“ISO အသုံးပြုခြင်း၏ အားသာချက်၊ အားနည်းချက်များ”
- VSB Myanmar

- Jun 27
- 4 min read
Updated: Jul 15
ISO 9000 အသုံးပြုခြင်း
ISO 9000 ဟာ အရည်အသွေးဆိုင်ရာ စံနှုန်းသတ်မှတ်ချက်တစ်ခုဖြစ်ပြီး အဖွဲ့အစည်းတွေကို အထောက်အကူပြုဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ အထူးသဖြင့် အဖွဲ့အစည်းတစ်ခုရဲ့ အားနည်းချက်တွေ၊ ရည်ရွယ်ချက်က သွေဖီမှုတွေကို တားဆီးပြုပြင်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် အကူအညီပေးတဲ့ စနစ်မူဘောင်တစ်ခု ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ ပညာရေးအင်စတီကျူးရှင်းတွေဟာ ISO 9000 ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြတယ်။ ISO 9001 quality management system (QMS) ဟာ အသုံး များတဲ့စနစ်တစ်ခု ဖြစ်ပါတယ်။
ဒါပေမယ့် တစ်ဖက်မှာ ရန်ပုံငွေသုံးစွဲမှုနှင့် ခေါင်းဆောင်မှုကဲ့သို့ကဏ္ဍတွေမှာ ဖိအားနဲ့ အခက်အခဲများကို ရင်ဆိုင်နေရတယ်။ တစ်ဖက်မှာ အကျိုးကျေးဇူးတွေ များသလို တစ်ဖက်မှာလည်း အချိန် များစွာယူ၍ အကောင်အထည်ဖော်ရခြင်း (time consuming factor) ကဲ့သို့ စိန်ခေါ်မှုတွေရှိ ကြောင်းကိုလည်း တွေ့နေရတယ်။
သမိုင်းကြောင်းနောက်ခံ
၁၉ ရာစုအရှေ့ပိုင်းမှာ ဥရောပရဲ့ စက်မှုတော်လှန်ရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ အထည်အလိပ်နဲ့ ချည်မျှင်စက်ရုံကဲ့သို့ လုပ်ငန်းတွေမှာ တိကျတဲ့ အရည်အသွေးဆိုင်ရာ စံနှုန်းသတ်မှတ်ချက်တွေ ပေါ်ပေါက်လာခဲ့ တယ်။ နောက်ပိုင်းမှာတော့ ဖရက်ဒရစ်ဝင်စလိုတေလာရဲ့ သိပ္ပံနည်းကျ စီမံခန့်ခွဲမှု သဘောတရားနဲ့အတူ လုပ်ငန်းဆိုင်ရာ စံချိန်စံညွှန်းသဘောတရားတွေဟာ ပိုမို ဖွံ့ဖြိုးလာခဲ့တယ်။ အထူးသဖြင့် ဒုတိယကမ္ဘာစစ်ကာလအတွင်း ကုန်ပစ္စည်းနဲ့ ထုတ်လုပ်မှု လုပ်ငန်းစဉ်များအတွက် အရည်အသွေး စံနှုန်းသတ်မှတ်ချက်တွေကို မဟာမိတ်တွေက စတင် အသုံးပြုခဲ့တယ်။ စစ်ပြီးကာလမှာ တော့ အင်္ဂလန်နိုင်ငံရဲ့ စက်မှုလုပ်ငန်းတွေမှာ စစ်ဆေးမှုဆိုင်ရာ စံချိန်စံညွှန်း (inspection standard) တွေကို အသုံးပြုမှု များပြားလာခဲ့တယ်။ ၁၉၇၉ ခုနှစ်မှာတော့ ဗြိတိသျှစံချိန်စံညွှန်း အင်စတီကျူ (BSI) ကို ထူထောင်လာခဲ့တယ်။
ISO 9000 ပေါ်ပေါက်လာခြင်း
