top of page
  • Facebook
  • Twitter
  • Linkedin

ဂျာမဏီနိုင်ငံ၏ အလုပ်သင်လေ့ကျင့်ရေးစနစ်

  • Writer: VSB Myanmar
    VSB Myanmar
  • May 28
  • 3 min read

Updated: Jun 7

ဂျာမဏီနိုင်ငံ၏ အလုပ်သင် စနစ်အား ဒွန်တွဲလေ့ကျင့်ရေးစနစ် (Dual Vocational Education and Training) ဟု နိုင်ငံတကာတွင် လူသိများသည်။ အခြေခံပညာ (General Education) ကို ဖြတ်သန်းလာသော လူငယ် လူရွယ်များသည် ဂျာမဏီနိုင်ငံတွင် အဆင့်မြင့်တက္ကသိုလ်ပညာရေး (Higher Education) လမ်းကြောင်း၊ အချိန်ပြည့် သက်မွေးဝမ်းကျောင်းသင်တန်းကျောင်း ပညာရေး (Full Time Vocational Education) လမ်းကြောင်းနှင့် ဒွန်တွဲ အလုပ်သင်လေ့ကျင့်ရေး (Dual Vocational Training) လမ်းကြောင်းများသို့ အသီးသီး ဝင်ရောက်နိုင်သည်။

၂၀၁၄ ခုနှစ် စာရင်းအင်းများအရ အလုပ်သင်စနစ်ကျင့်သုံးသော အလုပ်အကိုင်ပေါင်း ၃၃၀ ခန့် ရှိပြီး လုပ်သားထု၏ ၅.၆% သည် အလုပ်သင်လူငယ်များဖြစ်သည်။ အလုပ်သင်စနစ်သို့ ဝင်ရောက်ခဲ့သော လူငယ်များမှ ၉၅% မှာ အလုပ်ရရှိပြီး ၄၃.၈%သည် တူညီသော အလုပ်အကိုင်တွင် ဆက်လက်လုပ်ကိုင်ခွင့် ရရှိသည်။ နှစ်စဉ် အလုပ်သင် ငါးသိန်းထက်မနည်းအား လေ့ကျင့်ပေးလျက်ရှိပြီး အလုပ်သင်များအား လက်ခံ လေ့ကျင့်ပေးသော ကုမ္ပဏီအများစုမှာ အကြီးစားနှင့် အလတ်စားကုမ္ပဏီ (large and Medium Enterprise) များ ဖြစ်ပါသည်။

''ဒွန်တွဲအလုပ်သင် လေ့ကျင့်ရေးစနစ် (Dual Vocational Training) အား ပူးပေါင်းဆောင်ရွက်ရသည့် အကြောင်းအရင်းနှင့် အကျိုးကျေးဇူးအချို့"

ဂျာမဏီနိုင်ငံတွင် ဒွန်တွဲ အလုပ်သင်လေ့ကျင့်ရေးစနစ် အောင်မြင်ရခြင်း ရေပန်းစားရခြင်းတွင် အကြောင်းအရင်းများစွာ ရှိသည်။ လူငယ်လူရွယ်များဖက်မှ ကြည့်လျှင် လေ့လာသင်ယူရင်း ဝင်ငွေ ရှာဖွေနိုင်ခြင်း၊ လက်တွေ့လုပ်ငန်းခွင်၏ ကျွမ်းကျင်မှုအား ထိတွေ့ခွင့်၊ လေ့ကျင့်ခွင့်ရရှိခြင်း၊ အလုပ်သင် စနစ်မှတစ်ဆင့် အဆင့်မြင့်ပညာရေးလမ်းကြောင်း (upper secondary education) သို့ ပေါင်းကူးနိုင်ခြင်း ကျွမ်းကျင်ဝန်ထမ်းတစ်ယောက်အဖြစ် ရောက်ရှိနိုင်ခြင်း၊ ဝါသနာပါရာ အလုပ်အကိုင်နှင့် လေ့ကျင့်ရေး လက်ခံ ပြုလုပ်ပေးမည့် ကုမ္ပဏီအား ရွေးချယ်နိုင်ခြင်း စသည့် အခွင့်အလမ်းများကို ရရှိနိုင်သည်။

