top of page
  • Facebook
  • Twitter
  • Linkedin

𝐎𝐉𝐓 ဆိုတာ ဘာလဲ။

  • Writer: VSB Myanmar
    VSB Myanmar
  • Jun 11
  • 2 min read

OJT ဆိုတာ လုပ်ငန်းခွင်အတွင်း လေ့ကျင့်ခြင်း (On-the-Job Training) ကို ကိုယ်စားပြု ခေါ်ဝေါ်ခြင်း ဖြစ်ပါတယ်။ ဝန်ထမ်း ဒါမှမဟုတ် သင်တန်းသားတွေအနေနဲ့ တကယ့်လုပ်ငန်းခွင် သို့မဟုတ် လုပ်ငန်းခွင်နဲ့ အနီးစပ်ဆုံးဖြစ်အောင် ဖန်တီးထားတဲ့ လက်တွေ့ လေ့ကျင့်ရေးပတ်ဝန်းကျင်မှာ မိမိတို့ လုပ်ဆောင်ရမယ့် အလုပ်တွေကို လုပ်ဆောင်နေရင်းကပဲ လုပ်ငန်းခွင်အတွက် လိုအပ်တဲ့ ကျွမ်းကျင်မှုနဲ့ အသိပညာတွေကို လေ့ကျင့်သင်ယူသွားစေတဲ့ သင်ကြားရေးတစ်မျိုးပဲ ဖြစ်ပါတယ်။

OJT ကာလအတွင်းမှာ ဝန်ထမ်း ဒါမှမဟုတ် သင်တန်းသားတွေအနေနဲ့ လုပ်ငန်းကျွမ်းကျင်ပြီး အတွေ့အကြုံများပြားသော ကြီးကြပ်သူများ သို့မဟုတ် နည်းပြဆရာများရဲ့ အနီးကပ်ကြီးကြပ်ပြီး လမ်းညွှန်သင်ကြားပေးမှုအောက်မှာ အလုပ်လုပ်ကိုင်ရင်း လေ့ကျင့်ကြရတာ ဖြစ်ပါတယ်။ သင်ကြားလေ့ကျင့် ရာမှာလည်း အလုပ်အကိုင်၊ ကျွမ်းကျင်မှု တစ်ခုခုကို သီးသန့်သတ်မှတ် ဦးတည်လို့ သင်ကြားပေးတာဖြစ်ပြီး ဝန်ထမ်း သို့မဟုတ် သင်တန်းသားများဟာ မိမိတို့ သင်ယူခဲ့ကြ တဲ့ စာတွေ့ အသိပညာတွေကို တကယ့်လက်တွေ့ လုပ်ငန်းတွေနဲ့ ချိတ်ဆက်နားလည် အသုံးချနိုင်ပြီး ရည်ရွယ်တဲ့ အလုပ်အကိုင်အတွက် လုပ်ငန်းခွင် အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတွေ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။ OJT ရဲ့ အဓိက စရိုက်လက္ခဏာတွေ အနေနဲ့ အောက်ပါ အင်္ဂါရပ်တွေ ပါဝင်နေလေ့ ရှိပါတယ်-

လက်တွေ့ လေ့ကျင့်သင်ယူခြင်း (Practical Learning)

OJT ဟာ စာတွေ့ထက် လက်တွေ့လေ့ကျင့်သင်ယူခြင်းကို အဓိက ဦးတည်ပြီး သင်တန်းသားတွေ အနေနဲ့ လုပ်ငန်းခွင်အတွင်းမှာ စောင့်ကြည့်ခြင်းနဲ့ လက်တွေ့ ဝင်ရောက်လုပ်ကိုင်ခြင်းတို့ဖြင့် လိုအပ်တဲ့ ကျွမ်း ကျင်မှုတွေကို ပိုင်ဆိုင်လာမှာ ဖြစ်ပါတယ်။

လုပ်ငန်းခွင်နှင့် အကျွမ်းတဝင်ဖြစ်ခြင်း (Workplace Integration)

တကယ့်လုပ်ငန်းခွင်ထဲမှာပဲ လေ့ကျင့် သင်ယူရတာဖြစ်တဲ့အတွက် သင်တန်းသားတွေဟာ လက်တွေ့ လုပ်ငန်းခွင်ရဲ့ အလေ့အထနဲ့ လုပ်ငန်းစဉ်များ၊ နိစ္စဓူဝ စိန်ခေါ်မှုများနဲ့ ရင်းနှီးကျွမ်းဝင်လာမှာ ဖြစ်ပါတယ်။

သီးသန့် အလုပ်အကိုင် သတ်မှတ်လေ့ကျင့်ခြင်း (Job-specific Training)