၁၉၈၀ ခုနှစ်မှာ ဗြိတိသျှစံနှုန်းသတ်မှတ်ချက် BS5750 ဟာ အမျိုးသားအဆင့် အရည်အသွေး သတ်မှတ်ချက်စနစ်ရဲ့ အခြေခံအုတ်မြစ် ဖြစ်လာခဲ့ပြီး အခြားနိုင်ငံတွေကလည်း လိုက်ပါ အသုံး ပြုလာခဲ့ တယ်။ တဖက်မှလည်း ANSI 90 series လို အရည်အသွေးစံနှုန်း သတ်မှတ်ချက်တွေ ပေါ် ပေါက်လာ ခဲ့တယ်။
၁၉၈၇ ခုနှစ်မှာတော့ အပြည်ပြည်ဆိုင်ရာစံနှုန်း သတ်မှတ်ရေးအဖွဲ့ကြီး (ISO) ကနေ ISO 9000:1987 အမည်နဲ့ ပထမအကြိမ် စံနှုန်းသတ်မှတ်ချက်များကို ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ အဲဒီ ကနေ ISO အဖွဲ့က ISO 9000 အပါအဝင် စံနှုန်းသတ်မှတ်ချက်တွေ တိုးချဲ့ထုတ်ဝေလာခဲ့တယ်။ ISOက ထုတ်ပြန်သတ်မှတ်တဲ့ စံနှုန်းသတ်မှတ်ချက်တွေကို တစ်ကမ္ဘာလုံးရဲ့ သက်ဆိုင်ရာ လုပ်ငန်းနယ် ပယ်အသီးသီးမှာ လိုက်ပါသုံးစွဲလာခဲ့ကြတယ်။ ထုတ်လုပ်မှုကနေ ဝန်ဆောင်မှုအဆုံး နယ်ပယ်ပေါင်းစုံ အဆင့်ပေါင်းစုံမှာ သုံးစွဲလာခဲ့ကြတယ်။ ဒီ ISO စံနှုန်းသတ်မှတ်ချက်တွေကို ယူငင်သုံးစွဲတဲ့ နယ်ပယ် တွေထဲမှာ ပညာရေးဝန်ဆောင်မှု နယ်ပယ်လည်း ပါဝင်ပါတယ်။
ပညာရေးအင်စတီကျူရှင်းအတော်များများဟာ ISO 9000 အရည်အသွေး စီမံခန့်ခွဲမှု စနစ် (Quality Management System) ကို ဖွဲ့စည်းပုံနှင့် နိစ္စဓူ၀လုပ်ငန်းစဉ်တွေရဲ့ အရည်အသွေးကို တိုးတက်လာစေနိုင်တဲ့ စနစ်တစ်ရပ်အဖြစ် ရှုမြင်လာကြတယ်။
၁၉၉၇ ခုနှစ်မှာတော့ ဥရောပနဲ့ အမေရိကမှာ ပညာရေးလေ့ကျင့်ရေး အင်စတီကျူးရှင်းတွေအတွက် ISO 9000 လမ်းညွှန်ချက်တွေကို ရေးသားပြုစု ထုတ်ပြန်ခဲ့တယ်။ ဒီအထဲမှာ အမေရိကန် ANTS / ASQC 71.11-1996 Quality Assurance Standard ပါဝင်ပါတယ်။ ဥရောပနဲ့ အမေရိကရှုထောင့်ကနေ ပညာရေးလေ့ကျင့်ရေးအတွက် ISO 9000 ကို အသုံးချပြီး အရည်အသွေး အာမခံချက်ရှိရေးကို ချဉ်းကပ်ခဲ့တာဖြစ်တယ်။ ဒီအမေရိကန်ဗားရှင်းမှာ အဓိကရည်ရွယ်ချက်နှစ်ခု ပါဝင်ပါတယ်။ တစ်ခုက အရည်အသွေး အာမခံချက်ရှိရေးအတွက် အမျိုးသားအဆင့်နဲ့ နိုင်ငံတကာ အဆင့်တွေမှာ လက်ခံနိုင်လောက်တဲ့ စံနမူနာ သတ်မှတ်ချက်တွေ ပညာရေးလေ့ကျင့်ရေး အင်စတီ ကျူးရှင်းတွေမှာ ရှိလာစေရေးဖြစ်ပါတယ်။
