင်တဲ့ ပညာရှင်အဖွဲ့ဟာ မူရင်း Taxonomy ကို ပိုမိုကောင်းမွန်အောင်၊ ခေတ်နဲ့အညီ ဖြစ်အောင် ပြန်လည်ပြင်ဆင်ခဲ့ကြပါတယ်။ ဒီပြင်ဆင်မှုမှာ အဓိက အပြောင်းအလဲ (၂) ခု ရှိပါတယ်။


(၁) သိမြင်မှုလုပ်ငန်းစဉ်များ (Cognitive Process Dimension) နဲ့

(၂) အသိပညာ၏ ရှုထောင့်များ (Knowledge Dimension) တို့ဖြစ်ပါတယ်။


ဒီအတိုင်းအတာ နှစ်ခုကို ပေါင်းစပ်ပြီး ပညာရေးဆိုင်ရာ ရည်ရွယ်ချက်တွေကို ပိုမိုရှင်းလင်းတိကျစွာ သတ်မှတ်နိုင်ခဲ့ပါတယ်။


အဆင့်များ၏ ပြောင်းလဲမှုများ (Cognitive Process Dimension)

Revised Bloom's Taxonomy မှာ အဆင့်နာမ်ပုဒ်တွေကို ကြိယာပုဒ် တွေအဖြစ် ပြောင်းလဲခဲ့ပြီး သင်ယူသူရဲ့ တိကျတဲ့ လုပ်ဆောင်ချက်ကို ပိုမိုပေါ်လွင်စေခဲ့ပါတယ်။ ဒါ့အပြင် အဆင့် (၆) ဆင့်ရဲ့ အစီအစဉ်မှာလည်း အနည်းငယ် ပြောင်းလဲမှုတွေ ရှိခဲ့ပါတယ်။


၁။ မှတ်မိခြင်း (Remembering)

 မူရင်းအဆင့်

Knowledge (အသိဉာဏ်)

 အဓိပ္ပာယ်

အချက်အလက်၊ အယူအဆ၊ သဘောတရားများကို မှတ်ဉာဏ်မှ ပြန်လည် သတိရခြင်း သို့မဟုတ် မှတ်မိခြင်း။ ဒါဟာ သင်ယူမှုရဲ့ အနိမ့်ဆုံးအဆင့်ဖြစ်ပါတယ်။

 သော့ချက် စကားလုံးများ

ဖော်ပြပါ၊ အမည်ပေးပါ၊ စာရင်းပြုစုပါ၊ အဓိပ္ပာယ်ဖွင့်ဆိုပါ၊ ဖော်ထုတ်ပါ၊ ပြန်လည်ရေးပြပါ၊ ပြန်ပြောပြပါ၊ ခွဲခြားသိပါ။

 ဥပမာ

ပန်းအမျိုးအစား (၅) မျိုးကို စာရင်းပြုစုပါ။"


၂။ နားလည်ခြင်း (Understanding)

 မူရင်းအဆင့်

Comprehension (နားလည်ခြင်း)

 အဓိပ္ပာယ်

သတင်းအချက်အလက်တွေရဲ့ အဓိပ္ပာယ်ကို နားလည်ခြင်း။ ဒါဟာ အချက်အလက်တွေကို မှတ်မိရုံသာမကဘဲ ရှင်းပြနိုင်ခြင်း၊ အနှစ်ချုပ်နိုင်ခြင်း၊ ဘာသာပြန်နိုင်ခြင်း၊ ဥပမာပေးနိုင်ခြင်း၊ ရိုးရှင်းစွာနှိုင်းယှဉ်နိုင်ခြင်း တို့ ပါဝင်ပါတယ်။

 သော့ချက် စကားလုံးများ

ရှင်းပြပါ၊ အနှစ်ချုပ်ပါ၊ ဥပမာပေးပါ၊ ပြန်လည်ပြောပြပါ၊ အဓိပ္ပာယ်ဖော်ပါ၊ နှိုင်းယှဉ်ပါ၊ ခွဲခြားဖော်ပြပါ။

 ဥပမာ

ရာသီဥတု ပြောင်းလဲမှုနဲ့ ကမ္ဘာကြီးပူနွေးလာမှုကြားက ဆက်စပ်မှုကို သင့်ကိုယ်ပိုင် စကားလုံးတွေနဲ့ ရှင်းပြပါ။

 

၃။ အသုံးချခြင်း (Applying)

 မူရင်းအဆင့်

Application (အသုံးချခြင်း)

 အဓိပ္ပာယ်

သင်ယူထားတဲ့ အသိပညာ၊ နားလည်မှုနဲ့ နည်းလမ်းတွေကို အခြေအနေအသစ်တွေမှာ လက်တွေ့ကျကျ အသုံးပြုခြင်း။ ပြဿနာဖြေရှင်းခြင်း၊ လုပ်ငန်းစဉ်တစ်ခုကို ဆောင်ရွက်ခြင်း စတာတွေ ပါဝင်ပါတယ်။

