ပညာသင်ကြားမှု လေ့လာမှုပုံစံ အမျိုးအစားများနှင့် ပြောင်းလဲလာသော စနစ် အခင်းအကျင်းများ
၂၁ ရာစု၏ အပြောင်းအလဲနှင့်အတူ ပညာရေးပုံစံများ၊ စနစ်များ၊ လေ့လာသင်ယူမှုလမ်းကြောင်းများသည် အမျိုးမျိုးအဖုံဖုံ ပြောင်းလဲလာခဲ့သည်။ လူတိုင်းအတွက် ပညာရေးဟူသော ကြွေးကြော်သံနှင့်အတူ ပညာရေးနှင့် လေ့လာသင်ယူခွင့်သည် အခြေခံကျသော လူ့အခွင့်အရေးတစ်ရပ် ဖြစ်လာခဲ့သည်။ ထို့အပြင် ယခုနှစ်ပိုင်းများအတွက် ထပ်မံပေါ်ပေါက်လာခဲ့သော ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်ကာလအတွင်းတွင် ပညာရေးနှင့် လေ့လာသင်ယူမှု ပုံစံများသည် မလွဲမသွေ ပြောင်းလဲရန် ပိုမို တွန်းအားပေးခံခဲ့ရသည်။ ကိုဗစ်ကာလ အတွင်း ပိုမို၍ ကမ္ဘာ့နိုင်ငံအသီးသီးရှိ ပညာသင်ကျောင်းသား ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ရင်းနှီးကျွမ်းဝင်လာစေခဲ့သည့်အချက်မှာ အွန်လိုင်းဖြင့် လေ့လာသင်ယူရသည့် အိုးမကွာ၊ အိမ်မကွာ home based learning ပညာ သင်ယူမှုပုံစံ ဖြစ်၏။ မလွဲမရှောင်သာ ကမ္ဘာ့ကပ်ရောဂါ အကြပ်အတည်းကာလတွင် ယင်းသင်ယူမှုပုံစံသည် ရွေးချယ်စရာမရှိ မလွဲမသွေ ရွေးချယ်ခဲ့ရသည့် လမ်းကြောင်းတစ်ခု ဖြစ်လာခဲ့သည်။ အနာဂတ် ပညာရေးနှင့် လေ့လာသင်ယူမှုစနစ်အပေါ်တွင်လည်း များစွာ သက်ရောက်မှုများ ဖြစ်လာစေခဲ့ သည်။
အဆိုပါ အိုးမကွာ၊ အိမ်မကွာ ပညာသင်ယူမှု (home based learning) လမ်းကြောင်းသည် ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွက် အသစ်အဆန်းလားဟူ၍ မေးစရာရှိ၏။ အသစ်အဆန်းတော့ မဟုတ်ပါ။ ကမ္ဘာ့နိုင်ငံအချို့ဖြစ်သော အမေရိကန်၊ အင်္ဂလန်၊ စကော့တလန်၊ သြစတေးလျ စသော နိုင်ငံအချို့၏ ပညာရေးစနစ်ကို လေ့လာကြည့်ပါက အိုးမကွာ၊ အိမ်မကွာ ပညာရေးစနစ် (home based education or home based learning or home schooling) အယူအဆမှာ ရှိပြီးဖြစ်၏။ ယခုမှမဟုတ်၊ ရှေးကပင် ရှိခဲ့ဖူး၏။ မိဘတိုင်း၊ ကျောင်းသားတိုင်းအတွက် ရွေးချယ်ခွင့် (Right to choose) တစ်ခုလည်း ဖြစ်၏။ ဒီဘက်ခေတ်တွင် အဆိုပါ (home based education) မိမိအိမ်၌ မိမိဘာသာ လေ့လာသင်ယူခြင်းအား အချို့နိုင်ငံများ၌ ဥပဒေများတွင်ပါ ထည့်သွင်း၍ ပြဋ္ဌာန်းပေးထားသည်။