အလုပ်ရှင်များ၏ ရှုထောင့်မှကြည့်လျှင် ကုမ္ပဏီအတွက် သစ္စာရှိ ဝန်ထမ်းအား မွေးမြူနိုင်ခြင်း၊ အလုပ်သင်များအတွင်းမှ အလားအလာရှိသူ စွမ်းဆောင်ရည်ပြည့်ဝသူများကို အမြဲတမ်းဝန်ထမ်းအဖြစ် ရွေးချယ်ခန့်ထားနိုင်ခြင်း၊ လူမှုရေးတာဝန်ရှိမှု (social responsibility) အား ကျေပွန်ရာကျခြင်း၊ ဝန်ထမ်း အကြိုလေ့ကျင့်ရေး၊ ပြန်လည်လေ့ကျင့်ရေး (Induction and retraining cost) စရိတ် လျော့နည်း သက်သာစေခြင်းစသော အကျိုးကျေးဇူးများကို ရရှိပါသည်။

အစိုးရဖက်မှ ကြည့်လျှင် အသက်မွေးဝမ်းကြောင်းပညာရေး၊ လေ့ကျင့်ရေးစရိတ်အတွက် အစိုးရ ဘက်ဂျက်လျော့နည်းသက်သာခြင်း၊ လူငယ်များအားလုံးအတွက် လုပ်ငန်းခွင်ကျွမ်းကျင်မှုကို ရရှိပြီး အလုပ် အကိုင်အခွင့်အလမ်း လွယ်ကူစွာ ရရှိစေခြင်း၊ တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် စီးပွားရေးဖွံ့ဖြိုးရေးအတွက် ကျွမ်းကျင်လူငယ်ဝန်ထမ်းများအား ပြုစုပျိုးထောင်နိုင်ခြင်းစသော အကျိုးကျေးဇူးများအား ရရှိမည်ဖြစ်သည်။

အလုပ်သင်စာချုပ် ချုပ်ဆိုခြင်းနှင့် အကောင်အထည်ဖော်ခြင်း

အလုပ်သင်စာချုပ် (apprenticeship Contract) ချုပ်ဆိုမှု သဘောတရားသည် အလုပ်အကိုင် စာချုပ် (employment Contract) သဘောတရားနှင့် ဆင်တူသည်။ ကုမ္ပဏီတွင်း လေ့ကျင့်ရေးနှင့် ဒွန်တွဲ အလုပ်သင် လေ့ကျင့်ရေးစနစ်ကို ဥပဒေဖြင့် ပြဋ္ဌာန်းထားသည်။ အလုပ်သင်စာချုပ်နှင့် အလုပ်သင်လေ့ကျင့် ပေးမည့် ကုမ္ပဏီများကို ဂျာမန် စက်မှု၊ လက်မှုလုပ်ငန်းရှင်များနှင့်ကုန်သည်ကြီးများ အသင်း (Chambers) တွင် မှတ်ပုံတင် (Register) ပြုလုပ်ရသည်။ လေ့ကျင့်ရေး လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း စည်းကမ်းများ ထုတ်ပြန်၍ လေ့ကျင့်သင်ကြားရေးကာလ၊ အစမ်းခန့်ကာလ၊ အားလပ်ရက်၊ လေ့ကျင့်ရေး ထောက်ပံ့ စရိတ်နှင့် ခံစားခွင့်၊ စာချုပ်ပြီးဆုံးခြင်း၊ လေ့ကျင့်ရေး သင်ရိုးညွှန်းတမ်းတို့ကို သတ်မှတ်၍ အကောင်အထည် ဖော်သည်။ အလုပ်သင်လူငယ်နှင့် ကုမ္ပဏီအကြားတွင် စာချုပ်ချုပ်ဆို၍ လက်မှတ်ရေးထိုးရသည်။ ဒွန်တွဲ အလုပ်သင်လေ့ကျင့်ရေး (Dual Apprenticeship) တွင် လေ့ကျင့်ရေးကာလ၏ ၇၀% ကို ကုမ္ပဏီ၌ လက်တွေ့ သင်ကြားလေ့ကျင့်ရသည်။ အလုပ်သင်လူငယ်သည် အလုပ်သင် စာချုပ်အား ဥပဒေကြောင်း အရချုပ်ဆို၍ ကုမ္ပဏီ လုပ်ငန်းခွင်၌ ကုမ္ပဏီ၏ ထောက်ပံ့စရိတ်ဖြင့် လေ့လာသင်ကြားခွင့် ရရှိမည်ဖြစ်သည်။

