top of page
  • Facebook

Bloom's Taxonomy အပိုင်း (၂)

Feb 4
2 min read
Bloom's Taxonomy ကို ပြုစုရေးသားသူများနှင့် ထပ်မံတိုးတက်အောင် လုပ်ဆောင်ခဲ့သူများ

Bloom's Taxonomy ဟာ ပညာရေးလောကအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အယူအဆမော်ဒယ် တစ်ခုဖြစ်ပါတယ်။ ဒီလိုအဖိုးတန်တဲ့ အယူအဆကို ဖန်တီးခဲ့ကြသူတွေအပြင် နောက်ပိုင်းမှာ ခေတ်နဲ့အညီ ပြန်လည်ပြီး အယူအဆမော်ဒယ်ကို အသစ်ပြင်ဆင်မွန်းမံခဲ့ကြသူတွေလည်း ရှိခဲ့ပါတယ်။


Benjamin Bloom (၁၉၁၃-၁၉၉၉) - မူလဖန်တီးရှင်

ဒေါက်တာ ဘန်ဂျမင် ဘလွန်း (Dr. Benjamin Bloom) ဟာ Bloom's Taxonomy ရဲ့ မူလ ဦးဆောင်ဖန်တီးသူ ဖြစ်ပါတယ်။ သူဟာ အမေရိကန်နိုင်ငံသား ပညာရေးဆိုင်ရာ စိတ်ပညာရှင်တစ်ဦးဖြစ်ပြီး၊ ၁၉၁၃ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ ချီကာဂိုတက္ကသိုလ် (University of Chicago) မှာ ပညာရေးဆိုင်ရာ အင်စပက်တော်အဖြစ် အဓိကလုပ်ကိုင် ခဲ့ပါတယ်။ သူရဲ့ ပညာရေးဆိုင်ရာ အတွေးအခေါ်တွေဟာ သင်ရိုးညွှန်းတမ်းရေးဆွဲရေး၊ သင်ကြားရေးနည်းစနစ်တွေနဲ့ စာမေးပွဲစစ်ဆေးရေးတွေမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။


Bloom ရဲ့ အဓိက အတွေးအခေါ်ကတော့ သင်ယူသူတိုင်းဟာ သင့်လျော်တဲ့ သင်ကြားမှု အခြေအနေနဲ့ အချိန်ပမာဏကို ရရှိမယ်ဆိုရင်၊ သူတို့ရဲ့ သင်ယူမှု ရည်ရွယ်ချက်တွေကို အောင်မြင်စွာ ရရှိနိုင်တယ်ဆိုတာပါပဲ။ ဒါကို "Mastery Learning" လို့ ခေါ်ဆိုပါတယ်။ ဒီလို သင်ယူမှု ရလဒ်တွေကို ရ မရ ဘယ်လိုတိုင်းတာမလဲ၊ ဘယ်လို ခွဲခြားသတ်မှတ်မလဲ ဆိုတာကနေပဲ သူဟာ ပညာရေးဆိုင်ရာ ရည်ရွယ်ချက်တွေကို စနစ်တကျ ခွဲခြားသတ်မှတ်တဲ့ "Taxonomy of Educational Objectives" ကို ဖန်တီးဖို့ စိတ်ကူးရခဲ့တာပါ။ သူဟာ ကျောင်းသားတွေရဲ့ သိမြင်မှုဆိုင်ရာ (Cognitive Domain) တွေးခေါ်မှုစွမ်းရည်တွေကို အဆင့်ဆင့် ခွဲခြားပြပြီး၊ သင်ကြားရေးသမားတွေ ဆရာတွေအတွက် ရှင်းလင်းတဲ့ လမ်းညွှန်ချက်တွေကို ပေးနိုင်ခဲ့ပါတယ်။ Dr. Bloom ဟာ ၁၉၉၉ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။


