𝐓𝐕𝐄𝐓 𝟒.𝟎 ဆိုတာ ဘာကို ဆိုလိုတာလဲ။ သူ့ရဲ့ အင်္ဂါရပ်တွေက ဘာတွေလဲ။
- VSB Myanmar

- Jul 1, 2025
- 2 min read
နည်းပညာနှင့် သက်မွေးပညာလေ့ကျင့်ရေး (Technical and Vocational Education and Training) (စတုတ္ထမျိုးဆက်)၊ ဒါမှမဟုတ် TVET 4.0 ဆိုတာ ကတော့ စတုတ္ထစက်မှုတော်လှန်ရေး (Industry 4.0) ရဲ့ ပြောင်းလဲတိုးတက်လာတဲ့ ဒစ်ဂျစ်တယ် နည်းပညာ များနဲ့ ခေတ်မီ တိုးတက်ဆန်းပြားလာတဲ့ စက်မှုနည်းပညာ နယ်ပယ်တွေက တောင်းဆို နေတဲ့ ကျွမ်းကျင်မှုတွေကို ပိုင်ဆိုင်နိုင်ဖို့ အတွက် လေ့ကျင့်သင်ကြားပေးတဲ့ နည်းပညာနဲ့ သက်မွေး ပညာ လေ့ကျင့်ရေး မျိုးဆက် တစ်ခုပဲ ဖြစ်ပါတယ်။ အလျင်အမြန် အရှိန်အဟုန် နဲ့ တိုးတက် ပြောင်းလဲ နေတဲ့ နည်းပညာ လောကကြီးကို အမီလိုက်နိုင်ဖို့အတွက် လိုအပ်တဲ့ အသိပညာ၊ အတတ်ပညာနဲ့ ကျွမ်းကျင်မှုတွေကို လေ့ကျင့်သင်ယူသူတွေအတွက် TVET 4.0 က ဖြည့်ဆည်းပေး နိုင်မှာ ဖြစ်ပါတယ်။
TVET 4.0 ရဲ့ အယူအဆ သဘောတရားကတော့ သမားရိုးကျ နည်းပညာနဲ့ သက်မွေး ပညာ လေ့ကျင့်ရေး အစီအစဉ်တွေထဲကို နောက်ဆုံးပေါ် ခေတ်မီ စက်မှုနည်းပညာများ၊ ဒစ်ဂျစ်တယ် နည်းပညာ တိုးတက် ပြောင်းလဲမှုများ၊ စတုတ္ထစက်မှုတော်လှန်ရေး (Industry 4.0) ရဲ့ အခြေခံမူများကို ပေါင်းစပ်ထည့်သွင်းပြီး လေ့ကျင့်သင်ကြားပေးခြင်းပဲ ဖြစ်ပါတယ်။ ဒီနေ့ခေတ် စက်မှုနဲ့ နည်းပညာ လုပ်ငန်း နယ်ပယ်တွေဟာ Automation တို့၊ အခု ကမ္ဘာတစ်ဝှမ်း နာမည်ကြီးနေတဲ့ AI လို့ ခေါ်တဲ့ Artificial Intelligence တို့ ၊ IoT လို့ ခေါ်တဲ့ Internet of Things တို့ ၊ စတဲ့ အလျင်အမြန် တိုးတက်ဖွံ့ဖြိုးနေတဲ့ နည်းပညာတွေကို အမီလိုက်ပြီး အလုပ်လုပ်နေကြရတယ်ဆိုတာကို TVET 4.0 မှာ သိသာထင်ရှားစွာ အသိအမှတ် ပြုထားပါတယ်။ လူ့စွမ်းအားအရင်းအမြစ်တွေကို အဲ့ဒီ တိုးတက် ပြောင်းလဲမှုတွေ အတွက် အသင့်ဖြစ်ဖို့ ပြင်ဆင်လေ့ကျင့်ပေးရာမှာ နည်းပညာနဲ့ သက်မွေး ပညာ လေ့ကျင့်ရေးစနစ်ဟာလည်း အလိုက်သင့် ပြောင်းလဲပြီး ဖွံ့ဖြိုးလာဖို့ လိုအပ်ပါတယ်။
TVET 4.0 ရဲ့ အင်္ဂါရပ် အချို့ကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်-
ဒစ်ဂျစ်တယ်နည်းပညာနှင့် ပေါင်းစပ်ခြင်း (Digital Integration)
TVET 4.0 မှာဆိုရင် သင်ရိုးညွှန်းတမ်းတွေ၊ လေ့ကျင့်သင်ကြားရေးအစီအစဉ်တွေမှာ ဒစ်ဂျစ် တယ်နည်းပညာတွေကိုပါ ပေါင်းစပ်အသုံးပြု သင်ကြားပါတယ်။ e-Learning Platform တွေကို အဆင့် မြှင့်တင်ပေါင်းစပ်ခြင်း၊ virtual reality (VR)၊ augmented reality (AR)၊ simulations နဲ့ online resources များကို ရနိုင်သမျှ အသုံးချခြင်း တို့ ပါဝင်ပါတယ်။