အလုပ်သင်လေ့ကျင့်ရေးကာလ၏ ၃၀% ကို အသက်မွေးဝမ်းကြောင်းနှင့် ကျွမ်းကျင်မှု လေ့ကျင့် သင်ကြားရေးကျောင်း (vocational Schools) များတွင် သီအိုရီ စာတွေ့ပိုင်းကို တက်ရောက်၍ လေ့ကျင့် သင်ကြားရမည်ဖြစ်သည်။ ကျောင်းဖက်ခြမ်း ကုန်ကျစရိတ်အား အစိုးရဖက်မှ အကုန်အကျ ခံပါသည်။ ပုဂ္ဂလိက ကုမ္ပဏီကြီးများမှ ကုန်ကျစရိတ်နှင့် ပတ်သက်၍ သင်တန်းကာလ၏ ၇၀% လုပ်ငန်းခွင်ပိုင်းကို ကျခံ၍ အစိုးရပိုင်းမှ သင်တန်းကျောင်းများတွင် သီအိုရီပိုင်းဖြစ်သည့် သင်တန်းကာလ ၃၀% ကုန်ကျစရိတ် ကို ကျခံသောစနစ်ဖြစ်သည်။ ဆိုလိုသည်မှာ အစိုးရ-ပုဂ္ဂလိက (Public – Private partnership) ပူးပေါင်း ဆောင်ရွက်ပေးသော စနစ်ကောင်းတစ်ရပ် ဖြစ်ပါသည်။

အလုပ်သင်များ၏ ကျွမ်းကျင်မှုအား စစ်ဆေးရာတွင် သက်ဆိုင်ရာ ကဏ္ဍပေါင်းစုံမှ ကိုယ်စားလှယ် များ ပါဝင်သော စာမေးပွဲ စစ်ဆေးရေးအဖွဲ့ (examination board) များဖြင့် စစ်ဆေးသည်။ စာမေးပွဲ စစ်ဆေးရေးအဖွဲ့ (examination board) တွင် ကုမ္ပဏီများမှ ကျွမ်းကျင်သူများ၊ ဝန်ထမ်းများ (employee) အလုပ်ရှင်များ (employer) နှင့် အသက်မွေးဝမ်းကြောင်း သင်တန်းကျောင်း (vocational Schools) များမှ ဆရာများ ပါဝင်လေ့ရှိသည်။ သို့သော် ယေဘုယျအားဖြင့် မိမိကျောင်းမှ သင်တန်းသား၊ မိမိလေ့ကျင့်ပေး သည့် သင်တန်းသားများအား ကိုယ်တိုင် ပြန်လည်စစ်ဆေးခွင့် မရှိပေ။ စာမေးပွဲ စစ်ဆေးရေးအဖွဲ့သည် အလုပ်သင် သင်တန်းသားများအား စစ်ဆေး၍ အဆင့်ခွဲခြားသတ်မှတ်ပေးသည်။ အလုပ်သင် စာမေးပွဲ အောင်မြင်ကြောင်း လက်မှတ်အား ဂျာမန်စက်မှုလက်မှု လုပ်ငန်းရှင်များနှင့် ကုန်သည်ကြီးများအသင်းမှ ထုတ်ပေးပြီး အစိုးရမှ နိုင်ငံအဆင့် လက်မှတ်အဖြစ် အသိအမှတ် ပြုပေးထားသည်။

လက်မှတ်ရရှိသော လူငယ်များအနေဖြင့် မူလအလုပ်သင်အဖြစ် လုပ်ကိုင်ခဲ့သော ကုမ္ပဏီ (သို့မဟုတ်) မျိုးတူလုပ်ငန်းကုမ္ပဏီ (သို့မဟုတ်) အခြားသော ဆက်နွယ်သည့် ကုမ္ပဏီများတွင် ဝင်ရောက် လုပ်ကိုင်နိုင်သလို နောက်ထပ် ပညာသင်ကြားခွင့် လမ်းကြောင်း (Futher education) ကိုလည်း တက်လှမ်းနိုင်သည်။

အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား (Stakeholders) များ၏ ပူးပေါင်းဆောင်ရွက်မှု