ဒုတိယတစ်ခုကတော့ ပညာရေးလေ့ကျင့်ရေး အင်စတီကျူးရှင်းတွေနဲ့ အသိအမှတ်ပြု မှတ်ပုံတင်ပေးတဲ့ အဖွဲ့အစည်းတွေကြားမှာ ဆက်သွယ်မှု ပိုမို အားကောင်းလာစေရေးဖြစ်တယ်။ ဒီ အမေရိကန်ဗားရှင်းဟာ မူရင်း ISO 9000 ဗားရှင်း စံနှုန်းသတ်မှတ်ချက်နဲ့ ဆင်တူပေမယ့်လည်း ကျယ်ပြန့်ပြီး ယေဘူယျဆန်တယ်။ တိကျမှုအားနည်းပါတယ်။ ဒါကြောင့် ပညာရေးလေ့ကျင့်ရေး အင်စတီကျူးရှင်းတွေအတွက် တိကျစွာ နားလည်ဖို့နဲ့ အကောင်အထည်ဖော်နိုင်ဖို့ ခက်ခဲတယ်လို့ ဖော်ပြခဲ့ကြတယ်။
တစ်ဖက်မှာ ISO 9000 ဥရောပလမ်းညွှန်ချက် (European guidelines for ISO 9000 standard) ဟာ ပိုကျယ်ပြန့်ပြီး ပိုပြီး ထဲထဲဝင်ဝင် သဘောရှိခဲ့တယ်။ ပညာရေးလေ့ကျင့်ရေး အင်စတီ ကျူးရှင်းတွေအတွက် ပိုပြီး အကျိုးသက်ရောက်မှုရှိတယ်လို့ ယူဆခဲ့ကြတယ်။ ဒီဥရောပလမ်းညွှန်ချက် (European guideline) ဟာ ၁၉၉၅ ခုနှစ်တဝိုက်က အင်္ဂလန်၊ ပြင်သစ်၊ ဂျာမဏီ၊ ဘယ်လ်ဂျီယမ်၊ နယ်သာလန်၊ ဒိန်းမတ် စတဲ့ ဥရောပနိုင်ငံတွေမှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းကောက်ယူချက်တွေပေါ်မှာ အခြေခံထားတယ်။ အသက်မွေးဝမ်းကြောင်းပညာ လေ့ကျင့်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥရောပဗဟိုဌာန (European Centre for the Development of Vocational Training) က ကောက်ယူခဲ့တဲ့ စစ်တမ်းဖြစ်ပါတယ်။
၁၉၈၀ ခုနှစ်ကာလတွေတုန်းက အစိုးရတွေနဲ့ မူဝါဒပိုင်းတွေမှာ ISO 9000 နဲ့ ပတ်သက်တဲ့ မူဝါဒတွေ တိတိကျကျ မရှိသေးပါဘူး။ ၁၉၉၀ ခုနှစ် ၁၀ စုနှစ်ကာလတွေမှာတော့ ကမ္ဘာတစ်ဝှမ်းမှာ ကော်မတီဖွဲ့စည်းမှုတွေ၊ မူဝါဒတွေ စတင်လာခဲ့ကြတယ်။ ပညာရေးလောကအတွက် အရည်အသွေး တိုင်းတာအကဲဖြတ်ရေး၊ ပိုမိုထိရောက်ကောင်းမွန်ရေး၊ ဈေးကွက်လိုအပ်ချက်နဲ့ ကိုက်ညီ ဆီလျော်ရေး စတဲ့ကိစ္စရပ်တွေဟာ ရှေ့တန်း ရောက်လာခဲ့ကြတယ်။ ဥပမာအနေနဲ့ ၁၉၉၀ ခုနှစ်၊ ဩစတြေးလျနိုင်ငံ မှာ အဆင့်မြင့်ပညာ အရည်အသွေး အာမခံချက်ရှိရေးကော်မတီ (The committee for the Quality Assurance of Higher Education)နှင့် ပညာရေးအရည်အသွေး မူဝါဒတွေ ပေါ်ပေါက် လာခဲ့သလို ၂၀၀၀ ခုနှစ် တောင်အာဖရိကနိုင်ငံမှာ အရည်အသွေး မြှင့်တင်ရေးဌာန (Quality promotion Unit) တွေ ပေါ်ပေါက်လာခဲ့တယ်။ ၁၉၉၈ ခုနှစ် အင်္ဂလန်နိုင်ငံမှာ အဆင့်မြင့်ပညာရေး အတွက် အရည်အသွေး အာမခံချက်စနစ် စီမံကိန်းအဖွဲ့ (Planning Group for Quality Assurance in Higher Education) ပေါ်ပေါက်လာခဲ့တယ်။ ရည်ရွယ်ချက်ကတော့ တိုင်းပြည်ရဲ့ စီးပွားရေး လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အရည်အသွေး ပြည့်၀တဲ့ ပညာရေးစနစ်တစ်ရပ်အjစေ် ဝန်ဆောင်မှု ပေးနိုင်ရေးဖြစ်တယ်။ ဟောင်ကောင်နိုင်ငံမှာတော့ ၂၀၀၂ ခုနှစ်မှာ ကျောင်းတွေရဲ့ အရည်အသွေး တိုးတက်ရေးအတွက် အရည်အသွေးပြည့် ကျောင်းပညာရေးမူဝါဒကို ရေးဆွဲချမှတ်ခဲ့ သလို အရည်အသွေး အာမခံချက်ဌာန (Quality Assurance Unit) ကို တည်ထောင်ခဲ့တယ်။
ဒီဘက်ကာလ ကမ္ဘာတစ်ဝန်း ပညာရေးလေ့ကျင့်ရေးကျောင်းတွေမှာ ISO 9000 ကဲ့သို့ အရည်အသွေး ထိန်းကွပ်မှု၊ စီမံခန့်ခွဲမှုစနစ်တွေကို ကျင့်သုံးလာကြတယ်။ ဒါပေမဲ့ အရည်အသွေးစီမံ ခန့်ခွဲမှုစနစ်နဲ့ ကျောင်းတွေ ဘယ်လောက်ဆီလျော်မှုရှိသလဲဆိုတာတော့ အငြင်းပွားဖွယ်ကိစ္စတစ်ရပ် အဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။
တစ်ဖက်မှာ အကောင်းသဘော ရှုမြင်ချက်တွေရှိသလို အဆိုးသဘော ရှုမြင်ချက်တွေလည်း ရှိ ပါတယ်။ တစ်ဖက်မှာ ဂျွန်ဗီတာ၊ ဝက်စ်နှင့် မိုတီ (၁၉၉၉) တို့ရဲ့ အဆိုအရ ISO 9000 ဟာ ပညာရေး လေ့ကျင့်ရေး အင်စတီကျူတွေကို ထိရောက်မှု၊ ယုံကြည်စိတ်ချရမှု၊ ပြိုင်ဆိုင်နိုင်မှုစတဲ့ စွမ်းရည်တွေကို တိုးတက်စေနိုင်တယ်။ တက်ရောက်တဲ့ ကျောင်းသား Customer တွေရဲ့ ပညာရေး ဝန်ဆောင်မှုနဲ့ပတ်သက်တဲ့ ကျေနပ်နှစ်သိမ့်မှုကို ရရှိစေနိုင်တယ်လို့ ထောက်ပြခဲ့တယ်။
တစ်ဖက်မှာလည်း ဈေးကွက်ဦးစားပေးလုပ်ငန်းစဉ်ရဲ့ လွှမ်းမိုးမှု (Market influence) ကြောင့် ပညာရေးစနစ်ရဲ့ တန်းတူညီမျှဖြစ်မှု၊ တစ်ဦးချင်းနဲ့ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်မှုတွေ အပေါ် အနုတ်လက္ခဏာဆောင်တဲ့ ဆိုးကျိုးသက်ရောက်မှုတွေ ရှိနိုင်တယ်။ ပညာရေး လေ့ ကျင့်ရေးရဲ့ အရည်အသွေးဆိုတာ လေ့လာသင်ယူသူ ကျောင်းသားဖက်က ကျေနပ်နှစ်သိမ့်မှု (customer satisfaction) ရနေရုံနဲ့ မလုံလောက်ဘူး။ ကျောင်းသားတွေရဲ့ အမူအကျင့်၊ ဘ၀နဲ့ စွမ်းရည်တွေ ကိုလည်း တိုးတက်ပြောင်းလဲလာအောင် ဆောင်ရွက်ပေးနိုင်ရမယ်။ ISO 9000 ရဲ့ ချဉ်းကပ်ပုံ တစ်ခုတည်းနဲ့ အရည်အသွေးဆိုတာကို ရေရှည်တည်တံ့အောင် စွမ်းဆောင်ဖို့ ခဲယဉ်းတယ်။ များသောအားဖြင့် ISO 9000 အသုံးပြုမှုဟာ ကာလတို (short term) နဲ့ ကာလလတ် (Mid term) မှာ ဗြူရိုကရက်ဆန်ဆန် လုပ်ထုံးလုပ်နည်းတွေ ကိုက်ညီ ဖို့အတွက်ကိုပဲ အဓိကဦးတည်ထားတယ် စသဖြင့် ဝတ်ခ်ျနဲ့ အယ်ဒါမန်းကဲ့သို့ ပညာရှင်တွေရဲ့ ထောက်ပြမှုတွေကိုလည်း တွေ့လာရပါတယ်။ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းကို တိကျစွာ တိုင်းတာမယ့် နည်းလမ်းတွေလည်း လိုအပ်မယ် ဆိုတာကို ဝေဖန်ပြောဆိုလာကြတယ်။ ဒါ ကြောင့် သုတေသန ပညာရှင်တွေကြားမှာ ISO 9000 အသုံးပြုခြင်းရဲ့ အားနည်းချက်၊ အား သာချက်တွေနဲ့ ပတ်သက်ရင် ဆွေးနွေးစရာ ဖြစ်လာခဲ့ပါတယ်။
ISO 9000 နှင့် အမေရိကန် အသက်မွေးဝမ်းကြောင်းပညာရေး
အခြားနိုင်ငံများနဲ့ အလားတူ အမေရိကန်အစိုးရဟာ ပြည်ထောင်စုနှင့် ပြည်နယ် အဆင့်တွေမှာ ပညာရေးအရည်အသွေး အာမခံချက်ရှိရေးကို အထောက်အကူပြု ဆောင်ရွက် ခဲ့တယ်။ ၁၉၉၈ ခုနှစ် အောက်တိုဘာလမှာတော့ အမေရိကားမှာ ပါကင်စ် အသက်မွေးဝမ်း ကြောင်းနဲ့ အသုံးချနည်းပညာဆိုင်ရာ ပညာရေးဥပဒေ ပြင်ဆင်ပြဋ္ဌာန်းချက် ပေါ်ထွက်လာခဲ့ တယ်။ ဒီပြည်ထောင်စုအစိုးရရဲ့ ဥပဒေပြဋ္ဌာန်းချက်မှာ ရည်ရွယ်ချက်အတော်များများ ပါ တယ်။ အဓိကကတော့ အမေရိကားရဲ့ အသက်မွေးဝမ်းကြောင်းနဲ့ နည်းပညာ ပညာရေးကဏ္ဍ ကို ဆန်းသစ်မှု ပြုပြင်ပြောင်းလဲမှုလုပ်ငန်းနဲ့ မြှင့်တင်ဖို့ ရည်ရွယ်ခဲ့တယ်။ ကျောင်းသားတွေနဲ့ ဖွံ့ဖြိုးတိုးတက်မှုအပြင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်ထိရောက်ရေးတို့ကိုပါ မျှော်မှန်းပါတယ်။ နိုင်ငံအဆင့် စွမ်းဆောင်ရည်တာဝန်ခံမှုစနစ်တစ်ခုအဖြစ် ရပ်တည်ခဲ့တယ်။ ပန်ဆယ်ဗီးနီးယား၊ အိုဟိုင်းအိုး၊ အော်လိုရာဒို၊ ဒေလ်ဝဲယာ စတဲ့ဒေသတွေက ပညာရေး ကျောင်းတွေဟာ စံချိန်စံညွှန်းနဲ့အညီ အကောင်အထည်ဖော်နိုင်တဲ့ အခြေအနေကို ပိုင်ဆိုင်ခဲ့ တယ်။
အစပိုင်းမှာ ပန်ဆယ်ဗီးနီးယား ပညာရေးဌာနကနေ အလုပ်အကိုင်ဆိုင်ရာ သက်မွေး မှုနည်းပညာကျောင်းတွေ Career and technical centers (CTC) မှာ ISO 9000 စံချိန် စံညွှန်းတွေကို အကောင်အထည်ဖော်ဖို့နဲ့ ရှေ့ပြေးစမ်းသပ်ဖို့ ရန်ပုံငွေ ထောက်ပံ့ခဲ့တယ်။ လေ့ လာတွေ့ရှိချက်တွေအရ ပန်ဆယ်ဗီးနီးယား ပညာရေးဌာနဟာ ISO 9000 နဲ့ ပတ်သက်ပြီး အပြုသဘောအမြင် ရှိခဲ့တယ်။ လုပ်သားထုအတွက် အသက်မွေးဝမ်းကြောင်း ကျွမ်းကျင်ဖွံ့ဖြိုး တိုးတက်ရေးအတွက် တာဝန်ခံမှုရှိသော၊ ထိရောက်သော၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် တွန်းအားပေးနိုင်တဲ့ စနစ်တစ်ရပ်အဖြစ် ယူဆခဲ့တယ်။ လေ့လာတွေ့ရှိချက်တွေအရ ISO 9000 အား အကောင်အထည်ဖော်ပြီးချိန်မှာ ကျောင်းများရဲ့ လုပ်ငန်းစဉ်၊ စွမ်းဆောင် ရည်နှင့် လူ့အဖွဲ့အစည်း၏ ယုံကြည်စိတ်ချရမှု အခြေအနေများ တိုးတက်လာကြောင်း တွေ့ ခဲ့ရတယ်။ အရည် အသွေးဆိုင်ရာ ပြဿနာတွေကို အထိုက်အလျောက် ထိန်းချုပ်လာနိုင်ခဲ့ တယ်။
ဒါပေမဲ့ တစ်ဖက်မှာ ကျောင်းတွေအနေနဲ့ အခက်အခဲတချို့ ရင်ဆိုင်ခဲ့ရတယ်။ ဥပမာအားဖြင့် စာရွက်စာတမ်းကိစ္စတွေ များပြားလာခြင်း၊ အကောင်အထည်ဖော်မှု လုပ် ငန်းစဉ်အပေါ် ဝန်ထမ်းတွေရဲ့ အာရုံစိုက်မှု နည်းပါးခြင်း၊ အချိန်နည်းပါးခြင်းတို့ဟာ သိသာထင်ရှားတဲ့ကိစ္စရပ်တွေ ဖြစ်တယ်။
ISO 9000 အကောင်အထည်ဖော်ခြင်းရဲ့ အားသာချက်များ
နည်းပညာနဲ့ သက်မွေးပညာသင်ကျောင်း (Technical and Career Training Centre) တွေမှာ ISO 9000 ကို အသုံးပြုခြင်းအားဖြင့် အောက်ပါအားသာချက်တွေကို တွေ့ရှိရတယ်။
(က) ဝန်ထမ်းတွေ ကျောင်းအုပ်ချုပ်သူတွေဖက်က ပိုပြီးကောင်းမွန်တဲ့ အနေ အထား ဖြစ်ပေါ်လာလိမ့်မယ်လို့ မျှော်လင့်ခြင်း
(ခ) ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှုအပေါ် အပြုသဘောဆောင်တဲ့ သက်ရောက် မှုတွေဖြစ်ပေါ်လာခြင်း
(ဂ) စီမံခန့်ခွဲမှု ပိုမိုထိရောက်လာခြင်း၊ စနစ်ကျလာခြင်း
(ဃ) ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုများ တိုးတက်ကောင်းမွန်လာခြင်း
(င) ဖောက်သည်အပေါ် အလေးထားမှု ပိုမိုအားကောင်းလာခြင်း
(စ) ဆိုးကျိုးသက်ရောက်မှုအပေါ် ကြိုတင်တွက်ဆ၍ အစီအမံများ စီစဉ်ထားရှိ နိုင်ခြင်း
(ဆ) အများ၏ ယုံကြည်ကိုးစားမှုကို ပိုမိုရရှိလာခြင်း၊ အရည်အသွေးမြင့်မား လာခြင်း
(ဇ) လူအများ၏ ပါဝင်ပတ်သက်မှု၊ စက်ရုံ အလုပ်ရုံများနှင့် ချိတ်ဆက်မှု ပိုမို အားကောင်း လာခြင်း
ISO 9000 အကောင်အထည်ဖော်ခြင်းရဲ့ အားနည်းချက်များ
တစ်ဖက်မှာလည်း နည်းပညာနဲ့ သက်မွေးပညာကျောင်း (Technical and Career Training Centre) တွေမှာ ISO 9000 ကို အသုံးပြုရာမှာ အောက်ပါ အားနည်းချက်တွေ့ကို တွေ့ရှိရတယ်။
(က) ISO 9000 ကို ပညာရေးနယ်ပယ်၌ အသုံးပြုရာမှာ အခက်အခဲများရှိခြင်း၊ အံဝင်ဂွင်ကျ မရှိခြင်း။
(ခ) အချိန်ယူခြင်း၊ စာရွက်စာတမ်းကိစ္စများ များပြားခြင်း