လုပ်ငန်းခွင်နှင့် ဆက်စပ်မှုရှိခြင်း (Industry-Relevance)
တကယ့်ပြင်ပလုပ်ငန်းခွင်ရဲ့ လိုအပ်ချက်များနဲ့အညီ လေ့ကျင့်သင်ကြားပေးနိုင်ဖို့ကို TVET 4.0 က အထူးပြုပါတယ်။ လေ့ကျင့်သင်ကြားပေးတဲ့ အဖွဲ့အစည်းနဲ့ လုပ်ငန်းကုမ္ပဏီတို့ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ယခုလက်ရှိနဲ့ အနာဂါတ်မှာ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေကို ဉီးတည် လေ့ကျင့်သင်ကြားပေးနိုင်မှာ ဖြစ်ပါတယ်။
ပြောင်းလွယ်သော သင်ယူမှု လမ်းကြောင်းများ (Flexible Learning Pathways)
TVET 4.0 မှာဆိုရင် ပြောင်းလွယ်တဲ့ ၊ စိတ်ကြိုက်ရွေးချယ်နိုင်တဲ့ သင်ယူမှု လမ်းကြောင်း တွေ ၊ မော်ကျူးပုံစံ အပိုင်းလိုက် သင်ကြားမှု ပုံစံတွေ ပါဝင်ဖွဲ့စည်းလေ့ ရှိပါတယ်။ လေ့ကျင့်သင်ယူသူတွေ ဟာ သူတို့ရည်မှန်းထားတဲ့ အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်အတွက် လိုအပ်တဲ့ ကျွမ်းကျင်မှု တွေကို အပိုင်းလိုက် အပိုအလိုမရှိ ၊ သီးသန့် ရွေးချယ် သင်ယူနိုင်ကြပါတယ်။
ဉာဏစွမ်းရည်နှင့် စိတ်နေစိတ်ထား (Soft Skills and Mindset)
နည်းပညာဆိုင်ရာ လက်တွေ့ကျွမ်းကျင်မှုတွေသာမက ပြဿနာဖြေရှင်းခြင်းစွမ်းရည်၊ ဝေဖန် ပိုင်းခြားတွေးခေါ်နိုင်တဲ့ စွမ်းရည်၊ ဆက်သွယ်ဆောင်ရွက်နိုင်တဲ့ စွမ်းရည်၊ အလိုက်သင့် မှီငြမ်း ပြောင်းလဲ နိုင်တဲ့ စွမ်းရည် ၊ စတဲ့ ဉာဏစွမ်းရည်တွေကိုလည်း TVET 4.0 မှာ လေ့ကျင့်ပေးပါတယ်။ လုပ်ငန်းခွင်အတွက် မှန်ကန်တဲ့ စိတ်နေစိတ်ထား မွေးမြူစေခြင်း၊ စဉ်ဆက်မပြတ် လေ့လာသင်ယူခြင်း အလေ့အထတွေကိုလည်း လေ့ကျင့်ပေးလေ့ ရှိပါတယ်။
ဒစ်ဂျစ်တယ်ဘာသာစကား (Digital Literacy)
TVET 4.0 ဟာ လေ့ကျင့်သင်ယူသူတွေကို ဒစ်ဂျစ်တယ်ဘာသာစကား တတ်မြောက် ကျွမ်း ကျင်မှုရှိဖို့ကိုလည်း အားပေးအားမြှောက်ပြုပါတယ်။ ဒါမှသာ သင်ယူသူတွေအနေနဲ့ ခေတ်မီလုပ်ငန်း ခွင်အတွင်းမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုနေတဲ့ ဒစ်ဂျစ်တယ် ကိရိယာတွေ၊ Online platform တွေ၊ ဒစ်ဂျစ်တယ် သတင်းအချက်အလက်တွေကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
စွန့်ဦးတီထွင်ခြင်းနှင့် ဆန်းသစ်ဖန်တီးခြင်း (Entrepreneurship and Innovation)
စွန့်ဉီးတီထွင်ခြင်း အလေ့အထကို လေ့ကျင့်ပေးခြင်းနဲ့ ဆန်းသစ်ဖန်တီးခြင်း အလေ့အထကို အားပေးထောက်ခံခြင်း၊ မွေးမြူပေးခြင်းတွေဟာလည်း TVET 4.0 ရဲ့ အမူအကျင့် အင်္ဂါရပ်တွေပဲ ဖြစ်ပါတယ်။ သင်ယူသူတွေအတွက် ၎င်းတို့ရဲ့ ဆန်းသစ်ဖန်တီးမှု အခွင့်အလမ်းတွေကို ဖော်ထုတ်နိုင် ခြင်း၊ စွန့်ဉီးစီးပွားရေးအတွေးအခေါ်တွေကို လက်တွေ့ အကောင်အထည်ဖော်ကြခြင်းအားဖြင့် နိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ဖြိုးဖို့ကိုလည်း အထောက်အကူ ဖြစ်စေပါတယ်။
