top of page
  • Facebook

𝐂𝐨𝐦𝐩𝐞𝐭𝐞𝐧𝐜𝐲 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝 ဆိုတာဘာလဲ။

Competency Standard ကို မြန်မာလို ကျွမ်းကျင်မှုစံသတ်မှတ်ချက် သို့မဟုက် လုပ်ရည်ကိုင်ရည်စံ လို့ ခေါ်ဝေါ်ကြပါတယ်။ လုပ်ငန်းခွင်မှာ ထိရောက်စွာ လုပ်ကိုင်နိုင်ဖို့ တစ်ဦးချင်းစီအတွက် လိုအပ်တဲ့ လုပ်ရည်ကိုင်ရည်၊ ကျွမ်းကျင်မှု၊ အသိပညာ၊ အရည်အချင်းတွေကို တိကျစွာ အသေးစိတ်ဖော်ပြထားချက်တွေကို Competency Standard (ကျွမ်းကျင်မှုစံသတ်မှတ်ချက်) လို့ခေါ်ပါတယ်။ အဓိကကတော့ လူတစ်ယောက်အနေနဲ့ ဘာတွေလုပ်ဆောင်တတ်ရမယ်။ ဘယ်အဆင့်လောက်အထိ စွမ်းဆောင်ရည် ရှိရမယ်။ ဘယ်နောက်ခံအနေအထားတွေနဲ့ အလုပ်လုပ်တတ်ရမယ် စသဖြင့် စံနှုန်း တွေပါဝင်မှာဖြစ်ပါတယ်။

Competency standard (ကျွမ်းကျင်မှုစံသတ်မှတ်ချက်) တွေကို နယ်ပယ်အသီးသီးမှာ ရည်ရွယ်ချက်မျိုးစုံနဲ့ အသုံးပြုနိုင်တယ်။ ဥပမာအားဖြင့် ပညာရေး၊ လေ့ကျင့်ရေး၊ ဝန်ထမ်းစုဆောင်းရေးနဲ့ ဝန်ထမ်းစွမ်းဆောင်ရည် အကဲဖြတ်သုံးသပ်ခြင်း စတဲ့အပိုင်းတွေမှာ တွေ့မြင်ရလေ့ရှိပါတယ်။

Competency standard (ကျွမ်းကျင်မှုစံသတ်မှတ်ချက်) တွေရဲ့ဖွဲ့စည်းပုံမှာ ဘာတွေပါသလဲ။

၁။ အလုပ်အကိုင်ခေါင်းစဉ်နဲ့ အညွှန်းကုဒ် (Title and Code)

Competency standard (ကျွမ်းကျင်မှုစံသတ်မှတ်ချက်) တွေရဲ့ ခေါင်းစဉ်ဟာ အလုပ်အကိုင်ရဲ့အမည် သို့မဟုက် လုပ်ငန်းဧရိယာတွေရဲ့ အမည်ကို သုံးစွဲလေ့ရှိတယ်။ နိုင်ငံအလိုက် အညွှန်းကုဒ် စနစ် သက်မှတ်ပြီး ရည်ရွယ်ချက်အသီးသီးနဲ့ ကိုးကားသုံးစွဲကြတယ်။

၂။ ရည်ရွယ်ချက်နဲ့ ကိုယ်စားပြုနယ်ပယ် ဖော်ပြချက် (purpose and overview)

ကျွမ်းကျင်မှုစံသတ်မှတ်ချက်တွေဟာ အကျဉ်းချုပ်ဖော်ပြချက်တစ်ခုနဲ့ စလေ့ရှိတယ်။ ဘယ်သူတွေကိုရည်ရွယ်တယ်။ ရလဒ်ဘာတွေထွက်ရမယ်။ ဘယ်လုပ်ငန်းနယ်ပယ် ကို ကိုယ်စားပြုတယ်။ စံသက်မှတ်ချက်ဟာ ဘာကြောင့်အရေးကြီးတယ် စတဲ့အချက်တွေ ပါဝင်ကြပါတယ်။

၃။ အကြုံးဝင်မှု (Scope)

အကြုံးဝင်မှုပိုင်း ဖော်ပြချက်ဟာ ကျွမ်းကျင်မှုစံသတ်မှတ်ချက်တွေရဲ့ပါဝင်တဲ့ နယ်ပယ်သတ်မှတ်ချက်တွေဖြစ်တယ်။ ဘယ်လို တာဝန်ဝတ္တရားတွေ၊ ဘယ်လိုလုပ်ဆောင်ချက်လုပ်ကွက်တွေ၊ ဘယ်လို လုပ်ရည်ကိုင်ရည် အရည်အချင်းမျိုးတွေ ပါဝင်ရမယ် ဆိုတာကို ညွှန်းဆိုလေ့ရှိကြတယ်။

၄။ လုပ်ဆောင်နိုင်ရမယ့် လုပ်ငန်းစဉ် သို့မဟုက်လုပ်ဆောင်ချက်များ (Elements of Competency)