သို့သော် အိုးမကွာ၊ အိမ်မကွာ လေ့လာသင်ယူမှု (ဝါ) မိမိအိမ်၌ လေ့လာသင်ယူခြင်း (home based education or learning) သည် ဖွံ့ဖြိုးဆဲနိုင်ငံအချို့တွင် မိရိုးဖလာ ကျောင်းအခြေပြုပညာရေးစနစ်ကိုသာ စနစ်ဟု ထင်သူများအတွက်မူ မေးခွန်းများစွာ ရှိနိုင်၏။
မည်သို့ပင်ဆိုစေကာမူ ကိုဗစ်ကပ်ရောဂါကာလတွင် တွေ့ကြုံဖြစ်ထွန်းလာခဲ့သည့် လေ့လာသင်ယူမှု ပုံစံ အပြောင်းအလဲသည် နိုင်ငံအချို့၏ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲရေးအတွက် လမ်းဖွင့်ပေးခဲ့ရာ အချက်တစ်ချက် ဖြစ်လာစေခဲ့သည်။ အထူးသဖြင့် အပိတ်စနစ် (close system) ကျင့်သုံးသော နိုင်ငံများအတွက် မူဝါဒရေးရာနှင့် ပညာရေးစနစ် စီမံခန့်ခွဲမှု ရေးရာတို့တွင် ပိုမိုကောင်းမွန်သော အဖွင့်စနစ် open system တစ်ခုအား ကူးပြောင်းနိုင်ရေးအတွက် တွန်းအားတစ်ရပ် ဖြစ်လာခဲ့သည်။
အားလုံး အကျုံးဝင် ပညာရေးနှင့် လေ့လာသင်ယူခြင်း အမျိုးအစားများ
ပညာရေးစနစ်၏ အဓိကရည်ရွယ်ချက်မှာ လူတစ်ဦးချင်းစီ၏ စဉ်းစားဆင်ခြင်တုံတရားနှင့် အမှား၊ အမှန်အား ဆုံးဖြတ်နိုင်စွမ်းအား မြှင့်တင်ပေးနိုင်ရေးနှင့် လူတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ရေး ဖြစ်၏။ အထူးသဖြင့် နေ့စဉ် လူမှုဘဝနှင့် အပြုအမူ ဆောင်ရွက်ချက်များအတွက် အပြုသဘောဆောင်သော ပြောင်းလဲမှုများ ဖွံ့ဖြိုးပေါ်ပေါက်လာစေရန် ဖြစ်၏။ လေ့လာသင်ယူမှုမှတစ်ဆင့် အသိပညာ ရရှိရေးနှင့် လက်တွေ့ အသုံးချနိုင်ရေးဖြစ်၏။ ပညာရေးကို ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ်ဟူ၍လည်း ဆိုနိုင်၏။ ပညာရေးစနစ်သည် တီထွင်ကြံဆနိုင်စွမ်း၊ ပြဿနာများကို ဖြေရှင်းနိုင်စွမ်းနှင့် စိတ်ထားကျင့်ဝတ်ပိုင်းဆိုင်ရာကိုလည်း ပျိုးထောင်ပေးနိုင်စွမ်း ရှိရမည်ဖြစ်၏။
ဒီမိုကရေစီနိုင်ငံများ၏ အုပ်ချုပ်ရေးစနစ်များ၌ ပညာရေးစနစ်သည် ကျင့်ဝတ်နှင့်လျော်ညီသော နိုင်ငံ့သားကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် များစွာ တာဝန်ရှိ၏။ အထူးသဖြင့် ပညာရေးစနစ်သည် လူ၏ တစ်ဦးချင်းစီ၊ အဖွဲ့အစည်းတစ်ခုချင်းနှင့် နိုင်ငံတစ်ခုချင်းစီအား တိုးတက်ဖွံ့ဖြိုးစေရေးအတွက် စွမ်းဆောင်ရည် မြှင့်တင်ပေးရန် တာဝန်ရှိ၏။