လူတိုင်းပါဝင်ခြင်းနှင့် ဘဝတစ်သက်တာလေ့လာသင်ယူခြင်း (Inclusive and Lifelong Learning)
TVET 4.0 ဟာ မတူကွဲပြားသော လူတိုင်း ပါဝင်သင်ယူနိုင်ရန် ၊ အထူးသဖြင့် မသန်စွမ်းသူများ၊ ဖယ်ထုတ်ခြင်းခံထားရတဲ့ အသိုင်းအဝိုင်းမှ လူပုဂ္ဂိုလ်များ၊ နောက်ခံ ဘဝပေးအခြေအနေ မတူကွဲပြားသူများ ၊ စသူတို့အတွက် လမ်းဖွင့်ပေးခြင်းဖြင့် လူတိုင်းအကျုံးဝင်ပညာရေးကို အထောက် အပံ့ ဖြစ်စေပါတယ်။ ဒါ့အပြင် ဘဝတစ်သက်တာ လေ့လာသင်ယူခြင်းအားဖြင့် မိမိတို့ရဲ့ အသက်မွေး ဝမ်းကျောင်းအလုပ်အကိုင်ကို ပိုမို တိုးတက်စေနိုင်ပါတယ်။
အတူပူးပေါင်း သင်ယူခြင်း (Collaborative Learning)
အတူပူးပေါင်း သင်ယူခြင်း အလေ့အထနဲ့ ပတ်ဝန်းကျင်ကိုလည်း TVET 4.0 မှာ ဖန်တီး ထောက်ပံ့ပေးပါတယ်။ လေ့ကျင့်သင်ယူသူတွေဟာ အဖွဲ့လိုက် Project များ အကောင်အထည်ဖော် လေ့ကျင့်ခြင်း၊ သင်ယူသူအချင်းချင်း အပြန်အလှန် လေ့လာသင်ယူခြင်း ၊ စတာတွေနဲ့ ဒီနေ့ ခေတ်မီ လက်တွေ့လုပ်ငန်းခွင်မှာ အမြဲ ကြုံတွေ့ရမယ့် ပူးပေါင်းဆောင်ရွက်မှုသဘာဝကို ကြိုတင် အသားကျ စေပါတယ်။
စဉ်ဆက်မပြတ် စောင့်ကြည့်ခြင်းနှင့် အကဲဖြတ် ဆန်းစစ်ခြင်း (Continuous Monitoring and Evaluation)
ထိရောက်အောင်မြင်တဲ့ လေ့ကျင့်သင်ကြားမှု အစီအစဉ်တွေ ဖြစ်ဖို့အတွက် TVET 4.0 မှာ စဉ်ဆက်မပြတ် စောင့်ကြည့်ခြင်းနဲ့ အကဲဖြတ် ဆန်းစစ်ခြင်း လုပ်ငန်းစဉ်တွေကို စနစ်တကျ ထည့်သွင်း ဆောင်ရွက်လေ့ရှိပါတယ်။ လေ့ကျင့်သင်ကြားရေးနဲ့ ပတ်သက်တဲ့ Stakeholder တွေ အားလုံးဆီက အကြံပြုမှုတွေကို ရယူပြီး ပိုမိုကောင်းမွန်သော အစီအစဉ်များ ဖြစ်စေဖို့ ပုံမှန် ဆန်းစစ် အဆင့်မြှင့်တင် ပြီး အကောင်အထည်ဖော် ဆောင်ရွက်လေ့ ရှိပါတယ်။
တကယ်တော့ TVET 4.0 ဟာ အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲနေတဲ့ ဒစ်ဂျစ်တယ် နည်းပညာခေတ်ကြီး မှာ ပစ္စုပ္ပန် အတွက် အလိုက်သင့် ကျွမ်းကျင်ရုံသာ မကပဲ အနာဂတ် အတွက် ကျွမ်းကျင်မှုတွေကိုပါ မှန်းမျှော် လေ့ကျင့် သင်ကြားပေးတဲ့ နည်းပညာနဲ့ သက်မွေးပညာလေ့ကျင့်ရေး မျိုးဆက် ပဲ ဖြစ်ပါတယ်။
Reference:
1. TVET 4.0: An Innovative Model for Technical and Vocational Education and Training" by Ramlee Mustapha, Rozhan M. Idrus, and Zuraidah Abd. Rahman
2. Digital Skills: Unlocking the Power of the Internet" by Paul Turner







Comments