𝐅𝐨𝐫𝐦𝐚𝐥 ၊ 𝐍𝐨𝐧-𝐟𝐨𝐫𝐦𝐚𝐥 နှင့် 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐥 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 ရဲ့ကွဲပြားခြားနားမှုက ဘယ်လိုရှိပါသလဲ။
- VSB Myanmar

- Jun 7
- 1 min read
ယေဘုယျအားဖြင့် ပညာရေး (သို့မဟုတ်) လေ့လာသင်ယူမှုဟု ပြောရာ၌ အမျိုးအစား သုံးမျိုး ရှိနိုင်၏။ အမည်အားဖြင့်ဆိုသော် (က) ကျောင်းသင်ပညာရေး (ဝါ) ပုံမှန် လမ်းကြောင်းဖြင့် လေ့လာသင်ယူမှု (formal education or learning)၊ (ခ) ကျောင်းပြင်ပ ပညာရေး (ဝါ) ပုံမှန် ပညာရေးစနစ် ပြင်ပမှ လေ့လာသင်ယူသည့် ပုံစံ (Non-formal education or learning) နှင့် (ဂ) ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် လေ့လာသင်ယူသည့် ပုံစံ (Informal education or learning) တို့ ဖြစ်၏။
(က) ကျောင်းသင်ပညာရေး (ဝါ) ပုံမှန် လမ်းကြောင်းဖြင့် လေ့လာသင်ယူမှုအမျိုးအစား (Formal education or learning)
ယေဘုယျအားဖြင့် ငယ်စဉ်မူကြိုကျောင်းမှ အစပြု၍ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ ကောလိပ်သိပ္ပံ၊ တက္ကသိုလ်တို့အား အဆင့်ဆင့် တက်ရောက်သင်ကြားလေ့လာသော လမ်းကြောင်းဖြစ်၏။ အခြေခံပညာမှစ၍ အကယ်ဒမစ်ပိုင်း၊ အသက်မွေးဝမ်းကြောင်း၊ ကျွမ်းကျင်မှုပိုင်းများကို လေ့လာသင်ယူနိုင်၏။ သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများအောက်တွင် လည်ပတ်နေရသော ပညာသင်ယူမှု/ သင်ကြားမှုစနစ် ဖြစ်၏။ သတ်မှတ်အရည်အသွေးရှိသော လေ့လာသင်ကြားပေးထားသော ဆရာ၊ ဆရာမများအား ခန့်ထား၍ သင်ကြားမှုကို ဆောင်ရွက်စေ၏။ စာသင်ခန်းအတွင်း လေ့လာသင်ယူရ၏။ သင်ကြားတတ်မြောက်မှုနှင့် စပ်လျဉ်း၍ အဆင့်သတ်မှတ်ချက်၊ အောင်လက်မှတ်၊ ကောလိပ်တက္ကသိုလ်တို့၏ ဘွဲ့များ အပ်နှင်းချီးမြှင့်လေ့ရှိ၏။ သင့်တော်သော သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများ ထားရှိ၍ အမျိုးမျိုးသော ဘာသာရပ်သင်ကြားမှုများအား စီမံထားရှိ၏။ သတ်မှတ်ထားသော ကျောင်းတွင် သတ်မှတ်ထားသော အချိန်ကာလတစ်ခုလည်း တက်ရောက်ရန် လိုအပ်၏။
(ခ) ကျောင်းပြင်ပ ပညာရေး (ဝါ) ပုံမှန် ပညာရေးစနစ် ပြင်ပမှ လေ့လာသင်ယူမှုအမျိုးအစား (Non-formal education or learning)