OJT ဟာ အလုပ်အကိုင် ကျွမ်းကျင်မှုတစ်ခုကို သီးသန့် လေ့ကျင့်တာ ဖြစ်တဲ့အတွက် ဝန်ထမ်း ဒါမှမဟုတ် သင်တန်းသားတွေအနေနဲ့ မိမိတို့ရဲ့ လုပ်ငန်းတာဝန်ကို သီးသန့်လုပ်ကိုင်နေရင်း တိုက်ရိုက် လေ့ကျင့်ရတာ ဖြစ်ပါတယ်။

အချိန်နှင့်တပြေးညီ သုံးသပ်ချက် ရရှိခြင်း (Real-time Feedback)

ကြီးကြပ်သူများ သို့မဟုတ် နည်းပြဆရာများက အနီးကပ် လေ့ကျင့်သင်ကြားပေးတာဖြစ်လို့ သူတို့ရဲ့ သုံးသပ်အကြံပြုချက်များကို ချက်ချင်း ရရှိနိုင်ပြီး လိုအပ်ချက်များကို အမြန်ဆုံးဖြည့်ဆည်းလေ့ကျင့်နိုင်ပါတယ်။

ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ခြင်း (Skills Development)

အလုပ်အကိုင် ကျွမ်းကျင်မှုတစ်ခုကို သီးသန့်လေ့ကျင့် သင်ယူခြင်းအားဖြင့် အချိန်တိုအတွင်းမှာပဲ ဝန်ထမ်း ဒါမှမဟုတ် သင်တန်းသားတွေရဲ့ ပင်ကိုယ်စွမ်းဆောင်ရည်နဲ့ ထုတ်လုပ်မှုစွမ်းရည်တွေ တိုးတက်လာ နိုင်ပါတယ်။

ကုန်ကျစရိတ် ထိရောက်မှုရှိခြင်း (Cost Effectiveness)

သီးခြား သင်ထောက်ကူပစ္စည်းတွေ ဖြည့်ဆည်းစရာ မလိုအပ်ပဲ လုပ်ငန်းခွင်အတွင်း လက်ရှိအသုံးပြု နေတဲ့ ပစ္စည်းကိရိယာတွေကိုပဲ သင်ထောက်ကူအနေနဲ့ သုံးရတာဖြစ်တဲ့အတွက် OJT ဟာ ကုန်ကျစရိတ် ထိရောက်မှုရှိတဲ့ သင်ကြားရေးနည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

ပြောင်းလွယ် ပြင်လွယ်ရှိခြင်း (Flexibility)

OJT အနေနဲ့ တစ်ဦးချင်းစီကို ဦးတည်လေ့ကျင့်ပေးတာဖြစ်လို့ သင်တန်းသားတစ်ဦးရဲ့ အခြေအနေ၊ လိုအပ်ချက်နဲ့ လုပ်နိုင်စွမ်းတို့အပေါ် မူတည်ပြီး သင်ကြားရေးပုံစံကို လိုသလို ပြောင်းလွယ် ပြင်လွယ် သင်ကြား လေ့ကျင့်ပေးနိုင်ပါတယ်။

စွမ်းဆောင်ရည်တိုးတက်မှု စောင့်ကြည့်နိုင်ခြင်း (Performance Monitoring)

ကြီးကြပ်သူများ သို့မဟုတ် နည်းပြဆရာတွေအနေနဲ့ သူတို့ရဲ့ သင်တန်းသားကို အနီးကပ် လေ့ကျင့် သင်ကြားပေးတာ၊ ကြီးကြပ်တာဖြစ်တဲ့အတွက် သင်တန်းသားတွေရဲ့ တိုးတက်မှုအခြေအနေကို အချိန်နဲ့ အမျှ စောင့်ကြည့် အကဲဖြတ်နိုင်ကြပါတယ်။

OJT ကို လက်တွေ့လုပ်ငန်းခွင်ကျွမ်းကျင်မှု ဦးစားပေးတဲ့ ထုတ်လုပ်မှုလုပ်ငန်းများ၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၊ ဟိုတယ်နှင့် အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းများ စတဲ့ ကျွမ်းကျင်မှုကို အဓိကတောင်းဆိုတဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက် လေ့ကျင့် သင်ကြားရေး နည်းလမ်းအဖြစ် အသုံးများပါတယ်။ စာတွေ့ အသိပညာနဲ့ လက်တွေ့ကျွမ်းကျင်မှုတို့ကို ပူးတွဲလေေ့ပေးနိုင်တဲ့ နည်းလမ်းဖြစ်တဲ့အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်တဲ့ ကျွမ်းကျင် လုပ်သားနဲ့ ကျွမ်းကျင်ပညာရှင်တွေကို မွေးထုတ်ပေးနိုင်သော လေ့ကျင့်ရေးနည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။


Reference:

1. Overview of Apprenticeship Systems and Issue, ILO

2. OJT Guidance Manual, Workforce Central

3. Standard for In-Company Trainers in ASEAN Countries, GIZ

Comments


Contact Us

 Address. Yangon, Myanmar

Tel. 0935029113

bottom of page