(ဂ) ISO 9000 နဲ့ပတ်သက်ပြီး အချက်အလက်သိရှိမှုနှင့် နားလည်မှု နည်းပါးခြင်း
(ဃ) အချို့ကိစ္စရပ်များတွင် လုပ်ငန်းစဉ်၌ ဝန်ထမ်းများ၏ ပူးပေါင်းပါဝင်မှု အားနည်းခြင်း
(င) ခေါင်းဆောင်မှုပိုင်းရဲ့ အလေးထားမှုနှင့် အာရုံစိုက်မှု တစ်ခါတစ်ရံ အားနည်းခြင်း
နည်းပညာနဲ့ အသက်မွေးဝမ်းကြောင်း ပညာရေး လေ့ကျင့်ရေးနယ်ပယ်နဲ့ ပတ်သက်နေတဲ့ အခြား ISO စံချိန်စံညွှန်းများ
ISO 9000/ ISO 9001 အရည်အသွေး စီမံခန့်ခွဲမှုစနစ် အပြင် နည်းပညာနှင့် အသက်မွေးဝမ်း ကြောင်းပညာရေးလေ့ကျင့်ရေးနယ်ပယ်နဲ့ ပတ်သက်နေတဲ့ အဓိက ISO စံနှုန်း သတ်မှတ်ချက် နှစ် မျိုးရှိတယ်။ ပထမတစ်မျိုးက ISO 10015:1999 ဖြစ်ပြီး ဒုတိယတစ်မျိုးက ISO 17024 ဖြစ်ပါတယ်။
ISO 10015:1999 လုပ်ငန်းစဉ်ဟာ အဖွဲ့အစည်းရဲ့ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု လုပ် ငန်းစဉ်ကို ကိုယ်စားပြုတယ်။ အထူးသဖြင့် လေ့ကျင့်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်ကို ကိုယ်စားပြုတယ်။
ISO 17024 ကတော့ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရေးအဖွဲ့တွေအတွက် အထွေထွေလိုအပ်ချက်နဲ့ သက်ဆိုင်တဲ့ စံနှုန်းသတ်မှတ်ချက် ဖြစ်ပါတယ်
ISO 10015:1999 ကို စဉ်းစားရာမှာ အဓိကအားဖြင့် အဆင့် (၅) ဆင့် ပါဝင်မှာ ဖြစ်ပါ တယ်။ ဒီအဆင့်တွေကတော့ (က) လေ့ကျင့်ရေးလိုအပ်ချက် ကိုဆန်းစစ်ရှာဖွေခြင်း (ခ) လေ့ကျင့်ရေး စီမံချက် ချ မှတ်ခြင်း (ဂ) လေ့ကျင့်ရေးအား အကောင်အထည်ဖော်ခြင်း (ဃ) လေ့ကျင့်ရေး ရလဒ် အား သုံး သပ်ခြင်း (င) ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခြင်းတို့ ဖြစ်ပါတယ်။
ISO 17024 ကို အကောင်အထည်ဖော်ရာမှာတော့ အဓိကအားဖြင့် အဆင့် (၄)ဆင့် ပါဝင်ပါတယ်။ ဒါတွေကတော့ (က) အသိအမှတ်ပြုလက်မှတ်အတွက် လျှောက်ထားခြင်း (ခ) ဆန်းစစ် အကဲဖြတ်ခြင်း (ဂ) အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရေး ဆုံးဖြတ်ခြင်း (ဃ) ကြီးကြပ် ခြင်း နှင့် အသိအမှတ်ပြုလက်မှတ် သက်တမ်းတိုးပေးခြင်းတို့ ဖြစ်တယ်။
မင်းကျော် (စက်မှု)
Myanmar TVET Development Journal အတွဲ (၁)၊ အမှတ် (၁) တွင် တင်ဆက်ထားသော ဆောင်းပါးအား ပြန်လည်ဖော်ပြလိုက်ပါသည်။







Comments