Bloom's Taxonomy အပိုင်း (၃)
Bloom's Taxonomy ၏ မူရင်းအဆင့်များ (Original Taxonomy)
ပညာရေး လေ့ကျင့်ရေး လုပ်ငန်းတွေမှာ ကျောင်းသားတစ်ယောက်ရဲ့ သင်ယူမှုအဆင့်အတန်းကို ဘယ်လိုတိုင်းတာမလဲ၊ သူတို့ရဲ့ တွေးခေါ်နိုင်စွမ်းကို ဘယ်လိုမြှင့်တင်မလဲဆိုတာက အမြဲတမ်း စိန်ခေါ်မှုတစ်ခုဖြစ်နေမှာပါပဲ။ ဒီစိန်ခေါ်မှုကို ဖြေရှင်းဖို့အတွက် ဒေါက်တာ ဘန်ဂျမင် ဘလွန်းနဲ့ သူ့အဖွဲ့ဟာ ၁၉၅၆ ခုနှစ်မှာ မူရင်း Bloom's Taxonomy ကို စနစ်တကျ ဖန်တီးပေးခဲ့ပါတယ်။ ဒီ Taxonomy ဟာ ပညာရေးဆိုင်ရာ ရည်ရွယ်ချက်တွေကို သိမြင်မှုဆိုင်ရာ (Cognitive Domain) အဆင့် (၆) ဆင့် ခွဲခြားသတ်မှတ်ပေးခဲ့ပါတယ်။ သင်ကြားသူတွေအတွက် သင်ရိုးညွှန်းတမ်း ရေးဆွဲရာမှာ၊ သင်ကြားရေးနည်းစနစ်တွေ ချမှတ်ရာမှာနဲ့ စာမေးပွဲစစ်ဆေးရာမှာ အဓိက လမ်းညွှန်ချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။
ပညာရပ်ဆိုင်ရာ ရည်ရွယ်ချက်များ ခွဲခြားသတ်မှတ်ခြင်း
အဓိက အဆင့် (၆) ဆင့်
မူရင်း Bloom's Taxonomy ရဲ့ Cognitive Domain မှာ ပါဝင်တဲ့ အဓိက အဆင့် (၆) ဆင့်ကို အောက်ခြေအဆင့်ကနေ အမြင့်ဆုံးအဆင့်အထိ အဆင့်ဆင့် ကြည့်မယ်ဆိုရင်
၁။ အသိဉာဏ် (𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞)
အဓိပ္ပာယ် - ဒီအဆင့်ကတော့ သင်ယူမှုရဲ့ အခြေခံအကျဆုံး အဆင့်ပါ။ အချက်အလက်တွေ၊ သဘောတရားတွေ၊ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ၊ နာမည်တွေ၊ နေရာတွေကို ပြန်လည် မှတ်မိခြင်း နဲ့ သိရှိခြင်း ကို ဆိုလိုပါတယ်။ နားလည်မှု နက်နဲဖို့ မလိုဘဲ အချက်အလက်ကို ပြန်ပြောနိုင်ရုံ၊ ပြန်လည်ဖော်ထုတ်နိုင်ရုံပဲ လိုပါတယ်။
ဝိသေသလက္ခဏာ - ရိုးရိုးရှင်းရှင်း အချက်အလက်များကို မှတ်မိခြင်းပါ။
သော့ချက် စကားလုံးများ-ဖော်ပြပါ၊ အမည်ပေးပါ၊ စာရင်းပြုစုပါ၊ အဓိပ္ပာယ်ဖွင့်ဆိုပါ၊ ဖော်ထုတ်ပါ၊ ရေးပြပါ၊ ပြန်ပြောပြပါ။
ဥပမာ -
(က) "မြန်မာနိုင်ငံ၏ မြို့တော်သည် မည်သည့်မြို့ဖြစ်သနည်း။"
(ခ) "ဒီမိုကရေစီ၏ အဓိပ္ပာယ်ကို ဖွင့်ဆိုပါ။"
၂။ နားလည်ခြင်း (𝐂𝐨𝐦𝐩𝐫𝐞𝐡𝐞𝐧𝐬𝐢𝐨𝐧)
အဓိပ္ပာယ် - ဒီအဆင့်မှာတော့ အချက်အလက်တွေကို မှတ်မိရုံသာမကတော့ဘဲ၊ သူတို့ရဲ့ အဓိပ္ပာယ်ကို "နားလည်ခြင်း" ပါဝင်လာပါတယ်။ မိမိကိုယ်တိုင် မိမိ စကားလုံးတွေနဲ့ ပြန်ရှင်းပြနိုင်ခြင်း၊ အနှစ်ချုပ်ပြနိုင်ခြင်း၊ ဥပမာပေးနိုင်ခြင်း စတာတွေ လုပ်နိုင်ရပါမယ်။
ဝိသေသလက္ခဏာများ - အချက်အလက်၏ အဓိပ္ပာယ်ကို ကောင်းစွာ သိရှိနားလည်ခြင်း။
သော့ချက် စကားလုံးများ-ရှင်းပြပါ၊ အနှစ်ချုပ်ပါ၊ ဥပမာပေးပါ၊ နှိုင်းယှဉ်ပါ ၊ပြန်လည်ဖော်ပြပါ။
ဥပမာ
(က)"ဒီမိုကရေစီဆိုတဲ့ သဘောတရားကို သင့်ကိုယ်ပိုင် စကားလုံးတွေနဲ့ ရှင်းပြပါ။"
(ခ)"ရာသီဥတု ပြောင်းလဲမှုရဲ့ အကြောင်းရင်းတွေကို ရှင်းပြပါ။"
၃။ အသုံးချခြင်း (𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧)
အဓိပ္ပာယ် - သင်ယူထားတဲ့ အသိပညာနဲ့ နားလည်မှုတွေကို အခြေအနေအသစ်တွေမှာ လက်တွေ့ကျကျ ပြန်လည်အသုံးပြုနိုင်ခြင်း ကို ဆိုလိုပါတယ်။
ဥပမာ - သင်္ချာညီမျှခြင်းတစ်ခုကို တွက်ချက်ခြင်း၊ နည်းလမ်းတစ်ခုကို ပြဿနာတစ်ခုေဖြရှင်းရာမှာ အသုံးပြုခြင်း စတာတွေ ပါဝင်ပါတယ်။
ဝိသေသလက္ခဏာများ - သဘောတရားများကို လက်တွေ့ကျစွာအသုံးပြုနိုင်ခြင်း။
သော့ချက် စကားလုံးများ- အသုံးချပါ၊ ဖြေရှင်းပါ၊ တွက်ချက်ပါ၊ သရုပ်ပြပါ၊ ပြောင်းလဲပါ၊ ဆောင်ရွက်ပါ။
ဥပမာ -
(က)"သင်္ချာပုံသေနည်းကို အသုံးပြုပြီး ဒီပုစ္ဆာကို တွက်ချက်ပါ။"
(ခ) "ဆရာပေးထားသော ညွှန်ကြားချက်များအတိုင်း ပုံဆွဲပြပါ။"
၄။ ခွဲခြမ်းစိတ်ဖြာခြင်း (𝐀𝐧𝐚𝐥𝐲𝐬𝐢𝐬)
အဓိပ္ပာယ် - အချက်အလက်များ၊ အယူအဆများ သို့မဟုတ် ပြဿနာတစ်ခုကို သေးငယ်တဲ့ အစိတ်အပိုင်းတွေအဖြစ် ခွဲခြမ်းစိတ်ဖြာပြီး၊ အဲ့ဒီအစိတ်အပိုင်းတွေအချင်းချင်း ဘယ်လိုဆက်စပ်နေသလဲ ဆိုတာကို ရှာဖွေနိုင်ခြင်း ဖြစ်ပါတယ်။
အကြောင်းအရာတစ်ခုရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းတွေ၊ ဖွဲ့စည်းပုံ၊ ဆက်နွှယ်မှုတွေကို နားလည်ဖို့ လိုအပ်ပါတယ်။
ဝိသေသလက္ခဏာများ - အစိတ်အပိုင်းများအဖြစ် ခွဲခြမ်း၍ ဆက်စပ်မှုကို ရှာဖွေခြင်း။
သော့ချက် စကားလုံးများ- ခွဲခြမ်းစိတ်ဖြာပါ၊ ခွဲခြားပါ၊ အသေးစိတ်နှိုင်းယှဉ်ပါ၊ ကွဲပြားမှုကိုရှာဖွေပါ၊ ဆက်စပ်မှုကို ရှာဖွေပါ၊ ဖွဲ့စည်းပုံကို ဆန်းစစ်ပါ။
ဥပမာ -
(က) "လူမှုရေး ပြဿနာတစ်ခု၏ အကြောင်းရင်းများနှင့် ရလဒ်များကို ခွဲခြားဖော်ပြပါ။"
(ခ) "ဤဝတ္ထုရှိ ဇာတ်ကောင်နှစ်ဦး၏ ကွဲပြားခြားနားချက်များကို နှိုင်းယှဉ်ပြပါ။"
၅။ ပေါင်းစပ်ဖန်တီးခြင်း (𝐒𝐲𝐧𝐭𝐡𝐞𝐬𝐢𝐬)
အဓိပ္ပာယ် - ဒီအဆင့်ကတော့ မတူညီတဲ့ အစိတ်အပိုင်းတွေ၊ အချက်အလက်တွေ ဒါမှမဟုတ် အယူအဆတွေကို ပေါင်းစပ်ပြီး အသစ်အဆန်းတစ်ခုကို ဖန်တီးနိုင်ခြင်း ကို ဆိုလိုပါတယ်။ မူရင်းအဆင့် (၆) ဆင့်ထဲမှာ အမြင့်ဆုံးအဆင့်နီးပါးဖြစ်ပြီးတီထွင်ဖန်တီးနိုင်စွမ်းကို လိုအပ်ပါတယ်။
ဝိသေသလက္ခဏာများ - အစိတ်အပိုင်းများကို ပေါင်းစပ်၍ ထူးခြားသည့် အသစ်တစ်ခု ဖန်တီးခြင်း။
သော့ချက် စကားလုံးများ- ဒီဇိုင်းဆွဲပါ၊ အကြံပြုပါ၊ ဖန်တီးပါ၊ ဖွဲ့စည်းပါ၊ စီစဉ်ရေးဆွဲပါ၊ မူကြမ်းရေးဆွဲပါ၊ ပြန်လည်ပုံဖော်ပါ။စသဖြင့်....
