Bloom's Taxonomy အပိုင်း(၁)
- VSB Myanmar

- Feb 4
- 2 min read
𝐁𝐥𝐨𝐨𝐦'𝐬 𝐓𝐚𝐱𝐨𝐧𝐨𝐦𝐲 ဆိုတာဘာလဲ။
ပညာရေး လေ့ကျင့်ရေးနယ်ပယ်တွင် Bloom's Taxonomy ၏ အရေးပါပုံ ပညာရေး လေ့ကျင့်ရေးလောကမှာ "Bloom's Taxonomy" ဆိုတဲ့ စကားလုံးကို မကြာခဏ အားလုံး ကြားဖူးကြမှာပါ။ အထူးသဖြင့် ဒါဟာ ပညာရေးသမားတွေ၊ ဆရာ၊ ဆရာမတွေ၊ သင်ရိုးညွှန်းတမ်း ရေးဆွဲသူတွေနဲ့ စာမေးပွဲ စစ်ဆေးသူတွေအတွက် မရှိမဖြစ် လမ်းညွှန်သဘောတရားတစ်ခု ဖြစ်ပါတယ်။ ဒီ Taxonomy က ကျောင်းသား ကျောင်းသူတွေ လေ့လာသင်ယူသူတွေရဲ့ တွေးခေါ်နိုင်စွမ်းနဲ့ လုပ်ဆောင်နိုင်စွမ်းကို ဘယ်လိုမျိုး အဆင့်ဆင့် ဖွံ့ဖြိုးတိုးတက်အောင်လုပ်မလဲ၊ သူတို့ရဲ့ သင်ယူမှုရလဒ်တွေကို ဘယ်လိုတိကျစွာ တိုင်းတာ အကဲဖြတ်မလဲဆိုတာကို သိပ္ပံနည်းကျ ချပြထားတဲ့ သဘောတရားတစ်ခုဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်း ပြောရရင်တော့ ကျောင်းသား၊ ကျောင်းသူတစ်ယောက်ဟာ သင်ခန်းစာတစ်ခုကို ဘယ်အဆင့်အထိ နားလည်သလဲ၊ ဘယ်အဆင့်အထိ အသုံးချနိုင်သလဲ၊ ဝေဖန်ပိုင်းခြားနိုင်သလဲဆိုတာကို သိရှိဆန်းစစ်နိုင်ဖို့ ကူညီပေးတဲ့ မူဘောင် framework တစ်ခုပါပဲ။
𝐁𝐥𝐨𝐨𝐦'𝐬 𝐓𝐚𝐱𝐨𝐧𝐨𝐦𝐲 ၏ သမိုင်းကြောင်း
Bloom's Taxonomy ရဲ့ မူလအစက လွန်ခဲ့တဲ့ နှစ် ၇၀ နီးပါးကတည်းက စတင်ခဲ့တာဖြစ်ပါတယ်။ ၁၉၅၆ ခုနှစ်မှာ အမေရိကန် ပညာရေးစိတ်ပညာရှင် ဒေါက်တာ ဘန်ဂျမင် ဘလွန်း (Dr. Benjamin Bloom) ဦးဆောင်တဲ့ ပညာရှင်အဖွဲ့တစ်ဖွဲ့ဟာ ပညာရေးဆိုင်ရာ ရည်ရွယ်ချက် Educational Objectives တွေကို စနစ်တကျ ခွဲခြားသတ်မှတ်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ အဲ့ဒီအချိန်တုန်းက ဆရာ၊ ဆရာမတွေဟာ ကျောင်းသား၊ ကျောင်းသူတွေရဲ့ သင်ယူတတ်မြောက်မှု အဆင့်အတန်းကို တိတိကျကျ ဆုံးဖြတ်ဖို့ အခက်အခဲတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် Dr. Bloom နဲ့ သူ့အဖွဲ့ဟာ ကျောင်းသား၊ ကျောင်းသူတွေရဲ့ သိမြင်မှုဆိုင်ရာ (Cognitive) သင်ယူမှု ရလဒ်တွေကို အဆင့်ဆင့် ခွဲခြားပြတဲ့ စနစ်တစ်ခုကို ဖန်တီးခဲ့ကြပါတယ်။ ဒါကိုပဲ "Taxonomy of Educational Objectives: The Classification of Educational Goals, Handbook I: Cognitive Domain" လို့ နာမည်ပေးခဲ့ပြီး နောင်အခါမှာတော့ သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ Bloom's Taxonomy လို့ ခေါ်တွင်ခဲ့ကြတာပါ။
ဒီ Taxonomy ဟာ ပညာရေးနယ်ပယ်မှာ ကြီးမားတဲ့ သက်ရောက်မှုတွေ အကျိုးရှိမှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်မှာတော့ Bloom ရဲ့ တပည့်ဟောင်း Lorin Anderson နဲ့ David Krathwohl တို့ ဦးဆောင်တဲ့ ပညာရှင်အဖွဲ့တွေက နည်းပညာနဲ့ ခေတ်ရဲ့ လိုအပ်ချက်တွေနဲ့အညီ မူရင်း Taxonomy ကို ပြန်လည် မွန်းမံပြင်ဆင်ပြီး ပိုမိုပြည့်စုံတဲ့ ပုံစံမော်ဒယ်သစ်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီပုံစံမော်ဒယ်အသစ်ကို Revised Bloom's Taxonomy လို့ ခေါ်ဆိုကြပါတယ်။
