အမျိုးသားအဆင့် သက်မွေးပညာနှင့် လေ့ကျင့်ရေး အရည်အသွေး စီမံခန့်ခွဲမှုစနစ် (အပိုင်း-၁)
- VSB Myanmar

- Jun 11
- 4 min read
အမျိုးသားအဆင့် သက်မွေး ပညာရေး၊ လေ့ကျင့်ရေး အရည်အသွေး စီမံခန့်ခွဲမှုစနစ်အပေါ်မှာ သက်ရောက်နေတဲ့ အချက်များ
နည်းပညာနဲ့ သက်မွေးပညာရေး၊ လေ့ကျင့်ရေးစနစ်များ၏ အရည်အသွေး စီမံခန့်ခွဲမှုပုံစံများသည် နိုင်ငံအသီးသီး၏ နောက်ခံအခြေအနေပေါ်မူတည်၍ ကွဲပြားခြားနားကြသည်။ မတူညီသော နောက်ခံအခြေအနေ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှု၊ လူမျိုး၏ အတွေးအခေါ်များအပေါ် မူတည်၍ ပုံစံအမျိုးမျိုး၊ ချဉ်းကပ်ပုံအမျိုးမျိုး ရှိနိုင်၏။
ယေဘုယျအားဖြင့် ၄င်းအချက်များသည် နိုင်ငံအလိုက် နည်းပညာနှင့် သက်မွေးပညာရေး၊ လေ့ကျင့်ရေး စီမံခန့်ခွဲမှုစနစ်များနှင့် အရည်အသွေး အာမခံချက်စနစ်များအပေါ်တွင် လွှမ်းမိုးသက်ရောက်နေကြသည်။
ရည်ရွယ်ချက်များ
နည်းပညာနှင့် သက်မွေးပညာရေး၊ လေ့ကျင့်ရေးနယ်ပယ်ရှိ အရည်အသွေး အာမခံချက်စနစ်၏ ရည်ရွယ်ချက်ပိုင်းတွင် အောက်ပါအချက်များ ပါဝင်နိုင်သည်။
(က) ငွေကြေးဆိုင်ရာ တာဝန်ယူ၊ တာဝန်ခံနိုင်စွမ်းရှိမှုနှင့် သင့်တော်ထိရောက်စွာ သုံးစွဲနိုင်မှု
(ခ) လေ့ကျင့်ရေး သင်တန်းတလျှောက် သင်တန်းသားများအတွက် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး
(ဂ) အဆုံးသတ်သုံးစွဲသူများ၏ အကျိုးစီးပွားနှင့် ကိုက်ညီသင့်တော်သော စံချိန်စံညွှန်းအား သုံးစွဲခြင်း
(ဃ) စီမံခန့်ခွဲမှု၊ ရင်းမြစ်နှင့် လေ့ကျင့်ရေးဒီဇိုင်းအပါအဝင် အရည်အသွေးကောင်းမွန်တိုးတက်မှု
(င) ရလဒ်ပိုင်းဆိုင်ရာ ထိရောက်မှု
(စ) လူမှုစီးပွားမျှော်မှန်းချက်များ
(ဆ) အရည်အချင်းသတ်မှတ်ချက်ဆိုင်ရာ အရည်အသွေးနှင့် သင်ကြားရေးရည်ရွယ်ချက် ကောင်းမွန်မှု
(ဇ) သင်တန်းကျောင်းများ၏ အရည်အသွေးအား အသိအမှတ်ပြုခြင်း
(စျ) ပညာရေးလေ့ကျင့်ရေးစနစ်နှင့် ကျောင်းဆင်းများ၏ အရည်အသွေးအား အသိအမှတ်ပြု ခြင်း
လုပ်ငန်းစနစ်ပိုင်း
အရည်အသွေး အာမခံချက်စနစ်ရဲ့ လုပ်ငန်းစနစ်ပိုင်းတွင် သွင်းအားစုပိုင်းဆိုင်ရာ input mechanism နှင့်ရလဒ်ပိုင်းဆိုင်ရာ output mechanism ဟူ၍ နှစ်မျိုးရှိ၏။ ပထမအမျိုးအစားဖြစ်သော သွင်းအားစုပိုင်းဆိုင်ရာ input mechanism ပိုင်းတွင် အရည်သွေး အာမခံချက်စနစ် လည်ပတ်နိုင်ရေး လိုအပ်သောအစီအမံများ ပါဝင်သည်။ ၄င်းတို့မှာ...
