လေ့ကျင့်ရေးနှင့် ဘေးကင်းကျန်းမာရေး (ချက်သမ္မတနိုင်ငံအတွ့အကြုံ)
- VSB Myanmar

- Jul 29
- 2 min read
ချက်သမ္မတနိုင်ငံတွင် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ဘာသာရပ်ကို ကျောင်းများ၌ ထည့်သွင်းသင်ကြားရေးအတွက် အထူးတလည် သတ်မှတ်ပြဋ္ဌာန်းထားသော ဥပဒေ မရှိချေ။ သို့သော် ချက်သမ္မတနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ပြဋ္ဌာန်းချက်အမှတ်-၁၅၅ ကို လက်ခံကျင့်သုံးနေသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ကျောင်းများအက် ဥပဒေအမှတ် - ၂၉ ၌ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ဆက်နွယ်သော အခြေခံသဘောတရား များကို ထည့်သွင်းပြဋ္ဌာန်းထားသည်။
ဥပမာအားဖြင့် အများပြည်သူ ဘေးကင်းကျန်းမာရေးနှင့်ညီညွတ်သော ပတ်ဝန်းကျင်ကောင်း ဖန်တီးခြင်း အလုပ်ရုံများ၊ စမ်းသပ်ခန်းများ၌ လေ့ကျင့်သင်ကြားစဉ်အတွင်း ကျန်းမာရေးနှင့် ညီညွတ်သော ဘေးကင်းသော စနစ်ကျသည့် အပြုအမူအဖြစ် လေ့ကျင့်သင်ကြားမှု ပြုလုပ်စေခြင်း၊ အားကစား လေ့ကျင့်ခန်းအစီအစဉ်များအတွင်း ဘေးအန္တရာယ်ကင်းသော အပြုအမူ အလေ့အကျင့်ဖြင့် လေ့ကျင့်မှုပြုလုပ်ခြင်း၊ နည်းပညာနှင့် သက်မွေးပညာရေး၊ လေ့ကျင့်ရေးကဏ္ဍ၌လည်းကောင်း၊ ကုမ္ပဏီလုပ်ငန်းခွင်၌ သွားရောက်လေ့လာသင်ယူရာတွင်လည်းကောင်း ဘေးအန္တရာယ်ကင်းရှင်းရေး စည်းမျဉ်းစည်းကမ်းများအား လိုက်နာဆောင်ရွက်၍ လေ့လာသင်ယူမှုပြုခြင်း၊ ဓာတု၊ လျှပ်စစ်၊ ကျန်းမာရေး၊ ကယ်ဆယ်ရေး၊ မီးသတ် စသော အလုပ်အကိုင်ဆိုင်ရာ သင်တန်းများ၌ ဘေးကင်းကျန်းမာရေး ဘာသာရပ်အား စနစ်တကျ ထည့်သွင်းသင်ကြားခြင်းတို့သည် သိသာထင်ရှားသော နမူနာကောင်းများ ဖြစ်ပါသည်။
ကျောင်းများ ဘေးအန္တရာယ်ကင်းရှင်းရေးလုပ်ထုံးလုပ်နည်းများသည် စာသင်ကျောင်း ဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများ၏ ဘေးကင်းကျန်းမာရေးအား အကာအကွယ်ပေးထားသည်။ ယင်းကို ပညာရေး၊ လူငယ်နှင့် အားကစားဝန်ကြီးဌာန ကြေငြာချက်အမှတ် - ၁၄၂၆၉/၂၀၀၁-၂၆ ဖြင့် ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ကလေးသူငယ်များနှင့် ကျောင်းသား/ကျောင်းသူများအတွက် ဘေး အန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေး လမ်းညွှန်ချက်များကို ဝန်ကြီးဌာနမှ ကြေငြာချက်အမှတ် -၂၉၁၅၉/၂၀၀၁-၂၆ ဖြင့် ထုတ် ပြန်ခဲ့သည်။ ယင်းအချက်သည် ကျောင်းနှင့် ကျောင်းပရိဝုဏ်အားလုံးအပေါ်၌ လွှမ်းမိုးသက်ရောက်သည်။
သင်ရိုးညွှန်းတမ်းပြုပြင်ပြောင်းလဲမှု
