စိမ်းလန်းသော နည်းပညာနှင့် သက်မွေးပညာရေးလေ့ကျင့်ရေး (Green TVET)
ယခုခေတ်တွင် ရေရှည်တည်တံ့သော စီးပွားရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များသည် ကမ္ဘာ့ဦးစားပေးကိစ္စများ ဖြစ်လာကြသည်။ ဤအခြေအနေနှင့်အညီ ပညာရေးကဏ္ဍသည်လည်း ခေတ်နှင့်လျော်ညီစွာ ပြောင်းလဲလာခဲ့၏။ ယင်းအထဲမှ စိမ်းလန်းသော နည်းပညာနှင့် သက်မွေးပညာရေး (Green TVET) သည် အနာဂတ်အတွက် မရှိမဖြစ်လိုအပ်သော အခန်းကဏ္ဍတစ်ခုကို ဖြစ်လာခဲ့၏။
Green TVET ဆိုသည်မှာ အဘယ်နည်း။
Green TVET ဆိုသည်မှာ စီးပွားရေးလုပ်ငန်းများနှင့် လူ့အဖွဲ့အစည်းကို ရေရှည်တည်တံ့ခိုင်မြဲစေသော ဖွံ့ဖြိုးတိုးတက်မှု (sustainable development) အတွက် ပြောင်းလဲနိုင်ရန် လိုအပ်သည့် ဗဟုသုတ၊ ကျွမ်းကျင်မှု၊ အသိပညာနှင့် သဘောထားများကို သင်ကြားပေးသည့် နည်းပညာနှင့် သက်မွေးပညာရေးစနစ်ကို ဆိုလိုပါသည်။ ၎င်းသည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းပါးစေရန်၊ စွမ်းအင်ချွေတာနိုင်ရန်နှင့် သဘာဝအရင်းအမြစ်များကို ထိရောက်စွာ အသုံးပြုနိုင်ရန် ရည်ရွယ်သည့် ကျွမ်းကျင်မှုများကို ထည့်သွင်းသင်ကြားပေးခြင်း ဖြစ်၏။
Green TVET ကို အဘယ်ကြောင့် လိုအပ်သနည်း။
Green TVET လိုအပ်ရသည့် အဓိကအကြောင်းရင်းများမှာ အောက်ပါအတိုင်း ဖြစ်၏။
အလုပ်အကိုင် အသစ်များ ဖန်တီးပေးခြင်း"
ကမ္ဘာ့စီးပွားရေးသည် "စိမ်းလန်းသောစီးပွားရေး (Green Economy) သို့ ဦးတည်နေသည့်အတွက် လျှပ်စစ်ကားများ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy)၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုနှင့် ဂေဟစနစ်-အဆောက်အအုံများ (Eco-friendly buildings) စသည့် လုပ်ငန်းကဏ္ဍများတွင် အလုပ်အကိုင် အခွင့်အလမ်းများစွာ ပေါ်ပေါက်လာမည် ဖြစ်ပါသည်။ Green TVET သည် ဤကဏ္ဍများအတွက် လိုအပ်သော ကျွမ်းကျင်လုပ်သားများကို မွေးထုတ်ပေးနိုင်ရန်လိုအပ်မည် ဖြစ်ပါသည်။
စီးပွားရေးလုပ်ငန်းများ၏ ရေရှည်တည်တံ့မှု
လုပ်ငန်းများအနေဖြင့် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေရန်ထိန်းသိမ်းရင်း လုပ်ငန်းလုပ်ကိုင်နိုင်ရန် လိုအပ်သည့် စွမ်းအင်ချွေတာခြင်း၊ ကာဗွန်ထုတ်လွှတ်မှုလျှော့ချခြင်းနှင့် သဘာဝအရင်းအမြစ်များကို စနစ်တကျ အသုံးပြုခြင်းတို့အတွက် ကျွမ်းကျင်မှုများရှိရန် မဖြစ်မနေလိုအပ်လာပါသည်။
ရာသီဥတု ပြောင်းလဲမှုများကို ကိုင်တွယ်ဖြေရှင်းခြင်း
ရာသီဥတုပြောင်းလဲမှုသည် ကမ္ဘာကြီးအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်၏။ Green TVET မှတစ်ဆင့် သန့်ရှင်းစေသော ထိမ်းသိမ်းကာကွယ်နိုင်သောနည်းပညာများကို သင်ကြားပေးခြင်းဖြင့် ပတ်ဝန်းကျင်ပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်၏။ လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်မည် ဖြစ်၏။
TVET ကျောင်းများနှင့် အဖွဲ့အစည်းများအနေဖြင့် မည်သို့ လုပ်ဆောင်သင့်သနည်း။