ဂျာမဏီနိုင်ငံ၏ ဒွန်တွဲ အလုပ်သင်လေ့ကျင့်ရေးစနစ် (Dual Apprenticeship System) တွင် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားများ၏ သုံးဦးသုံးဖလှယ် ပူးပေါင်းဆောင်ရွက်မှုသည် အဓိကကျသော ဒေါက်တိုင်တစ်ခုဖြစ်သည်။ ဂျာမဏီ စက်မှု၊ လက်မှုလုပ်ငန်းရှင်များနှင့် ကုန်သည်ကြီးများအသင်း (Chambers) သည် ကျွမ်းကျင်မှု လေ့ကျင့်ရေး (vocational training)နှင့် ပတ်သက်၍ ကုမ္ပဏီများအား လိုအပ်သော အကြံဉာဏ်များ ပေးခြင်း၊ ကုမ္ပဏီတွင်း နည်းပြများအား လေ့ကျင့်ပေးခြင်း၊ ကုမ္ပဏီတွင်း လေ့ကျင့်ရေး နည်းပြများအား အသိအမှတ်ပြု ထုတ်ပေးခြင်း၊ လုပ်ငန်းတွင်း လေ့ကျင့်ရေးအား ကြီးကြပ် ကွပ်ကဲခြင်း၊ သင်တန်းသားများ ရှာဖွေပေးခြင်း၊ အလုပ်သင်စာချုပ်အား ဥပဒေကြောင်းအရ မှတ်ပုံတင် ပေးခြင်း၊ စာမေးပွဲစစ်ဆေးခြင်း၊ အလုပ်သင်နှင့် ကုမ္ပဏီအကြား ပြဿနာများ ဖြစ်ပွားပါက ဖြေရှင်း ဆောင်ရွက်ပေးခြင်းတို့ကို အဓိက ဆောင်ရွက်သည်။

အလုပ်သမား သမဂ္ဂများဖက်မှလည်း အလုပ်ရှင် အဖွဲ့အစည်းများနှင့် ပေါင်းစပ်၍ လေ့ကျင့်ရေးထောက်ပံ့စရိတ် (Training allowance) အား ညှိနှိုင်း သတ်မှတ်ပေးခြင်း၊ ကုမ္ပဏီတွင်း လေ့ကျင့်ရေး စံချိန်စံညွှန်း (Company training Standard) ရေးဆွဲသတ်မှတ်ရာတွင် ပါဝင်ဆောင်ရွက်ခြင်း၊ စာမေးပွဲစစ်ဆေးရေးအဖွဲ့ (examination board) တွင် ပါဝင် ဆောင်ရွက်ခြင်းတို့ိကို လုပ်ဆောင်လျက်ရှိသည်။ အစိုးရပိုင်းအနေဖြင့် အလုပ်သင် လေ့ကျင့်ရေး ကာလ၏ ၃၀% ဖြစ်သော အချိန်ပိုင်း သီအိုရီအတန်းများ တက်ရောက်မှုနှင့် ပတ်သက်၍ ကုန်ကျစရိတ်ကို ကျခံခြင်း၊ လေ့ကျင့်ရေးဆိုင်ရာ သုတေသနများ ဆောင်ရွက်ခြင်း မသန်စွမ်းသူများအား ဒွန်တွဲလေ့ကျင့်ရေး အလုပ်သစ် စနစ်အား ဝင်ရောက်နိုင်ရန် လမ်းဖွင့်ပေးခြင်း၊ သင်ရိုးညွှန်းတမ်း စံချိန်စံညွှန်းအား သတ်မှတ် ပြဋ္ဌာန်းခြင်းကို ဆောင်ရွက်ပေးပါသည်။ ယေဘုယျအားဖြင့် လေ့ကျင့်ရေးစံချိန်စံညွှန်း (Dural Vocational Training Standard) အား ရေးဆွဲရာတွင် အများဆုံး ၁ နှစ်အထိ အချိန်ယူလေ့ရှိသည်။