ဤနေရာတွင် ပညာရေးစနစ်ဟု ဆိုရာ၌ ကျောင်း၏ နံရံလေးဘက် စာသင်ခန်းအတွင်းမှ ပညာရေး လုပ်ငန်းစဉ် ကွက်ကွက်ကိုသာ ပြော၍ မရ။ ကျောင်းစာသင်ခန်း အပြင်ဖက် လူ့ဘဝထဲမှ အတွေ့အကြုံများအား သင်ယူခြင်းသည်လည်း ကလေးတစ်ယောက်အတွက် (ဝါ) လူတစ်ယောက်အတွက် ပညာရေးဟု ပြောနိုင်၏။ ထို့ကြောင့် ပညာရေး (သို့မဟုတ်) လေ့လာသင်ယူမှုဟု ပြောရာ၌ ကျယ်ပြန့်စွာ စဉ်းစားရန် လိုအပ်၏။ ယေဘုယျအားဖြင့် အမျိုးအစား သုံးမျိုး ရှိနိုင်၏။ အမည်အားဖြင့်ဆိုသော် (က) ကျောင်းသင်ပညာရေး (ဝါ) ပုံမှန် လမ်းကြောင်းဖြင့် လေ့လာသင်ယူမှု (formal education or learning) (ခ) ကျောင်းပြင်ပ ပညာရေး (ဝါ) ပုံမှန် ပညာရေးစနစ် ပြင်ပမှ လေ့လာသင်ယူသည့် ပုံစံ (Non-formal education or learning) (ဂ) ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် လေ့လာသင်ယူသည့် ပုံစံ (Informal education or learning) တို့ ဖြစ်၏။ ဤဆောင်းပါး တွင် စာရေးသူအနေဖြင့် အထက်ဖော်ပြပါ ပုံစံ သုံးခုကို အကျဉ်းမျှ မိတ်ဆက်ပေးလို၏။
(က) ကျောင်းသင်ပညာရေး (ဝါ) ပုံမှန် လမ်းကြောင်းဖြင့် လေ့လာသင်ယူမှုအမျိုးအစား (Formal education or learning)
ယေဘုယျအားဖြင့် ငယ်စဉ်မူကြိုကျောင်းမှ အစပြု၍ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ ကောလိပ်သိပ္ပံ၊ တက္ကသိုလ်တို့အား အဆင့်ဆင့် တက်ရောက်သင်ကြားလေ့လာသော လမ်းကြောင်းဖြစ်၏။ အခြေခံပညာမှစ၍ အကယ်ဒမစ်ပိုင်း၊ အသက်မွေးဝမ်းကြောင်း၊ ကျွမ်းကျင်မှုပိုင်းများကို လေ့လာသင်ယူနိုင်၏။ သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများအောက်တွင် လည်ပတ်နေရသော ပညာသင်ယူမှု/ သင်ကြားမှုစနစ် ဖြစ်၏။ သတ်မှတ်အရည်အသွေးရှိသော လေ့လာသင်ကြားပေးထားသော ဆရာ၊ ဆရာမများအား ခန့်ထား၍ သင်ကြားမှုကို ဆောင်ရွက်စေ၏။ စာသင်ခန်းအတွင်း လေ့လာသင်ယူရ၏။ သင်ကြားတတ်မြောက်မှုနှင့် စပ်လျဉ်း၍ အဆင့်သတ်မှတ်ချက်၊ အောင်လက်မှတ်၊ ကောလိပ်တက္ကသိုလ်တို့၏ ဘွဲ့များ အပ်နှင်းချီးမြှင့်လေ့ရှိ၏။ သင့်တော်သော သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများ ထားရှိ၍ အမျိုးမျိုးသော ဘာသာရပ်သင်ကြားမှုများအား စီမံထားရှိ၏။ သတ်မှတ်ထားသော ကျောင်းတွင် သတ်မှတ်ထားသော အချိန်ကာလတစ်ခုလည်း တက်ရောက်ရန် လိုအပ်၏။
ကျောင်းသင်ပညာရေး (ဝါ) ပုံမှန်လမ်းကြောင်းဖြင့် လေ့လာသင်ယူမှုအမျိုးအစား (Formal education or learning) ၏ ယေဘုယျ ဝိသေသလက္ခဏာများ
အဆင့်ဆင့် အတန်းစဉ် တက်ရောက်မှုစနစ်ဖြင့် ပုံစံ တည်ဆောက်ထားခြင်း (Structure hierarchically)
စနစ်တကျ အချိန်ဇယားဖြင့် စီမံချက်ချ၍ သင်ကြား/လေ့လာရခြင်း (planned and deliberate)
အတန်းစဉ် လစဉ် ကျောင်းလခပေးသွင်းရခြင်း (အချို့အတန်းများတွင် နိုင်ငံတော်အစိုးရမှ ကျခံခြင်း) (Scheduled fees are paid)
တော်သောသူနှင့် ညံ့သောသူများအား ခွဲခြားသတ်မှတ်ခြင်း၊ သင်ယူတတ်မြောက်မှု စွမ်းရည်အား အဆင့်ခွဲခြား သတ်မှတ်ခြင်း (Grading)
သင်ရိုးညွှန်းတမ်း၊ မာတိကာနှင့် ကြိုတင်သတ်မှတ်ထားသော ဘာသာရပ်များအား အခြေပြု၍ သတ်မှတ်ချိန်အတွင်း သင်ကြားခြင်း (syllabus and subject-oriented/time-oriented)
သတ်မှတ်တာဝန်ပေးထားသော ဆရာ၊ ဆရာမများမှ သင်ကြားခြင်း (taught by teachers)
ကျောင်းသင်ပညာရေး (ဝါ) ပုံမှန်လမ်းကြောင်းဖြင့် လေ့လာသင်ယူမှုအမျိုးအစား (Formal education or learning) ၏ အကျိုးကျေးဇူးများ
ကောင်းစွာ တည်ဆောက်ထားသော ပညာရေးစနစ် မော်ဒယ်ဖြင့် သင်ကြားရခြင်း၊ လုံလောက် ခေတ်မီသော သင်ကြားရေး အကြောင်းအရာများ ပါဝင်နိုင်ခြင်း၊
ကောင်းစွာ လေ့ကျင့်ထားသော ပရော်ဖက်ရှင်နယ် ဆရာ၊ ဆရာမများထံမှ အသိပညာ ဆည်းပူးခွင့်ရရှိနိုင်ခြင်း
စနစ်တကျ သင်ကြားမှု သင်ယူမှု ရရှိနိုင်ခြင်း
ကျောင်းသား ကျောင်းသူများအား နောက်ထပ်တဆင့်မြှင့် လေ့လာသင်ယူနိုင်ရေးအတွက် ကြားကာလ စာမေးပွဲများ၊ အတန်းတင်စာမေးပွဲများ၊ အကဲဖြတ်ပုံစံများ ထားရှိ၍ အရည်အသွေးအား ဆန်းစစ်နိုင်ခြင်း