 သော့ချက် စကားလုံးများ

အသုံးချပါ၊ ဖြေရှင်းပါ၊ တွက်ချက်ပါ၊ သရုပ်ပြပါ၊ ဆောင်ရွက်ပါ၊ ပြောင်းလဲပါ၊ ရေးဆွဲပါ၊ ပြင်ဆင်ပါ၊ ကောက်ချက်ချပါ (ရိုးရှင်းစွာ)။

 ဥပမာ

ပေးထားတဲ့ အချက်အလက်တွေနဲ့ ဇယားတစ်ခုကို တည်ဆောက်ပါ။

 

၄။ ခွဲခြမ်းစိတ်ဖြာခြင်း (Analyzing)

 မူရင်းအဆင့်

Analysis (ခွဲခြမ်းစိတ်ဖြာခြင်း)

 အဓိပ္ပာယ်

သတင်းအချက်အလက် သို့မဟုတ် ပြဿနာတစ်ခုကို အစိတ်အပိုင်းတွေအဖြစ် ခွဲခြမ်းပြီး၊ အဲ့ဒီအစိတ်အပိုင်းတွေကြားက ဆက်စပ်မှုတွေနဲ့ ဖွဲ့စည်းပုံကို ရှာဖွေခြင်း။ အကြောင်းရင်းရှာဖွေခြင်း၊ ဆက်နွှယ်မှုကို ဖော်ထုတ်ခြင်း၊ ကွဲပြားခြားနားမှုကို နှိုင်းယှဉ်ပြခြင်းတို့ ပါဝင်ပါတယ်။

 သော့ချက် စကားလုံးများ

ခွဲခြမ်းစိတ်ဖြာပါ၊ ခွဲခြားပါ၊ နှိုင်းယှဉ်ပါ (နက်နဲစွာ/ကွဲပြားချက်များ)၊ ကွဲပြားမှုရှာဖွေပါ၊ ဆက်စပ်မှုကို ရှာဖွေပါ၊ အကြောင်းရင်းရှာပါ၊ စစ်ဆေးပါ၊ စီစဉ်ပါ၊ အတည်ပြုပါ။

 ဥပမာ

နိုင်ငံများတွင် စစ်အာဏာသိမ်းမှုရဲ့ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာ သက်ရောက်မှုတွေကို ခွဲခြမ်းစိတ်ဖြာပါ။


၅။ အကဲဖြတ်ခြင်း (Evaluating)

 မူရင်းအဆင့်

Evaluation (အကဲဖြတ်ခြင်း)

 အဓိပ္ပာယ်

တန်ဖိုးတစ်ခု၊ အရည်အသွေးတစ်ခု၊ သို့မဟုတ် အယူအဆတစ်ခုရဲ့ မှန်ကန်မှု၊ ကိုက်ညီမှု၊ ထိရောက်မှု စတာတွေကို ခိုင်မာတဲ့ အထောက်အထားတွေနဲ့ ဝေဖန်သုံးသပ်ပြီး ဆုံးဖြတ်ချက်ချခြင်း။

 သော့ချက် စကားလုံးများ-အကဲဖြတ်ပါ၊ ဝေဖန်သုံးသပ်ပါ၊ ဆုံးဖြတ်ပါ၊ တန်ဖိုးဖြတ်ပါ၊ ထောက်ခံပါ၊ ဆန့်ကျင်ပါ၊ အတည်ပြုပါ၊ ဆင်ခြင်သုံးသပ်ပါ။

 သော့ချက် စကားလုံးများ

အကဲဖြတ်ပါ၊ ဝေဖန်သုံးသပ်ပါ၊ ဆုံးဖြတ်ပါ၊ တန်ဖိုးဖြတ်ပါ၊ ထောက်ခံပါ၊ ဆန့်ကျင်ပါ၊ အတည်ပြုပါ၊ ဆင်ခြင်သုံးသပ်ပါ။

 ဥပမာ

ဆိုရှယ်မီဒီယာကို အသုံးပြုခြင်း၏ အားသာချက်များနှင့် အားနည်းချက်များကို ဝေဖန်သုံးသပ်ပြီး သင်၏ ထင်မြင်ချက်ကို အထောက်အထားများဖြင့် ဖော်ပြပါ။


၆။ ဖန်တီးခြင်း (Creating)

 မူရင်းအဆင့်

Synthesis (ပေါင်းစပ်ဖန်တီးခြင်း)

 အဓိပ္ပာယ်

မတူညီတဲ့ အစိတ်အပိုင်းတွေ၊ အချက်အလက်တွေ၊ အယူအဆတွေကို ပေါင်းစပ်ပြီး လုံးဝအသစ်အဆန်းတစ်ခုကို တီထွင်ဖန်တီးခြင်း။ ဒီအဆင့်ဟာ ပြန်လည်ပြင်ဆင်ထားတဲ့ Taxonomy မှာ အမြင့်ဆုံးအဆင့် ဖြစ်ပြီး၊ မူရင်း Synthesis ရဲ့ အယူအဆကို တိုးချဲ့ထားတာပါ။ မူကြမ်းရေးဆွဲခြင်း၊ ဒီဇိုင်းဆွဲခြင်း၊ အစီအစဉ်ချခြင်း၊ အသစ်ဖန်တီးခြင်းတို့ ပါဝင်ပါတယ်။

