top of page
  • Facebook
  • Twitter
  • Linkedin

လုပ်ငန်းတွင်း စစ်ဆေးအကဲဖြတ်ခြင်း

  • Writer: VSB Myanmar
    VSB Myanmar
  • Jun 7
  • 2 min read

ရွေးချယ်မှုအတွက် အကဲဖြတ်စစ်ဆေးမှု ပြုလုပ်ခြင်း (Selection Test)

အကဲဖြတ်စစ်ဆေးမှု (Test) များအား အချိန်တိုဖြင့် စစ်ဆေးပြုလုပ်ခြင်းသည် အားနည်းမှုများ ရှိနိုင်သော်လည်း၊ ယင်းစနစ်သည် အဓိကကျသော အခန်းကဏ္ဍမှ ရပ်တည်နေဆဲဖြစ်သည်။ အကဲဖြတ်စစ်ဆေးမှု (Test) သည် အလုပ်လျှောက်ထားသူများ၏ လက်တွေ့ကျွမ်းကျင်မှု၊ အသိပညာနှင့် စွမ်းဆောင်ရည်ကို အနီးစပ် ဆုံး အဆုံးအဖြတ် ပေးနိုင်သည်။ သင့်တော်ကောင်းမွန်သော အကဲဖြတ်စစ်ဆေးမှု (Proper Selection Test) များ ဆောင်ရွက်ရန် လိုအပ်သည့်အချက်များ မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(က) စံသတ်မှတ်ခြင်း (standardization) အကဲဖြတ်စစ်ဆေးမှု ပြုလုပ်ရာတွင် စစ်ဆေးမည့် လုပ်ထုံး လုပ်နည်း၊ စစ်ဆေးမည့် အခြေအနေ၊ စစ်ဆေးရာတွင် ကြာမြင့်မည့် ကာလ၊ အကဲဖြတ်စစ်ဆေးမည့် မေးခွန်း၊ အကဲဖြတ်စစ်ဆေးမည့် နည်းလမ်းနှင့် အမှတ်ပေးစည်းမျဉ်း စသည်တို့အား စံချိန်စံညွှန်း သတ်မှတ်၍ ဆောင်ရွက်ရန် လိုအပ်၏။

(ခ) တိကျခြင်း၊ ဓမ္မဓိဋ္ဌာန်ဖြစ်ခြင်း (Objectivity) စစ်ဆေးအကဲဖြတ်မှုသည် တိကျဖို့ အထူးလိုအပ်သည်။ တတ်နိုင်သရွေ့ ဓမ္မဓိဋ္ဌာန်ကျသော တိကျသော မေးခွန်းများအား ပြုစုနိုင်ရန် လိုအပ်သည်။

(ဂ) ယုံကြည်စိတ်ချရမှု (Reliability) အကဲဖြတ်စစ်ဆေးမှုအား အမှတ်ပေးခြင်း၊ သုံးသပ်ခြင်းတွင် တိကျသောမူဘောင်နှင့် စံသတ်မှတ်ချက်ရှိရန် လိုအပ်သည်။ တိကျသော အမှတ်ပေးမှုနှင့် အမှတ်ပေးပုံစနစ် မရှိခြင်းသည် စစ်ဆေးမှု၏ ယုံကြည်စိတ်ချရစေမှု (Reliability) ကို နည်းပါးသွားစေသည်။

(ဃ) ဘောင်ဝင်မှု (Validity) ဘောင်ဝင်မှု (Validity) သည် အကဲဖြတ်စစ်ဆေးခြင်း (Test) ၏ အခြေခံလိုအပ်ချက်တစ်ရပ် ဖြစ်ပါသည်။ အဓိကအား ဖြင့် စစ်ဆေးမှုသည် လုပ်ငန်းခွင်၏ အမှန်တကယ်လိုအပ်သော လုပ်ငန်းစွမ်းဆောင်ရည်ကို ကိုယ်စားပြုနိုင်ရန် လိုအပ်သည်။ စစ်ဆေးမှုသည် လက်ရှိ လုပ်ငန်းခွင်လိုအပ်ချက်နှင့် မကိုက်ညီခဲ့လျှင် ထိရောက်မှု မရှိနိုင်ပေ။ လွဲမှားသော ဝန်ထမ်းရွေးချယ်မှုကိုသာ ဖြစ်စေနိုင်သည်။ ထို့ကြောင့် အကဲဖြတ်စစ်ဆေးမှုကို ဘောင်ဝင်မှန်ကန်မှု (Valid) ရှိစေရန် အောက်ပါအချက် (၃)ချက်ဖြင့် စဉ်းစား ဆောင်ရွက်နိုင်သည်။

(၁) စွမ်းဆောင်ရည်ဆိုင်ရာ ဘောင်ဝင်မှု (Criterion Related Validity)

ဤအပိုင်းတွင် ဆောင်ရွက်ချက်၏ အမြန်နှုန်း၊ ပြီးစီးမှုနှုန်း၊ ရရှိလာသော ရလဒ် (သို့ မဟုတ်) ပစ္စည်း၏ အရည်အသွေး စသည့် အချက်များ ပါဝင်သည်။

(၂) အကြောင်းအရာဆိုင်ရာ ဘောင်ဝင်မှု (Content Validity)

ဤအပိုင်းတွင် စစ်ဆေးမည့်အကြောင်း အရာ၊ နှုတ်ဖြေ မေးခွန်း စသည့်အကြောင်းအရာ များတွင် လုပ်ငန်းခွင်၌ နိစ္စဓူ၀ ဆောင်ရွက်နေရ သော လုပ်ငန်းစဉ်များ၊ တာဝန်ဝတ္တရားဆိုင်ရာ ကိစ္စရပ်များ ပါဝင်သည်။