စီမံခန့်ခွဲမှုအားဖြင့် ရုပ်ဝတ္ထုဝန်းကျင်အားဖြင့် သင့်လျော်သော ကျောင်းပရိဝုဏ်အတွင်း၌ လေ့လာသင်ယူခွင့် ရရှိခြင်း
အစိုးရအဆင့် တရားဝင်အသိအမှတ်ပြု လက်မှတ်များကို ရရှိစေနိုင်ခြင်း
အလုပ်အကိုင် အခွင့်အလမ်းအား လွယ်ကူစွာ ချိတ်ဆက်ရယူနိုင်ခြင်း
ကျောင်းသင်ပညာရေး (ဝါ) ပုံမှန်လမ်းကြောင်းဖြင့် လေ့လာသင်ယူမှုအမျိုးအစား (Formal education or learning) ၏ ဆိုးကျိုးများ နှင့်အကန့်အသတ်များ
ထူးချွန်ထက်မြက်သော၊ ပါရမီရှိသော ကျောင်းသား၊ ကျောင်းသူများအတွက် အချိန်ဇယားဖြင့် ပုံမှန် လည်ပတ်နေသော စာသင်ခန်းများသည် ပျင်းရိငြီးငွေ့ဖွယ် ဖြစ်စေခြင်း
စာသင်ခန်းအတွင်း ကောင်းသော ကျောင်းသား ကျောင်းသူ၊ မကောင်းသော ကျောင်းသား ကျောင်းသူ နှစ်မျိုးစလုံး ရှိနိုင်ရာ မကောင်းသော ကျောင်းသား ကျောင်းသူများထံမှ မကောင်း သော အကျင့်စရိုက်များ ကူးစက်နိုင်ခြင်း
ပျင်းရိသော စရိုက်ရှိသည့် ကျောင်းသား ကျောင်းသူများအတွက် ကောင်းစွာ လိုက်ပါ လေ့လာမှု မပြုဘဲ အချိန်ဖြုန်းတီးမှု ဖြစ်စေခြင်း
အချို့သော ပရော်ဖက်ရှင်နယ်မကျ၊ စံချိန်စံညွှန်းနှင့် မညီညွတ်သော ပညာရေးစနစ်ဖြင့် တွေ့ကြုံရပါက ကျောင်းသား ကျောင်းသူများ နှင့်ကျောင်းသားမိဘများအတွက် အချိန်ဖြုန်းတီးမှုနှင့် ငွေကြေးဆုံးရှုံးမှုများ ဖြစ်ပေါ်စေခြင်း၊ စိတ်ပျက်မှု ဖြစ်ပွားစေခြင်း
အခြား လေ့လာသင်ယူမှုပုံစံများနှင့် နှိုင်းယှဉ်လိုက်သော် ငွေကြေးကုန်ကျမှု၊ အချိန်ကုန်ဆုံးမှု များပြားခြင်း၊ တင်းကျပ်သောစနစ် ဖြစ်နေခြင်း။
(ခ) ကျောင်းပြင်ပ ပညာရေး (ဝါ) ပုံမှန် ပညာရေးစနစ် ပြင်ပမှ လေ့လာသင်ယူမှုအမျိုးအစား (Non-formal education or learning)
အဆိုပါပုံစံတွင် ယေဘုယျအားဖြင့် အရွယ်ရောက်ပြီးသူများအတွက် စာတတ်မြောက်ရေး အစီအစဉ်များ၊ နည်းပညာနှင့် အသက်မွေးဝမ်းကြောင်း ကျွမ်းကျင်မှုအား သင်ကြားသော သင်တန်းအစီအစဉ်များ၊ ညီမျှသော ကျောင်းပညာရေးအတွက် ပြင်ဆင်ပေးမှု အစီအစဉ်များ၊ မိမိအိမ်၌ လေ့လာသင်ယူမှု ပုံစံများ၊ တစ်ဦးချင်း သင်ကြားမှု ပုံစံများ၊ အဝေးရောက် အွန်လိုင်းဖြင့် လေ့လာသင်ယူမှု