ပူးပေါင်းပါဝင်ခဲ့သူများနဲ့အဖွဲ့လိုက်ကြိုးပမ်းမှု

Bloom's Taxonomy ဆိုတာ Dr. Benjamin Bloom တစ်ဦးတည်းရဲ့ ကြိုးပမ်းမှု မဟုတ်ဘဲ၊ ပညာရေးဆိုင်ရာ ပညာရှင်အများအပြားရဲ့ အဖွဲ့လိုက် ကြိုးပမ်းမှုရဲ့ ရလဒ်ပဲ ဖြစ်ပါတယ်။ သူနဲ့အတူ အဓိက ပူးပေါင်းပါဝင်ခဲ့တဲ့ ပညာရှင်တွေထဲမှာ ဒေးဗစ် ခရက်သဝေါလ် (David Krathwohl) က ထင်ရှားပါတယ်။ Krathwohl ဟာ Bloom ရဲ့ ချီကာဂိုတက္ကသိုလ်က လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်ပြီး၊ Bloom's Taxonomy ရဲ့ Cognitive Domain ကို ဖန်တီးရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ နောက်ပိုင်းမှာ Bloom's Taxonomy ရဲ့ Affective Domain (စိတ်ခံစားမှုဆိုင်ရာ) ကိုလည်း ဦးဆောင်ဖန်တီးခဲ့သူဖြစ်ပါတယ်။


ဒီပညာရှင်အဖွဲ့ဟာ ၁၉၄၉ ခုနှစ်မှာ စတင်တွေ့ဆုံခဲ့ကြပါတယ်။ ၈ နှစ်ကြာအောင် သုတေသနပြုလုပ်ခဲ့ပြီး ၁၉၅၆ ခုနှစ်မှာ သူတို့ရဲ့ Cognitive Domain Taxonomy ကို ပထမဆုံးအကြိမ် ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ ပညာရေးဆိုင်ရာ ရည်ရွယ်ချက်တွေကို စနစ်တကျ တင်ပြနိုင်ဖို့ ပညာရေးရဲ့ အရည်အသွေးကို မြှင့်တင်ဖို့နဲ့ သင်ယူမှု ရလဒ်တွေကို ပိုမိုတိကျစွာ တိုင်းတာနိုင်ဖို့ ရည်ရွယ်ခဲ့ကြတာဖြစ်ပါတယ်။


ခေတ်မီအောင် ပြန်လည်ပြင်ဆင်သူများနဲ့ ၂၀၀၁ ခုနှစ် ပြောင်းလဲမှု

မူရင်း Bloom's Taxonomy ဟာ ပညာရေးနယ်ပယ်မှာ ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိခဲ့ပေမယ့် နှစ်ပေါင်းများစွာ ကြာလာတဲ့အခါမှာ ခေတ်နဲ့အညီ လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ဖို့ လိုအပ်လာခဲ့တယ်လို့ယူဆခဲ့ကြပါတယ်။ ဒီပြုပြင်ပြောင်းလဲမှုတွေကို ဦးဆောင်ခဲ့သူတွေကတော့ လော်ရင် အန်ဒါဆန် (Lorin Anderson) နဲ့ ဒေးဗစ် ခရက်သဝေါလ် (David Krathwohl) တို့ပဲ ဖြစ်ပါတယ်။ Lorin Anderson ဟာ Benjamin Bloom ရဲ့ တပည့်ဟောင်းတစ်ဦးဖြစ်ပြီး၊ Krathwohl ကတော့ မူရင်း Bloom's Taxonomy မှာ ပါဝင်ခဲ့တဲ့ ပညာရှင်တစ်ဦးဖြစ်ပါတယ်။


၂၀၀၁ ခုနှစ်မှာ "A Taxonomy for Learning, Teaching, and Assessing: A Revision of Bloom's Taxonomy of Educational Objectives" ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြန်လည်ပြင်ဆင်ထားတဲ့ Bloom's Taxonomy ကို ထုတ်ဝေခဲ့ပါတယ်။ ဒီပြင်ဆင်မှုမှာ အဓိက ပြောင်းလဲမှုတွေကတော့