 သော့ချက် စကားလုံးများ

ဖန်တီးပါ၊ ဒီဇိုင်းဆွဲပါ၊ စီစဉ်ပါ၊ တည်ဆောက်ပါ၊ မူကြမ်းရေးဆွဲပါ၊ ထုတ်လုပ်ပါ၊ ပုံစံထုတ်ပါ၊ အကြံပြုပါ၊ တီထွင်ပါ။

 ဥပမာ

ရေရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်မယ့် ဆန်းသစ်တဲ့ နည်းလမ်းတစ်ခုကို ဒီဇိုင်းဆွဲပြီး တင်ပြပါ။

အသိပညာ၏ ရှုထောင့်များ (Knowledge Dimension)

Revised Bloom's Taxonomy ရဲ့ နောက်ထပ်အရေးပါတဲ့ အစိတ်အပိုင်းကတော့ အသိပညာကို အမျိုးအစား (၄) မျိုး ခွဲခြားထားခြင်း ဖြစ်ပါတယ်။ ၎င်းတို့ကတော့

 

(က) Factual Knowledge (အချက်အလက်ဆိုင်ရာ အသိ)-အခြေခံအကျဆုံး အသိပညာဖြစ်ပြီး သီးခြားအချက်အလက်များ၊ ဝေါဟာရများ၊ အသေးစိတ်အချက်အလက်များနှင့် အခြေခံအ‌ေကြာင်းအရာများကို သိရှိခြင်း။

    ဥပမာ - ဓာတုဗေဒ သင်္ကေတများ၊ သမိုင်းဝင် ရက်စွဲများ။

 

(ခ) Conceptual Knowledge (သဘောတရားဆိုင်ရာ အသိ)-အမျိုးအစားများ၊ အဆင့်အတန်းများ၊ မူဘောင်များ၊ သီအိုရီများ၊ မော်ဒယ်များနှင့် ဖွဲ့စည်းပုံများကဲ့သို့သော အမျိုးအစားများနှင့် ဆက်နွှယ်မှုများကို သိရှိခြင်း။

ဥပမာ - ဒီမိုကရေစီ၏ သဘောတရား၊ ဆွဲငင်အား၏ နိယာမ။

 

(ဂ)Procedural Knowledge (လုပ်ငန်းစဉ်ဆိုင်ရာ အသိ)- မည်သို့လုပ်ဆောင်ရမည်ကို သိရှိခြင်း။ ကျွမ်းကျင်မှုများ၊ အယ်လ်ဂိုရီသမ်များ၊ နည်းလမ်းများ၊ နည်းပညာများနှင့် စံနှုန်းများကို သိရှိခြင်း။

    ဥပမာ - စက်ဘီးစီးနည်း၊ သင်္ချာပြဿနာဖြေရှင်းနည်း အဆင့်ဆင့်။

 

(ဃ)Metacognitive Knowledge (မိမိကိုယ်ကိုသိသော အသိ)-

မိမိကိုယ်ပိုင် သိမြင်မှုလုပ်ငန်းစဉ် (တွေးခေါ်မှု) အကြောင်းကို သိရှိခြင်း။ မိမိကိုယ်တိုင်၏ သင်ယူမှုနှင့်ပတ်သက်သော နားလည်မှု၊ မည်သို့သင်ယူရမည်ကို သိရှိခြင်း။

     ဥပမာ - မိမိ၏ အားသာချက်နှင့် အားနည်းချက်များကို သိရှိပြီး ပိုမိုကောင်းမွန်စွာ သင်ယူ နိုင်မည့် နည်းလမ်းကို ရွေးချယ်နိုင်ခြင်း။


Revised Bloom's Taxonomy ဟာ မူရင်း Taxonomy ရဲ့ အနှစ်သာရကို မတိမ်းစောင်းစေဘဲ ခေတ်နဲ့အညီ ပိုမိုပြည့်စုံတဲ့ လက်တွေ့ကျတဲ့ မူဘောင်တစ်ခုကို ချမှတ်ပေးနိုင်ခဲ့ပါတယ်။ ဒါဟာ ဆရာ၊ ဆရာမတွေ သင်းရိုးဆွဲသူ‌ေတွ အ‌ေနနဲ့ သင်ယူမှုရည်ရွယ်ချက်တွေကို ပိုမိုထိရောက်စွာ ဒီဇိုင်းဆွဲနိုင်ဖို့၊ ကျောင်းသားတွေရဲ့ တွေးခေါ်မှုစွမ်းရည် အဆင့်ဆင့်ကို မြှင့်တင်ပေးဖို့နဲ့ အကဲဖြတ်မှုတွေကို ပိုမိုမှန်ကန်တိကျစွာ ပြုလုပ်နိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ နည်းစနစ်တရပ်ပဲ ဖြစ်ပါတယ်။



မင်းကျော်(စက်မှု)

Comments


bottom of page