ဥပမာ-
"ဒေသတွင်းရှိ သောက်သုံးရေ ရှားပါးမှုပြဿနာကို ဖြေရှင်းရန် နည်းလမ်းသစ်တစ်ခုကို အကြံပြုပါ။"
၆။ အကဲဖြတ်ခြင်း (𝐄𝐯𝐚𝐥𝐮𝐚𝐭𝐢𝐨𝐧)
အဓိပ္ပာယ် - ဒါကတော့ မူရင်း Bloom's Taxonomy ရဲ့ အမြင့်ဆုံးအဆင့် ဖြစ်ပါတယ်။ သတင်းအချက်အလက်တွေ၊ အယူအဆတွေ၊ သီအိုရီတွေ သို့မဟုတ် နည်းလမ်းတွေရဲ့ တန်ဖိုး၊ အရည်အသွေး သို့မဟုတ် မှန်ကန်မှုကို ဆုံးဖြတ်နိုင်ခြင်း ကို ဆိုလိုပါတယ်။ ခိုင်မာတဲ့ အထောက်အထားတွေနဲ့ ဝေဖန်သုံးသပ်ပြီး ဆုံးဖြတ်ချက်ချနိုင်ရပါမယ်။
ဝိသေသလက္ခဏာများ - တန်ဖိုး၊ အရည်အသွေး သို့မဟုတ် မှန်ကန်မှုကို ခိုင်မာသောအထောက်အထားဖြင့် ဆုံးဖြတ်ခြင်းဖြစ်ပါတယ်။
သော့ချက် စကားလုံးများ - အကဲဖြတ်ပါ၊ ဝေဖန်သုံးသပ်ပါ၊ ဆုံးဖြတ်ပါ၊ တန်ဖိုးဖြတ်ပါ၊ တန်ဖိုးအရနှိုင်းယှဉ်ပါ ၊ ကောက်ချက်ချပါ။
ဥပမာ -
လက်ရှိ ပညာရေးစနစ်၏ အားသာချက်၊ အားနည်းချက်များကို ဝေဖန်သုံးသပ်ပါ။
ပေးထားတဲ့ ပြဿနာဖြေရှင်းနည်းနှစ်ခုအနက် ဘယ်နည်းလမ်းက ပိုမိုထိရောက်တယ်ဆိုတာကို အထောက်အထားနဲ့ ဆုံးဖြတ်သက်သေပြပါ။
ဒီမူရင်း Bloom's Taxonomy ရဲ့ အဆင့် (၆) ဆင့်ဟာ ပညာရေးသမားတွေ ဆရာဆရာမတွေအတွက် ကျောင်းသား ကျောင်းသူတွေရဲ့ တွေးခေါ်မှုစွမ်းရည်တွေကို အဆင့်အတန်းခွဲခြားသတ်မှတ်ဖို့၊ သင်ကြားမှု ရည်ရွယ်ချက်တွေကို ပိုမိုရှင်းလင်းတိကျစွာ ချမှတ်နိုင်ဖို့နဲ့ ကျောင်းသား ကျောင်းသူတွေရဲ့ စွမ်းရည်တိုးတက်မှုကို ထိထိရောက်ရောက် အကဲဖြတ်နိုင်ဖို့အတွက် အခြေခံအုတ်မြစ်ကို ချပေးနိုင်ခဲ့ပါတယ်။

မင်းကျော်(စက်မှု)





Comments