𝐁𝐥𝐨𝐨𝐦'𝐬 𝐓𝐚𝐱𝐨𝐧𝐨𝐦𝐲 ၏ ရည်ရွယ်ချက်
Bloom's Taxonomy ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကျောင်းသား ကျောင်းသူ သင်ယူသူ တွေရဲ့ တွေးခေါ်နိုင်စွမ်း နဲ့ လုပ်ဆောင်နိုင်စွမ်း အဆင့်ဆင့်ကို နားလည်ဖို့၊ တိုင်းတာဖို့ နဲ့ မြှင့်တင်ဖို့ကို ဦးတည်တာပဲ ဖြစ်ပါတယ်။ ပညာရေးမှာ၊ လေ့လာသင်ယူမှုမှာ "အသိပညာ" ဆိုတာ ရိုးရိုးရှင်းရှင်း အချက်အလက်တွေကို မှတ်မိနေရုံ (remembering) နဲ့ မလုံလောက်ပါဘူး။ အဲ့ဒီအချက်အလက်တွေကို ဘယ်လို နားလည် (comprehension) သလဲ၊ လက်တွေ့မှာ ဘယ်လို အသုံးချနိုင်သလဲ (application)၊ ပြဿနာတွေကို ဘယ်လို ဖြေရှင်းနိုင်သလဲ (analysis and evaluation)၊ အသစ်အဆန်းတွေကို ဘယ်လို ဖန်တီးနိုင်သလဲ( synethesis) ဆိုတာတွေက ပိုပြီးအရေးကြီးပါတယ်။
Bloom's Taxonomy ဟာ ဒီလို တွေးခေါ်မှု အဆင့်တွေကို အောက်ခြေကနေ အပေါ်အထိ ပိရမစ်ပုံစံမျိုး စီစဉ်ထားပါတယ်။ အောက်ဆုံးအဆင့်က မှတ်မိခြင်းကိုအခြေပြုတဲ့ အခြေခံ အသိပညာ (basic knowledge) ဖြစ်ပြီး အပေါ်ဆုံးအဆင့်တွေမှာတော့ ပိုမိုရှုပ်ထွေးတဲ့ တွေးခေါ်မှုစွမ်းရည် (higher-order thinking skills) တွေ ပါဝင်ပါတယ်။ ဒီအဆင့်တွေကို သိရှိနားလည်ခြင်းအားဖြင့် ဆရာ၊ ဆရာမတွေ၊ သင်ရိုးရေးဆွဲသူတွေဟာ သင်ယူမှု ရည်ရွယ်ချက်တွေကို တိတိကျကျ သတ်မှတ်နိုင်ခြင်း၊ သင်ကြားရေး နည်းစနစ်တွေကို ပိုမိုထိရောက်စွာ ရွေးချယ်နိုင်ခြင်း၊ ကျောင်းသား၊ ကျောင်းသူ သင်ယူသူတွေရဲ့ တွေးခေါ်နိုင်စွမ်း အဆင့်ဆင့်ကို မြှင့်တင်ပေးနိုင်ခြင်း၊ စာမေးပွဲ မေးခွန်းတွေကို ပညာရေး ရည်ရွယ်ချက်နဲ့ ကိုက်ညီအောင် ဖန်တီးနိုင်ခြင်း၊ ကျောင်းသား၊ ကျောင်းသူ သင်ယူသူတွေရဲ့ တိုးတက်မှုကို ပိုမိုရှင်းလင်းစွာ အကဲဖြတ်နိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်စေခဲ့ပါတယ်။
ဒါ့အပြင် ကျောင်းသား ကျောင်းသူ သင်ယူသူတွေအနေနဲ့လည်း သူတို့ရဲ့ သင်ယူမှု ခရီးစဉ်မှာ ဘယ်အဆင့်ကို ရောက်ရှိနေပြီလဲ၊ ဘာတွေ ထပ်မံလေ့လာရဦးမလဲ၊ ဘယ်အပိုင်းတွေတိုးတက်ဖို့လိုအပ်ေနပြီလဲ ဆိုတာေတွကို ကိုယ်တိုင် နားလည်လာစေဖို့လည်း ကူညီပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့်မို့လို့ Bloom's Taxonomy ဟာ ခေတ်မီပညာရေး လေ့ကျင့်ရေးနယ်ပယ်မှာ အခြေခံအုတ်မြစ်တစ်ခု အဖြစ် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာပဲ ဖြစ်ပါတယ်။

မင်းကျော်(စက်မှု)
# VSB Myanmar
Sources-:
အခန်းဆက် ဆောင်းပါးဖြစ်ပါသည်။




Comments