အစီအစဉ်များ၊ ကွန်ပြူတာ အထောက်အကူပြု လေ့လာသင်ကြားမှုပုံစံများ ပါဝင်သည်။ အထူးသဖြင့် လေ့လာသင်ယူသူများ (သို့မဟုတ်) ဦးတည်အုပ်စု၏ လိုအပ်ချက်ပေါ် မူတည်၍ လေ့ကျင့်သင်ကြားပေးသော ပုံစံ ဖြစ်သည်။ သင်ရိုးညွှန်းတမ်းများ၏ ဒီဇိုင်းနှင့် စစ်ဆေးအကဲဖြတ်ခြင်းသည် လိုအပ်ချက်ပေါ် မူတည်၍ ပြုပြင်ပြောင်းလဲမှုများ (အချိန်ကာလ အားလျော်စွာ) ရှိနိုင်၏။ ဥပမာအားဖြင့် ကိုယ်ကာယ ကြံ့ခိုင်မှုသင်တန်းများ၊ အချို့သော ရပ်ရွာအခြေပြု အသက်မွေးဝမ်းကြောင်း သင်တန်းများအား ကြည့်ရှုနိုင်သည်။
ကျောင်းပြင်ပ ပညာရေး (Non-formal education) ၏ ယေဘုယျ ဝိသေသ လက္ခဏာများ
ကျောင်းနေစနစ် (school system) ၏ ပြင်ပတွင်ရှိပြီး စနစ်တကျ စီမံထားရှိသော သင်တန်းပုံစံ များဖြစ်ခြင်း
အချိန်ဇယား သင်ကြားချိန်နှင့် သင်ရိုးမာတိကာများမှာ ပြုလွယ် ပြောင်းလွယ်ဖြစ်ခြင်း
သီအိုရီဆန်သော ကျောင်းသင်ပညာရေးနှင့်မတူဘဲ လက်တွေ့ကျခြင်း၊ အသက်မွေးဝမ်းကြောင်း ပြုလုပ်နိုင်သော ပညာရေး လေ့ကျင့်ရေး အကြောင်းအရာ ပိုမိုများပြားခြင်း
အသက်ကန့်သတ်ချက်မရှိခြင်း
သင်တန်းကြေးပေးသွင်းရသော အောင်လက်မှတ် ထုတ်ပေးသော သင်တန်းရှိသလို အချို့ သင်တန်းများ၌ အခမဲ့ဖြစ်နိုင်ခြင်း၊ အောင်လက်မှတ် မလိုအပ်ခြင်း
အချိန်ပြည့် (သို့မဟုတ်) အချိန်ပိုင်း လေ့လာနိုင်ခြင်း၊ အများနှင့်သာမက တစ်ဦးတည်းပုံစံဖြင့် လည်း လေ့လာသင်ယူနိုင်ခြင်း
ပရော်ဖက်ရှင်နယ် ကျွမ်းကျင်မှုများအား လေ့လာသင်ယူနိုင်ခြင်း
ကျောင်းပြင်ပပညာရေး (non-formal education) ၏ အကျိုးကျေးဇူးများ
လက်တွေ့အသက်မွေးဝမ်းကြောင်း ကျွမ်းကျင်မှုအား လေ့ကျင့်သင်ကြားနိုင်ခြင်း
အတွေ့အကြုံရင့်ကျက်ဖွံ့ဖြိုးစေခြင်း
မိမိဖာသာ လေ့လာသင်ယူနိုင်ခြင်း
အသက်ကန့်သတ်ချက်၊ သင်ရိုးညွှန်းတမ်းနှင့် အချိန်ကန့်သတ်ချက်များ မတင်းကျပ်ခြင်း၊ အားလုံးအား လမ်းဖွင့်ပေးထားခြင်း
အဖွင့်စနစ် ပညာရေးပုံစံ Open ended educational system ဖြစ်ပြီး အစိုးရရော၊ ပုဂ္ဂလိကပါ ပူးပေါင်းပါဝင် ခွင့် လမ်းဖွင့်ပေးထားခြင်း