ချက်သမ္မတနိုင်ငံသည် အမျိုးသားပညာရေး သင်ရိုးညွှန်းတမ်း ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်အား ခေတ်နှင့်အညီ ဆောင်ရွက်လျက်ရှိသည်။ ယင်းပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်သည် ပညာရေးအဝန်းအဝိုင်းအတွင်း လုပ်ငန်းခွင် ဘေးကင်းကျန်းမာရေး လေ့လာသင်ယူမှုအား ထည့်သွင်းရန် အခွင့် အလမ်းကောင်း တစ်ခု ဖြစ်ခဲ့သည်။ ပညာရေး လူငယ်နှင့် အားကစားဝန်ကြီးဌာနသည် ကျောင်းပညာရေး၏ သင်ကြားမှုဘာသာ ရပ်အစီအစဉ်များကို သတ်မှတ်ပြဋ္ဌာန်းသည်။ ဝန်ကြီးဌာနသည် အခြေခံပညာကျောင်းများ၊ တက္ကသိုလ်နှင့် အဆင့်မြင့်ပညာရေး အစီအစဉ်များကို အတည်ပြုပြဋ္ဌာန်းပေးသည်။
သင်ရိုးညွှန်းတမ်းပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်
သင်ရိုးညွှန်းတမ်းပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင် အောက်ပါတို့ ပါဝင်သည်။
(က) ၂၀၀၆ ခုနှစ်တွင် အမျိုးသားပညာရေးအစီအစဉ်ကို အတည်ပြုသတ်မှတ်ခြင်း
(ခ) အမျိုးသားအဆင့် မူဘောင်သတ်မှတ်ခြင်း၊ သင်ကြားရေးရည်ရွယ်ချက်များနှင့် သင်ကြားရေးအကြောင်းအရာ မာတိကာများ သတ်မှတ်ခြင်း
(ဂ) အမျိုးသားအဆင့် မူဘောင်ကို အခြေခံ၍ ကျောင်းများအလိုက် ကိုယ်ပိုင်သင်ကြားရေး အစီအစဉ်များ၊ လက်စွဲစာအုပ်များ ပြုစုရေးသားခြင်း
(ဃ) ၂၀၀၄ မှ ၂၀၀၆ ခုနှစ်အထိ အခြေခံပညာအထက်တန်းကျောင်း ၁၆ ကျောင်းအား ရှေ့ပြေး စမ်းသပ်ခြင်း
(င) နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းပညာကျောင်းများအတွက် ဦးစားပေးကျောင်းများ ရွေး ချယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း
မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများ
ကျောင်းများ၏ လေ့ကျင့်သင်ကြားရေးအစီအစဉ်များအတွင်း ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်း မာရေးအကြောင်းအရာများသည် တဖြေးဖြေး တိုးတက်နေရာယူလျက်ရှိသည်။ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးရှုထောင့်အရ သင်ကြားရေးရည်ရွယ်ချက်များတွင် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ် အလေးထားမှု မြင့်မားလာရေးဆိုသောအချက် ပါဝင်သည်။ ယင်းရည်ရွယ်ချက်အရ ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုဘဝပုံစံ (ဥပမာ-အစားအသောက်၊ ကိုယ်လက်လေ့ကျင့်ခန်း၊ အနားယူမှု၊ သန့်ရှင်းမှု၊ တစ်ကိုယ်ရေဘေးကင်းလုံခြုံရေး)နှင့် သင့်တော်သော နည်းလမ်းပုံစံများအား အသုံးပြုခြင်းကို ထည့်သွင်းသင်ကြားမှုပြုလုပ်၏။ သင်ကြားရေးအစီအစဉ်များတွင် ဘဝတစ်သက်တာတွက် အရေးကြီးသော၊ အန္တရာယ်ဆိုးကျိုးဖြစ်စေသော အပြုအမူများကို ရှောင်ကြဉ်ရေး၊ ကျန်းမာရေး ကောင်းကျိုး ဖြစ်စေသော အပြုအမူများကို ကျင့်ကြံရေး၊ အန္တရာယ်ဖြစ်နိုင်ချေများအား သိရှိနားလည်ရေးကို အရေးကြီး အစိတ်အပိုင်းတစ်ရပ်အဖြစ် ထည့်သွင်းသင်ကြားသည်။
နည်းပညာနှင့် အသက်မွေးဝမ်းကြောင်း ပညာရေး