Green TVET အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် TVET ကျောင်းများနှင့် အဖွဲ့အစည်းများသည် အောက်ပါလုပ်ငန်းများကို လုပ်ဆောင်သင့်သည်။
သင်ရိုးညွှန်းတမ်းများ ပြန်လည်ပြင်ဆင်ခြင်း
လက်ရှိသင်ရိုးညွှန်းတမ်းများတွင် ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သဘောတရားများ၊ စွမ်းအင်ထိရောက်စွာ အသုံးပြုခြင်းနှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲခြင်းကဲ့သို့သော ဘာသာရပ်များကို ထည့်သွင်းပေါင်းစပ်သင့်ပါသည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နည်းပညာများ၊ ဂေဟစနစ်-ဗိသုကာပညာနှင့် သဘာဝပတ်ဝန်းကျငဆိုင်ရာ စိုက်ပျိုးရေးပညာရပ်များကဲ့သို့သော ဘာသာရပ်အသစ်များကို ထည့်သွင်းဖွင့်လှစ်သင့်သည်။
ဆရာ/ဆရာမများ၏ အရည်အချင်းမြှင့်တင်ခြင်း
နည်းပြ ဆရာ/ဆရာမများအား စိမ်းလန်းသောနည်းပညာများ၊ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးနှင့်ဆိုင်သော ဘာသာရပ်များနှင့်ပတ်သက်၍ သင်တန်းများ ပေးသင့်ပါသည်။ ၎င်းတို့အနေဖြင့် ခေတ်မီနည်းပညာများနှင့် ကျွမ်းကျင်မှုများကို စဉ်ဆက်မပြတ် လေ့လာနေရန် လိုအပ်၏။
အခြေခံအဆောက်အအုံများ မြှင့်တင်ခြင်း
သင်ကြားရေးအတွက် လိုအပ်သော ခေတ်မီစက်ကိရိယာများနှင့် လက်တွေ့ခန်းများတွင် စိမ်းလန်းသောနည်းပညာများနှင့် သက်ဆိုင်သည့် ကိရိယာများကို တပ်ဆင်သင့်ပါသည်။ ဥပမာ - ဆိုလာစွမ်းအင်ကိရိယာများနှင့် စွမ်းအင်ချွေတာနိုင်သော စက်များကဲ့သို့ အရာများ ဖြစ်သည်။
လုပ်ငန်းခွင်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း
စိမ်းလန်းသောစီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်းပြီး သင်ရိုးညွှန်းတမ်းများကို လုပ်ငန်းခွင်လိုအပ်ချက်နှင့် ကိုက်ညီအောင် ရေးဆွဲသင့်၏။ ကျောင်းသား/ကျောင်းသူများအား သက်ဆိုင်ရာလုပ်ငန်းများတွင် လက်တွေ့လုပ်ကိုင်ခွင့် (internship) ပေးခြင်းဖြင့် လက်တွေ့အတွေ့အကြုံများ ရရှိစေသင့်၏။
လူမှုအဖွဲ့အစည်းများ ပါဝင်လာစေခြင်း
ကျောင်းသား/ကျောင်းသူများတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိစိတ်ဓာတ်များ မြှင့်တင်ပေးရန် စိမ်းလန်းသောလှုပ်ရှားမှုများ၊ အသိပညာပေးပွဲများ လှုပ်ရှားမှုများပြုလုပ်သင့်၏။ Green TVET သည် ခေတ်နှင့်လျော်ညီစွာ ဖွံ့ဖြိုးတိုးတက်နေသော ကမ္ဘာကြီးအတွက် မရှိမဖြစ်လိုအပ်သော စနစ်အရင်းအမြစ်တစ်ခု ဖြစ်ပါသည်။ TVET ကျောင်းများနှင့် အဖွဲ့အစည်းများအနေဖြင့် ဤအပြောင်း အလဲကို လက်ခံပြီး အစိုးရ၊ စီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်းကာ လိုအပ်သောလုပ်ဆောင်မှုများကို အချိန်မီ အကောင်အထည်ဖော်နိုင်ရန် လိုအပ်ပါသည်။
ထိုသို့လုပ်နိုင်မည်ဆိုလျှင် လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုကို တဖက်တလမ်းမှအထောက်အကူပြုနိုင်လိမ့်မည် ဖြစ်ပါသည်။

ဝင်းအောင်





Comments