အချို့လေ့လာမှုပုံစံနှင့် သင်ရိုးများတွင် ပုံမှန်အတန်းတင် စာမေးပွဲစစ်ဆေးမှု မလိုအပ်ခြင်း
အချို့အပိုင်းများ၌ ဒီပလိုမာ၊ အောင်လက်မှတ်နှင့် အသိအမှတ်ပြုလက်မှတ်များ မဖြစ်မနေ မလိုအပ်ခြင်း
ကျောင်းပြင်ပ ပညာရေး (Non formal education) ၏ ဆိုးကျိုးများနှင့် အကန့်အသတ်များ
ယေဘုယျအားဖြင့် သင်တန်းသား၏ လေ့လာသင်ယူမှု၊ တက်ရောက်မှုကို မဆန်းစစ်နိုင်ခြင်း
မလိုအပ်သည့် အပိုင်းများကို စာမေးပွဲစစ်ဆေးပါက အချိန် အလေအလွင့် များပြားနိုင်ခြင်း
အခြေခံ စာရေးစာဖတ် စွမ်းရည် မရှိမဖြစ် ရှိရန် လိုအပ်ခြင်း
ပရော်ဖက်ရှင်နယ် မဟုတ်သော ကောင်းစွာ သင်ကြားမှုအတတ်အား လေ့ကျင့်သင်ကြားမှု မခံရသော ဆရာများဖြင့် သင်ကြားမှု၊ သင်ယူမှု ပြုလုပ်ရနိုင်ခြင်း
လေ့လာသင်ယူသူများဖက်မှ ပုံမှန် ကျောင်းနေ ကျောင်းသား ကျောင်းသူများနှင့်မတူဘဲ မိမိကိုယ်ကို ယုံကြည် မှု အားနည်းနိုင်ခြင်း
အချို့ကျောင်းများသည် ငွေရှာရုံသက်သက် စီးပွားဖြစ် အွန်လိုင်းသင်တန်းများ ဖွင့်လှစ်၍ အသိအမှတ်ပြု လက်မှတ် အတုများ ထုတ်ပေးခြင်း
(ဂ) ကိုယ့်နည်းကိုယ့်ဟန်ဖြင့် လေ့လာသင်ယူသည့်ပုံစံ အမျိုးအစား (Informal education or learning)
ကိုယ့်နည်းကိုယ့်ဟန်ဖြင့် လေ့လာသင်ယူမှုပုံစံ (Informal education or learning) သည် စာသင်ခန်းထဲတွင် သင်ကြားခြင်း (သို့မဟုတ်) လေ့ကျင့်မှုနည်းစနစ်တခုကို အသုံးချခြင်း မဟုတ်ပါ။ အလိုအလျောက် မိမိ စိတ်ဆန္ဒဖြင့် လေ့လာသော ပုံစံ ဖြစ်သည်။ ဥပမာအားဖြင့် စာကြည့်တိုက်မှ စာအုပ်များစွာကို ငှားရမ်း ဖတ်ရှုခြင်း၊ ဝက်ဆိုက်တစ်ခုမှ အကြောင်းအရာများကို ဝင်ရောက်ဖတ်ရှုခြင်း၊ စက်ဘီးစီး လေ့ကျင့်ခြင်း၊ အွန်လိုင်း၊ မိုဘိုင်းဘဏ်စနစ်အား အသုံးပြုရန် လေ့လာခြင်းများသည် ထင်ရှားသော သာဓကများ ဖြစ်သည်။ အချိန်ဇယား မရှိ၊ သစ်ရိုးညွှန်းတမ်းမရှိ၊ မိမိ၏ ဆန္ဒအပေါ်မူတည်၍ လေ့လာမှုပြုလုပ်သော ပုံစံ ဖြစ်သည်။ လုပ်ငန်းခွင်၌ နှစ်ပေါင်းများစွာ တွေ့ကြုံရရှိခဲ့သော အတွေ့အကြုံများသည်လည်း ဤပုံစံတွင် အကျုံးဝင်၏။ နေ့တဓူဝ ရပ်ရွာတွင်းနှင့် လူမှုဆက်ဆံရေး၌ ရရှိခဲ့သော အတွေ့အကြုံများသည်လည်း အကျုံးဝင်၏။ သင်ကြား သင်ယူမှု ပုံစံထက် မိမိဖာသာ လေ့လာအားထုတ်သော ပုံစံဖြစ်၏။