ကျွမ်းကျင်မှုစံသတ်မှတ်ချက် တွေမှာ အဓိက လုပ်ဆောင်နိုင်ရမယ့်လုပ်ငန်းစဉ် သို့မဟုက် လုပ်ဆောင်ချက် (Elements of Competency) တွေပါရှိတယ်။ လုပ်ဆောင်နိုင်ရမယ့်လုပ်ငန်းစဉ် သို့မဟုက် လုပ်ကွက် တိုင်းမှာ ဆက်နွယ်နေတဲ့ ကျွမ်းကျင်မှု၊ အသိပညာနဲ့ အရည်အချင်းတွေ ပါဝင်တယ်။

၅။ လုပ်ဆောင်ချက်စံနုန်း/ သတ်မှတ်ချက် (Performance Criteria)

လုပ်ဆောင်နိုင်ရမယ့် လုပ်ငန်းစဉ်တိုင်းမှာ လုပ်ဆောင်ချက်စံနှုန်း/ သတ်မှတ်ချက် တွေပါဝင်တယ်။ သတ်မှတ်ချက်တွေကို သိသာထင်ရှားပြီး တိုင်းတာလို့ရတဲ့ အပြုအမူပုံစံ action နဲ့ရေးလေ့ရှိတယ်။ ဒါကိုကြည့်ပြီး ဘာလုပ်တက်ရမယ်။ ဘယ်လို အကဲဖြက်ရမယ်ဆိုတာကို နားလည်နိုင်ပါတယ်။

၆။ လိုအပ်တဲ့ ကျွမ်းကျင်မှုနဲ့အသိပညာ (Required Skills and Knowledge)

ဒီအပိုင်းမှာတော့ လုပ်ငန်းစဉ်/လုပ်ဆောင်ချက်တိုင်းကို လုပ်နိုင်ဖို့လိုအပ်တဲ့ ကျွမ်းကျင်မှုနဲ့ အသိပညာတွေပါဝင်ပါတယ်။ ဘာသာရပ် သီအိုရီပိုင်းတွေ၊ လိုအပ်တဲ့ ဆက်သွယ်ပြောဆိုမှု စွမ်းရည်တွေယေဘူယျ အားဖြင့် ပါဝင်လေ့ရှိတယ်။

၇။ လမ်းညွှန်အထောက်အထား (Evidence Guide)

စစ်ဆေးအကဲဖြတ်သူများအတွက် အရေးကြီးသော အပိုင်းဖြစ်ပါတယ်။ ပြသနိုင်ရမယ့်ကျွမ်းကျင်မှုနှင့် အသိပညာတွေ သာမက ဘယ်လို အထောက်အထားများကို ဦးတည်ရမယ် ဆိုတဲ့အချက် တွေကို ဖော်ပြထားတဲ့ အပိုင်း ဖြစ်ပါတယ်။

၈။ စစ်ဆေးမည့် နောက်ခံအခြေအနေနှင့် နည်းလမ်း (Assessment Conditions)

ဘယ်လို ရင်းမြစ်များပါဝင်သင့်တယ်၊ ဘယ်လို စစ်ဆေးအကဲဖြတ်ရေး နည်းလမ်းတွေကို အသုံးပြုသင့်တယ် စသဖြင့် ဖော်ပြထားတဲ့ အပိုင်း ဖြစ်တယ်။ ။ စစ်ဆေးအကဲဖြတ်ရေး ပြုလုပ်သင့်တဲ့ နောက်ခံအခြေအနေတွေကို ဖော်ပြထားလေ့ရှိတယ်။

Competency standard (ကျွမ်းကျင်မှုစံသတ်မှတ်ချက်) တွေဟာ အလုပ်အကိုင်နယ်ပယ်အသီးသီး အတွက် လူ့စွမ်းအားရင်းမြစ် တွေဖွံ့ဖြိုးရေး၊ ဆန်းစစ်အကဲဖြတ်ရေး၊ ကျွမ်းကျင်အသိအမှတ်ပြု လတ်မှတ်တွေ ထုတ်ပေးရေး အတွက် ကျယ်ကျယ်ပြန့်ပြန့်သုံးလေ့ရှိတဲ့မူ ဘောင် တွေဖြစ်ပါတယ်။

နိုင်ငံတကာ မှာရော နိုင်ငံအချင်းချင်းကြား ကျွမ်းကျင်မှု အသိအမှတ်ပြုရေး အစီအစဉ်တွေမှာရော အထူးသဖြင့် သင်ရိုးညွန်းတမ်းရေးဆွဲရေး၊ လေ့ကျင့်ရေးသာမက လုပ်ငန်းခွင်ပရော်ဖက်ရှင်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ အရေးကြီးတဲ့ အရာတစ်ခုဖြစ်ပါတယ်။



Reference

1. Training Regulations in the Philippines

2. Guidelines for development of Regional Model Competency Standard, ILO

Comments


bottom of page