ယခင်က နည်းပညာနှင့် အသက်မွေးဝမ်းကျောင်း အထက်တန်းကျောင်းများတွင် လုပ်ငန်းခွင် ဘေးကင်းကျန်းမာရေးအား သီးသန့်ဘာသာရပ်တစ်ခုအဖြစ် ထည့်သွင်းသင်ကြားခဲ့ခြင်းမရှိပေ။ ၁၉၉၀ ခုနှစ် အစောပိုင်းကာလများတွင် ပညာရေး၊ လူငယ်နှင့် အားကစားဝန်ကြီးဌာနသည် နည်းပညာနှင့် အသက်မွေးဝမ်းကြောင်းကျောင်းများ၏ သင်ရိုးညွှန်းတမ်းများအတွင်း လုပ်ငန်းခွင် ဘေးကင်းကျန်းမာရေးဘာသာရပ်အား စတင်ထည့်သွင်းလာခဲ့သည်။ အထူးသဖြင့် လျှပ်စစ်၊ စက်မှု၊ အော်တိုမေးရှင်း၊ နည်းပညာနှင့် အလုပ်ရုံ ဆိုင်ရာ ဘာသာရပ်နယ်ပယ်များတွင် ပေါင်းစပ်ထည့်သွင်းလာခဲ့သည်။ အချို့ဘာသာရပ်နယ်ပယ်များတွင် နောက်ဆုံး အတန်းတင်စာမေးပွဲများ၌ လုပ်ငန်းခွင်ဘေးကင်းကျန်းမာရေး အသိပညာဆိုင်ရာ မေးခွန်းများ ထည့်သွင်းမေးမြန်းလာခဲ့သည်။ ထိုနည်းတူ ကျန်းမာရေးနှင့် ဆေးပညာဆိုင်ရာ ကျောင်းများ (ဥပမာ-သူနာ ပြုသင်တန်းကျောင်းများ၌) အန္တရာယ်ရှိသော ပစ္စည်းပစ္စယနှင့် အခြေအနေများအား ကိုင်တွယ်ခြင်း၊ ထိခိုက်ဒဏ်ရာရသူများ၊ မမာမကျန်းသူများအား သယ်ယူခြင်း စသည့် ဆိုးကျိုးသက်ရောက်မှုဖြစ်နိုင်ချေနှင့် ဆက်စပ်သော ဘာသာရပ်များအကြောင်းအရာများအား ထည့်သွင်းသင်ကြားခဲ့သည်။
၂၀၀၀ ခုနှစ်တွင် ဘရာနိုရှိ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး အင်စတီကျုသည် သက်မွေးပညာသင်ကျောင်းများရှိ သင်ရိုးညွှန်းတမ်းများအတွင်း လုပ်ငန်းခွင် ဘေးကင်းကျန်းမာရေး ဘာသာ ရပ်အကြောင်းအရာများအား ထည့်သွင်းထားရှိမှု အခြေအနေကို လေ့လာဆန်းစစ်မှု ပြုလုပ်ခဲ့သည်။ ရလဒ် အကျိုးဆက်အနေဖြင့် အဆိုပါအင်စတီကျုသည် အမျိုးသား အသက်မွေးဝမ်းကြောင်းပညာရေး အင်စတီကျုနှင့် ပူးပေါင်း၍ သင်ကြားရေးမူဘောင်တစ်ခုကို အသက်မွေးဝမ်းကြောင်းပညာကျောင်းများအတွက် ရေးဆွဲခဲ့သည်။ ယင်းမူဘောင်အရ အသက်မွေးဝမ်းကျောင်းဆင်းသူတိုင်းတွင် လုပ်ငန်းခွင် ဘေးကင်းကျန်းမာရေးဆိုင်ရာ လုပ်ရည်ကိုင်ရည်ရှိရမည်ဟု သတ်မှတ်ခဲ့သည်။
သို့သော် ယင်းအချက်ကို အောင်မြင်အောင် အကောင်အထည်ဖော်ရန်ကိစ္စသည် လွယ်ကူမှု မရှိလှပေ။ သင်ကြားရေး ဆရာ ဆရာမများ၊ နည်းပြများ အားလုံးတွင် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဘာသာရပ်နှင့် ပတ်သက်၍ ကျွမ်းကျင်မှုရှိရန် လိုအပ်လာသည်။ လက်ရှိအနေအထားအထိ ဆရာအတတ်သင်နှင့် နည်းပြ လေ့ကျင့်ရေးအစီအစဉ်များအတွင်း လုပ်ငန်းခွင်ဘေးကင်းကျန်းမာရေး ဘာသာရပ်အား စနစ်တကျ ထည့်သွင်းသင်ကြားခြင်းမရှိသေးပေ။ အခြားသော ကောင်းမွန်သော အပြောင်းအလဲတစ်ရပ်မှာ အသက်မွေးဝမ်းကြောင်းပညာရေးကျောင်းများ၌ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး အရာရှိများ ခန့်ထားလာခြင်းဖြစ်သည်။ ၎င်းတို့၏ တာဝန်မှာ စာသင်နှစ်အစတိုင်းတွင် ကျောင်းသား ကျောင်းသူများအား ဘေးကင်းကျန်းမာရေးအကြောင်းအရာများအား မိတ်ဆက်သင်ကြားပေးရေးဖြစ်သည်။
သစ္စာငြိမ်း
Myanmar TVET Development Journal အတွဲ (၁)၊ အမှတ် (၁) တွင် တင်ဆက်ထားသော ဆောင်းပါးအား ပြန်လည်ဖော်ပြလိုက်ပါသည်။







Comments