ကိုယ့်နည်းကိုယ့်ဟန်ဖြင့် လေ့လာသင်ယူသည့်ပုံစံ (Informal education or learning) ၏ ဝိသေသ လက္ခဏာများ
အကန့်အသတ် အမှီအခို မရှိခြင်း
သင်ရိုး မာတိကာ အတိအကျ မရှိခြင်း/ ကန့်သတ်မထားခြင်း
တိကျသော အချိန်ဇယားနှင့် စီမံချက်ပုံစံ မရှိခြင်း
သင်တန်းကြေး မလိုအပ်ခြင်း၊ ကုန်ကျစရိတ် များပြားမှု မရှိခြင်း
ဘဝတစ်သက်တာ လေ့လာသင်ယူမှုပုံစံ ဖြစ်ခြင်း၊ နေ့စဉ် အတွေ့အကြုံ အသစ်အဆန်းများ၊ သတင်း အချက်အလက်များမှတဆင့် လေ့လာသင်ယူနိုင်ခြင်း
အသစ်အဆန်းများကို မိမိစိတ်ဆန္ဒ ဝါသနာအလျောက် လေ့လာရခြင်းဖြစ်သဖြင့် စိတ်ဖိစီးမှု နည်းပါးခြင်း
ကိုယ့်နည်းကိုယ့်ဟန်ဖြင့် လေ့လာသင်ယူခြင်း (Informal education or learning) မှ ရရှိနိုင်သော အကျိုးကျေးဇူးများ
မည်သည့်နေရာ၊ မည်သည့်အချိန်မဆို လေ့လာသင်ယူနိုင်ခြင်း၊ အကန့်အသတ် မရှိခြင်း
မိမိ စိတ်ဝင်စားရာ ဝါသနာပါရာ လက်တွေ့အသုံးချမည့် အရာများကို လေ့လာနိုင်ခြင်း
နည်းလမ်းပေါင်းစုံအား အသုံးချနိုင်ခြင်း (ဥပမာ- လူမှုကွန်ယက်၊ Youtube၊ အွန်လိုင်းစာကြည့်တိုက် စသဖြင့်)
ကုန်ကျစရိတ် နည်းပါးခြင်း၊ အချိန်ကုန်သက်သာခြင်း၊ မိမိပေးလိုသော အချိန်ကို ပေးနိုင်ခြင်း
လေ့လာသင်ယူသူများအနေဖြင့် မိမိနှစ်သက်ရာစာအုပ် (သို့မဟုတ်) ရင်းမြစ်မှမိမိလိုအပ်သော အချက်အလက်ကိုကောက်နုတ်ရွေးထုတ်၍ လေ့လာနိုင်ခြင်း၊ အသုံးပြုနိုင်ခြင်း၊ လိုသလို သုတေသန ပြုနိုင်ခြင်း
ဆိုးကျိုးများ
အသုံးပြုသောနည်းလမ်းသည် မသင့်တော်မှု ဖြစ်နိုင်ခြင်း
အချက်အလက် မှားယွင်းနိုင်ခြင်း (ကိုးကားသော ရင်းမြစ် မှားယွင်းပါက)
သင့်လျော်သော အချိန်ဇယားမရှိခြင်း၊ လေ့လာမှု အချိန်သတ်မှတ်ချက် မရှိခြင်း
ရလဒ် မရေရာခြင်း၊ တခါတရံတွင် လမ်းညွှန်ပေးမည့် ဆရာမရှိသဖြင့် မလိုအပ်ဘဲ အချိန်ကုန်ခြင်း
အသင်းအဖွဲ့ဖြင့် ဆောင်ရွက်ရသည့် စည်းမျဉ်း စည်းကမ်းနှင့် အလေ့အထကောင်းများ မရနိုင်ခြင်း၊ မိမိကိုယ်ကို ယုံကြည်မှု အားနည်းနိုင်ခြင်း
ကျော်ထွန်း





Comments