ဥပဒေနောက်ခံအခင်းအကျင်း

ဂျာမဏီနိုင်ငံ၏ ဒွန်တွဲ အလုပ်သင်လေ့ကျင့်ရေးစနစ် (Dual Apprentinceship System) သည် အသက်မွေးဝမ်းကြောင်း (ဝါ) ကျွမ်းကျင်မှု လေ့ကျင့်ရေး အက်ဥပဒေ (vocational Training Act) ပေါ်တွင် အဓိက အခြေခံဆောင်ရွက်လျက်ရှိသည်။ ကုမ္ပဏီပိုင်း အလုပ်သင်လေ့ကျင့်ရေး (လေ့ကျင့်ရေးကာလ၏ ၇၀%) ပိုင်းကို အလုပ်သမားနှင့် အလုပ်အကိုင်ဆိုင်ရာ ဥပဒေများနှင့် ဆက်စပ် ဆောင်ရွက်နေရသည်။ အဓိကအားဖြင့် လူငယ် အလုပ်အကိုင် အကာအကွယ်ပေးရေး အက်ဥပဒေ၊ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဆိုင်ရာကုဒ်များ၊ စုပေါင်းသဘောတူညီမှု၊ ညှိနှိုင်းမှုဆိုင်ရာ အက်ဥပဒေ၊ စက်မှု၊ လက်မှု လုပ်ငန်းရှင်များနှင့် ကုန်သည်ကြီးများ (အလုပ်ရှင်) အသင်းဆိုင်ရာ အက်ဥပဒေများသည် အရေးကြီးသော အက်ဥပဒေများ ဖြစ် ပါသည်။ ကျောင်းတွင်သင်ကြားခြင်း (လေ့ကျင့်ရေးကာလ၏ ၃၀%) ပိုင်းသည် ပညာရေးဥပဒေများ ဖြစ်သော မသင်မနေရ ပညာရေးဥပဒေ၊ ပြည်နယ်ဒေသအလိုက် ကျောင်းများ ဥပဒေ၊ သင်ရိုးညွှန်းတမ်းနှင့် လေ့ကျင့်ရေး လုပ်ထုံးလုပ်နည်းများ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်များနှင့် အဓိက ပတ်သက် ဆက်နွယ်နေသည်။ ထို့နည်းတူ ဂျာမဏီနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (German Basic Law, Article 12) အပိုဒ် ၁၂ တွင် ပါဝင်သော နိုင်ငံသားတိုင်း လွတ်လပ်စွာ အလုပ်အကိုင် ရွေးချယ်ပိုင်ခွင့်၊ လုပ်ငန်းနေရာ ရွေးချယ်ပိုင်ခွင့်၊ လေ့ကျင့်သင်ကြားပိုင်ခွင့် စသော အချက်များကို အခြေခံ ဆောင်ရွက်ထားသည်။ ယေဘုယျအားဖြင့် အလုပ်သင့်လေ့ကျင့်ရေးကာလသည် အလုပ်အကိုင်၏ သဘော သဘာဝအပေါ် မူတည်၍ ၂ နှစ်မှ ၃ နှစ်အထိ ကြာမြင့်လေ့ရှိသည်။