(၁) အဆင့်လိုက်သုံးထားတဲ့ နာမ်ပုဒ်များမှ ကြိယာများအဖြစ်သို့ ပြောင်းလဲခြင်း

မူရင်း Taxonomy ရဲ့ "Knowledge, Comprehension, Application, Analysis, Synthesis, Evaluation" ဆိုတဲ့ နာမ်တွေသုံးထားတဲ့နေရာတွေကို သင်ယူမှုလုပ်ငန်းစဉ်ကို ပိုမိုထင်ဟပ်စေမယ့် "Remembering, Understanding, Applying, Analyzing, Evaluating, Creating" (မှတ်မိ၊နားလည်၊အသုံးချ၊စိစစ်၊အကဲဖြတ်၊ဖန်တီး) ဆိုတဲ့ ကြိယာ action တွေအဖြစ် ပြောင်းလဲခဲ့ပါတယ်။ ဒီလိုပြောင်းလဲလိုက်ခြင်းအားဖြင့် ဆရာ၊ ဆရာမတွေဟာ သင်ယူမှု ရည်ရွယ်ချက်တွေကို ပိုမိုတိကျတဲ့ လုပ်ဆောင်ချက်တွေအဖြစ် ပိုမိုသတ်မှတ်နိုင်မယ်လို့ယူဆခဲ့ကြပါတယ်။

 

(၂) Taxonomy Level အဆင့်များ၏ နေရာအပြောင်းအလဲ

 မူရင်း Taxonomy မှာ အမြင့်ဆုံးအဆင့်ဖြစ်တဲ့ "Evaluation"အကဲဖြတ်ခြင်း နဲ့ "Synthesis"ဖန်တီးခြင်း တို့ရဲ့ နေရာ‌ေတွကို အထက်အောက်ပြောင်းလဲခဲ့ပါတယ်။ ပြန်လည်ပြင်ဆင်ထားတဲ့ Taxonomy မှာ "Creating" က အမြင့်ဆုံးအဆင့် ဖြစ်လာပြီး၊ "Evaluating" က သူ့အောက်က အဆင့်မှာ ရောက်ရှိသွားခဲ့ပါတယ်။ ဒါဟာ "ဖန်တီးနိုင်စွမ်း(Creating)" ကို အမြင့်ဆုံး တွေးခေါ်မှုစွမ်းရည်အဖြစ် အလေးပေးဖော်ပြလိုက်တာပဲ ဖြစ်ပါတယ်။

 

(၃) အသိပညာ၏ ရှုထောင့်များ (Knowledge Dimension) ထည့်သွင်းခြင်း

ပြန်လည်ပြင်ဆင်ထားတဲ့ Taxonomy မှာ အသိပညာကို ရှုထောင့် (၄) ခု ခွဲခြားသတ်မှတ်ထားပါတယ်။ ဒါတွေကတော့ Factual (အချက်အလက်)၊ Conceptual (သဘောတရား)၊Procedural (လုပ်ငန်းစဉ်) နဲ့ Metacognitive (ကိုယ်ကိုသိသော) ရှု့ထောင့်တို့ပဲ ဖြစ်ပါတယ်။ ဒီလိုခွဲခြားလိုက်ခြင်းက သင်ယူမှု ရည်ရွယ်ချက်တွေကို ပိုမိုပြည့်စုံစွာ စဉ်းစားချင့်ချိန်သတ်မှတ်နိုင်ဖို့ ဦးတည်စေခဲ့ပါတယ်။


ဒီလို ပြုပြင်ပြောင်းလဲမှုတွေဟာ Bloom's Taxonomy ကို ခေတ်သစ်ပညာရေး လိုအပ်ချက်တွေနဲ့ ပိုမိုကိုက်ညီစေခဲ့ပါတယ်။ ဆရာ၊ ဆရာမတွေနဲ့ ပညာရေးသမားတွေအတွက် ပိုမိုထိရောက်တဲ့ အသုံးချမော်ဒယ်တစ်ခု ဖြစ်လာစေခဲ့ပါတယ်။ Dr. Benjamin Bloom နဲ့ သူ့ရဲ့ ပူးပေါင်းပါဝင်သူအဖွဲ့ဝင်တွေရဲ့ မူလစိတ်ကူးဟာ နှစ်ပေါင်းများစွာ ကြာလာသည့်တိုင်အောင် ပညာရေး ‌၊သင်ကြားရေး၊သင်ယူရေး ၊လေ့ကျင့်ရေးလောကကို ဆက်လက် လမ်းညွှန်ထိမ်း‌ေကျာင်းပေးနေဆဲပဲ ဖြစ်ပါတယ်။



မင်းကျော်(စက်မှု)

# VSB Myanmar

   Sources-:


အခန်းဆက် ဆောင်းပါးဖြစ်ပါသည်။

Comments


bottom of page