အဆိုပါပုံစံတွင် ယေဘုယျအားဖြင့် အရွယ်ရောက်ပြီးသူများအတွက် စာတတ်မြောက်ရေး အစီအစဉ်များ၊ နည်းပညာနှင့် အသက်မွေးဝမ်းကြောင်း ကျွမ်းကျင်မှုအား သင်ကြားသော သင်တန်းအစီအစဉ်များ၊ ညီမျှသော ကျောင်းပညာရေးအတွက် ပြင်ဆင်ပေးမှု အစီအစဉ်များ၊ မိမိအိမ်၌ လေ့လာသင်ယူမှု ပုံစံများ၊ တစ်ဦးချင်း သင်ကြားမှု ပုံစံများ၊ အဝေးရောက် အွန်လိုင်းဖြင့် လေ့လာသင်ယူမှု အစီအစဉ်များ၊ ကွန်ပြူတာ အထောက်အကူပြု လေ့လာသင်ကြားမှုပုံစံများ ပါဝင်သည်။ အထူးသဖြင့် လေ့လာသင်ယူသူများ (သို့မဟုတ်) ဦးတည်အုပ်စု၏ လိုအပ်ချက်ပေါ် မူတည်၍ လေ့ကျင့်သင်ကြားပေးသော ပုံစံ ဖြစ်သည်။ သင်ရိုးညွှန်းတမ်းများ၏ ဒီဇိုင်းနှင့် စစ်ဆေးအကဲဖြတ်ခြင်းသည် လိုအပ်ချက်ပေါ် မူတည်၍ ပြုပြင်ပြောင်းလဲမှုများ (အချိန်ကာလ အားလျော်စွာ) ရှိနိုင်၏။ ဥပမာအားဖြင့် ကိုယ်ကာယ ကြံ့ခိုင်မှုသင်တန်းများ၊ အချို့သော ရပ်ရွာအခြေပြု အသက်မွေးဝမ်းကြောင်း သင်တန်းများ ၊လုပ်ငန်းခွင်အခြေပြုသင်တန်းများအား ကြည့်ရှုနိုင်သည်။
(ဂ) ကိုယ့်နည်းကိုယ့်ဟန်ဖြင့် လေ့လာသင်ယူသည့်ပုံစံ အမျိုးအစား (Informal education or learning)
ကိုယ့်နည်းကိုယ့်ဟန်ဖြင့် လေ့လာသင်ယူမှုပုံစံ (Informal education or learning) သည် စာသင်ခန်းထဲတွင် သင်ကြားခြင်း (သို့မဟုတ်) လေ့ကျင့်မှုနည်းစနစ်တခုကို အသုံးချခြင်း မဟုတ်ပါ။ အလိုအလျောက် မိမိ စိတ်ဆန္ဒဖြင့် လေ့လာသော ပုံစံ ဖြစ်သည်။ ဥပမာအားဖြင့် စာကြည့်တိုက်မှ စာအုပ်များစွာကို ငှားရမ်း ဖတ်ရှုခြင်း၊ ဝက်ဆိုက်တစ်ခုမှ အကြောင်းအရာများကို ဝင်ရောက်ဖတ်ရှုခြင်း၊ စက်ဘီးစီး လေ့ကျင့်ခြင်း၊ အွန်လိုင်း၊ မိုဘိုင်းဘဏ်စနစ်အား အသုံးပြုရန် လေ့လာခြင်းများသည် ထင်ရှားသော သာဓကများ ဖြစ်သည်။ အချိန်ဇယား မရှိ၊ သစ်ရိုးညွှန်းတမ်းမရှိ၊ မိမိ၏ ဆန္ဒအပေါ်မူတည်၍ လေ့လာမှုပြုလုပ်သော ပုံစံ ဖြစ်သည်။ လုပ်ငန်းခွင်၌ နှစ်ပေါင်းများစွာ တွေ့ကြုံရရှိခဲ့သော အတွေ့အကြုံများသည်လည်း ဤပုံစံတွင် အကျုံးဝင်၏။ နေ့တဓူဝ ရပ်ရွာတွင်းနှင့် လူမှုဆက်ဆံရေး၌ ရရှိခဲ့သော အတွေ့အကြုံများသည်လည်း အကျုံးဝင်၏။ သင်ကြား သင်ယူမှု ပုံစံထက် မိမိဖာသာ လေ့လာအားထုတ်သော ပုံစံဖြစ်၏။
Reference:
1. formal, non-formal and informal learning, Council of Europe
2. formal, non-formal and informal education: a holistic perspective on lifelong learning, La Bella TJ, UNESCO publication







Comments