အလုပ်သင်စာချုပ်နှင့် ရပိုင်ခွင့်များ

အလုပ်ရှင်ကုမ္ပဏီနှင့် အလုပ်သင် လုပ်သားလူငယ်အကြား ချုပ်ဆိုသော အလုပ်သင် စာချုပ်တွင် အလုပ်အကိုင်အမျိုးအစား၊ အလုပ်သင် လေ့ကျင့်ရေးကာလ၊ သင်ရိုးညွှန်းတမ်း၊ အချိန်ဇယား၊ ပြီးဆုံး မည့်အချိန်၊ တာဝန်ရှိ လုပ်ငန်းရှင်များအသင်း၊ အစမ်းခန့်ကာလ၊ ခွင့်ရက်၊ ငွေကြေးထောက်ပံ့မှု၊ အကျိုး ခံစားခွင့်၊ ဝင်ခွင့်လိုအပ်ချက်၊ အလုပ်ရှင်နှင့် အလုပ်သင်တို့၏ တာဝန်ဝတ္တရားများ စသည့်အချက်အလက် များ ပါဝင်သည်။ ငွေကြေးအကျိုးခံစားခွင့် ထောက်ပံ့စရိတ်ပိုင်းတွင် လစဉ်ထောက်ပံ့ကြေး ရရှိခြင်း၊ နှစ်အလိုက် တိုးမြင့်ခံစားခွင့်ရှိခြင်း၊ ပြင်ပသင်တန်း ကျောင်းများသို့ စေလွှတ်တက်ရောက်ပါက ထောက်ပံ့ စရိတ် အလားတူရရှိခြင်း၊ ငွေကြေးအကျိုးခံစားခွင့် ထောက်ပံ့စရိတ်အား စုပေါင်းလုပ်ခ သဘောတူချက် (Collective aggrement) ပေါ်တွင် အခြေခံ၍ ပေးခြင်း၊ ဆောင်ရွက်ခြင်းတို့ ပါဝင်သည်။ လူငယ် အလုပ်အကိုင် ကာကွယ်ရေးအက်ဥပဒေအရ တစ်ပတ်လျှင် အလုပ်သင် အလုပ်ဆင်းရမည့် ရက်အား ၅ ရက်အဖြစ်လည်းကောင်း၊ တစ်ပတ်လျှင် နာရီအားဖြင့် နာရီ (၄၀) အား အလုပ်သင် အလုပ်ဆင်းချိန်အဖြစ် လည်းကောင်း သတ်မှတ်ထားသည်။ နေ့ဓတူ၀ အလုပ်သင် အချိန်အတွင်း သင့်တော်သော နားနေချိန် ပေးခြင်း၊ ဥပဒေနှင့်အညီ ခွင့်ခံစားခွင့်ပေးခြင်းတို့ကိုလည်း လိုက်နာရမည့်အချက်များအဖြစ် ပြဋ္ဌာန်း သတ်မှတ်ပေးထားသည်။

အောင်မြင်မှု၏နောက်ကွယ်

ကမ္ဘာပေါ်တွင် အလုပ်သင်လေ့ကျင့်ရေးစနစ် (Apprenticeship)အောင်မြင်သော နိုင်ငံများ မှာ များများစားစားတော့ မရှိလှပေ။ ဂျာမဏီ၊ အင်္ဂလန်၊ ဆွစ်ဇာလန်စသော နိုင်ငံများသည် အလုပ်သင်စနစ် အောင်မြင်သော ထင်ရှားသည့်နိုင်ငံများ ဖြစ်သည်။ ဂျာမဏီနိုင်ငံသည် ဒွန်တွဲ အလုပ်သင်လေ့ကျင့်ရေးစနစ် နှင့်ပတ်သတ်၍ ကာလကြာရှည်စွာ သမိုင်းကြောင်းရှိခဲ့ပြီး ဖြစ်ပါသည်။ ကျွမ်းကျင်လုပ်သားများအား သက်ဆိုင်ရာ အလုပ်အကိုင်အလိုက် အလုပ်ပေးနိုင်ရလောက်အောင် စီးပွားရေးဖွံ့ဖြိုးမှု မြင့်မားခြင်း၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများစွာ ဖွံ့ဖြိုးတိုးတက်ခြင်း၊ ကုမ္ပဏီများ၏ စိတ်ပါဝင်စားမှု များစွာမြင့်မားခြင်း၊ အလုပ်ရှင်၊ အလုပ်သမားများဖက်မှ အားကောင်းစွာ ပူးပေါင်းဆောင်ရွက်မှုရှိခြင်း၊ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားများ ၃ ဦး ၃ ဖလှယ် ပူးပေါင်းပါဝင်၍ အားကောင်းသော လေ့ကျင့်ရေး စံချိန်စံညွှန်းများ (voacaional training Standard) အား သတ်မှတ်နိုင်ခြင်း၊ အစိုးရ၏ ဥပဒေပြုနှင့် စည်းကြပ်ဆောင်ရွက်နိုင်မှု စွမ်းရည်မြင့်မားခြင်း၊ အသက်မွေးဝမ်းကြောင်း လေ့ကျင့်ရေးဆိုင်ရာ နည်းပြ များ၏ အရည်အချင်းမြင့်မားခြင်း၊ လူငယ်လူရွယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများအား မြင့်မား လာစေရန် ဖန်တီးပေးနိုင်ခြင်းတို့သည် အဓိကအားကောင်းသော အောင်မြင်စေသော အချက်များ ဖြစ်ပါ သည်။

ကျော်ထွန်း



Reference- Vocational Education and Training in Germany, Federal Institute for Vocational Education and Training


 
 
 

Comments


Contact Us

 Address. Yangon, Myanmar

Tel. 0935029113

bottom of page