(၃) မေးခွန်းဆိုင်ရာ ဘောင်ဝင်မှု (Construct Validity)

ဤအပိုင်းတွင် စစ်ဆေးမှု မေးခွန်း၏ တည်ဆောက်ပုံ (သို့မဟုတ်) ဒီဇိုင်းသည် လုပ်ငန်း ခွင်၏ အမှန်တကယ် ဆောင်ရွက်ချက်နှင့် အရေး ကြီးသော အစိတ်အပိုင်းကို ရောင်ပြန်ဟပ်နိုင်ရန် နှင့် ထည့်သွင်းထားသော အနေအထားဖြစ်ရန် လို အပ်သည်။

 အလုပ်အကိုင်ဆိုင်ရာ အကဲဖြတ်စစ်ဆေးမှု အမျိုးအစားများ (Types of Employment Test)

အကဲဖြတ်စစ်ဆေးမှု အမျိုးအစား အမျိုးမျိုးရှိနိုင်၏။ ဥပမာ အားဖြင့် လက်တွေ့ကျွမ်းကျင်မှုအား စစ်ဆေးမှု၊ လုပ်ငန်းဆိုင်ရာ အသိပညာ အကဲဖြတ်စစ်ဆေးမှု၊ ဉာဏ်ရည်ဉာဏ်သွေးအား အကဲဖြတ်မှု၊ ကိုယ်ရည်ကိုယ်သွေးအား အကဲဖြတ်မှု၊ ဝါသနာအား အကဲဖြတ်မှု စသော နည်းလမ်းများ ပါဝင်နိုင်သည်။ လက်တွေ့ကျွမ်းကျင်မှုအား အကဲဖြတ်စစ်ဆေးမှုတွင် လုပ်ငန်းဆိုင်ရာ လက်တွေ့ကျွမ်းကျင်မှု (manual skills) ၏ အတိုင်းအတာကို ဆန်းစစ်လေ့ရှိသည်။ စစ်ဆေးမှုသည် လိုအပ် သော စွမ်းဆောင်ရည် အလုံးစုံကို လွှမ်းခြုံနိုင်ခြင်းမရှိသော်လည်း တိုင်းတာ၍ရသော လုပ်ငန်းစွမ်းဆောင်ရည်များကို အကဲဖြတ်နိုင်သည်။ ဥပမာအားဖြင့် ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှု၊ ရုံးလုပ်ငန်းကျွမ်းကျင်မှုများသည် မြင်သာထင်သာရှိသော၊ တိုင်းတာ ၍ ရသော လုပ်ငန်းဧရိယာများ ဖြစ်သည်။ ထိုနည်းတူ လုပ်ငန်းဆိုင်ရာ အသိပညာအား ဆန်းစစ်မှုနှင့် ဉာဏ်ရည်ဉာဏ်သွေး ဆန်းစစ်မှုများသည် လုပ်ငန်းဆိုင်ရာ အသိ ပညာအား သိရှိနားလည်မှု အတိုင်းအတာနှင့် ထိုးထွင်းသိမြင်မှု များ၊ ဆုံးဖြတ်နိုင်သော စွမ်းရည်များကို အကဲဖြတ်နိုင်၏။ ဝါသနာအား အကဲဖြတ်ခြင်းတွင် ဝန်ထမ်းလုပ်သားအတွက် ၎င်းနှင့်ကိုက်ညီသော အလုပ်အကိုင် အမျိုးအစားကို ရွေးချယ်အကြံ ပြုနိုင်ရန် ရည်ရွယ်သည်။ အထူးသဖြင့် အလုပ်လျှောက်ထားသူ၏ ဗီဇနှင့် ကိုက်ညီသော အလုပ်အကိုင်အား ရွေးချယ်နိုင်ရန် အကြံပြု ခြင်း၊ လမ်းညွှန်ခြင်းများ ပြုလုပ်နိုင်ရန် ရည်ရွယ်သည်။

ကိုယ်ရည်ကိုယ်သွေး အကဲဖြတ်စစ်ဆေးမှုသည် အခြား သော အကဲဖြတ်စစ်ဆေးမှုများနှင့် မတူညီပေ။ အဓိကအားဖြင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အရည်အသွေး၊ ခေါင်းဆောင်နိုင်မှု၊ အသင်းအဖွဲ့ နှင့် ညီညွတ်စွာ အလုပ်လုပ်တတ်မှု စသောအချက်များနှင့် ပတ် သက်နေသည်။ ထိုနည်းတူ အပြုသဘောဆောင်သော စိတ်ဓာတ်၊ ခံယူချက်သဘောထား၊ စိတ်ဓာတ်ခွန်အားကောင်းမွန်မှု၊ ယဉ်ကျေး သောအပြုအမူရှိမှုတို့နှင့်လည်း ဆက်စပ်နေသည်။ ပုဂ္ဂိုလ်ရေး ဆန်းစစ် အကဲဖြတ်မှုတွင် တည်ငြိမ်ရင့်ကျက်မှု၊ လူမှုရေးကောင်း မွန်မှု၊ တီထွင်ကြံဆနိုင်မှု၊ အခြားလူများနှင့် ပေါင်းစပ်ညှိနှိုင်းမှု၊ လိုက်လျောညီထွေ နေထိုင်တတ်မှုများလည်း ပါဝင်သည်။

VSB Myanmar

 
 
 

Comments


Contact Us

 Address. Yangon, Myanmar

Tel. 0935029113

bottom of page