(က) လုပ်ငန်းလိုအပ်ချက်၊ သင်ယူသူများ၏ လိုအပ်ချက်၊ တိုင်းပြည်နဲ့လူ့အဖွဲ့အစည်း၏ လိုအပ်ချက်များနှင့်ကိုက်ညီသော နည်းပညာနှင့် သက်မွေးပညာရေး၊ လေ့ကျင့်ရေးဆိုင်ရာ အရည်အချင်း သတ်မှတ်ချက် (ဝါ) စံချိန်စံညွှန်း သတ်မှတ်ချက်များ ဖော်ဆောင်နိုင်ရေး အစီအမံ
(ခ) ပညာရေးနှင့် လေ့ကျင့်ရေးစနစ်အတွင်း credit framework အပါအဝင် စံချိန်စံညွှန်းသတ်မှတ်ခြင်းစနစ်နှင့် အရည်အချင်းသတ်မှတ်ချက် မူဘောင်များအား မှတ်ပုံတင်ခြင်း (qualification register) စနစ်
(ဂ) လေ့ကျင့်ရေးသင်တန်းကျောင်းများအား အသိအမှတ်ပြု မှတ်ပုံတင်စနစ်နှင့် စစ်ဆေးခြင်း (ဝါ) လုပ်ငန်းစစ်ဆေးခြင်းစနစ်
(ဃ) စျေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသော ငွေကြေး စီမံခန့်ခွဲမှုစနစ်တို့ ဖြစ်သည်။
ဒုတိယအမျိုးအစားဖြစ်သော ရလဒ်ပိုင်းဆိုင်ရာ output mechanism ပိုင်းတွင် အဓိကအားဖြင့် နှစ်ပိုင်းပါဝင်သည်။ တစ်ပိုင်းမှာ အရည်အချင်းအသိအမှတ်ပြုလက်မှတ် အပ်နှင်းခြင်းနှင့်စပ်လျဉ်းသော စီမံခန့်ခွဲမှုစနစ်ဖြစ်၏။ နောက်တစ်ပိုင်းမှာ ပြန်လည်သုံးသပ်ခြင်း၊ ဆန်းစစ်ခြင်းနှင့်ဆိုင်သောစနစ် ဖြစ်၏။ ပထမတစ်ပိုင်းတွင် စစ်ဆေးအကဲဖြတ်ခြင်း၊ စာမေးပွဲစစ်ခြင်းများ၊ စစ်ဆေးအကဲဖြတ်ရေးဌာနများအား လိုင်စင် (သို့မဟုတ်) အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်းများ၊ စစ်ဆေးအကဲဖြတ်ရေးဌာနများအား လုပ်ငန်းစစ်ဆေးခြင်းများ ပါဝင်သည်။
ဒုတိယတစ်ပိုင်းတွင် နည်းပညာနှင့် သက်မွေးပညာရေး၊ လေ့ကျင့်ရေးစနစ်နှင့် အဆင့်သတ်မှတ်ချက်များ၏ အရည်အသွေးကို ပြန်လည်သုံးသပ်သည့် လုပ်ငန်းအစီအမံများ ပါဝင်သည်။ ဥပမာအားဖြင့် သင်တန်းသားများအား အလုပ်အကိုင်ရရှိမှုနှင့်ပတ်သက်၍ စစ်တမ်းကောက်ယူခြင်း၊ အလုပ်ရှင်များနှင့် ကုမ္ပဏီများအား သင်တန်းဆင်းများ၏ အသုံးဝင်မှုနှင့်စပ်လျဉ်း၍ စစ်တမ်းကောက်ယူခြင်းများ ပါဝင်သည်။
အရည်အသွေး အာမခံချက်စနစ်
နည်းပညာနှင့် သက်မွေးပညာရေး လေ့ကျင့်ရေးစနစ်၏ အရည်အသွေး အာမခံမှုကိစ္စတွင် ယေဘုယျအားဖြင့် နိုင်ငံအလိုက် ကျင့်သုံးနေသော အုပ်ချုပ်ရေး စီမံခန့်ခွဲမှုစနစ်သည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။ ထိရောက်သော အရည်အသွေး အာမခံချက်စနစ်တစ်ရပ် ဖြစ်တည်ရေးတွင် အချက် (၃)ချက် လိုအပ်၏။ ၄င်းတို့မှာ (က) အရည်အသွေး အာမခံချက်ရှိရေးအတွက် စီမံခန့်ခွဲမှု (ဝါ) အာဏာပိုင်အဖွဲ့အစည်းများ အဆင့်လိုက်ရှိခြင်း (ခ) လိုအပ်သောအရည်အသွေး ဖြစ်ပေါ်လာရေးအတွက် ထိန်းကွပ်စီမံသည့် လုပ်ငန်းယန္တရားရှိခြင်း (ဂ) လုပ်ငန်းတာဝန်များ ခွဲဝေထားရှိခြင်းတို့ဖြစ်သည်။ ပထမအချက်ဖြစ်သော အရည်အသွေး အာမခံချက်ရှိရေးအတွက် စီမံခန့်ခွဲမှု (ဝါ) အာဏာပိုင်အဖွဲ့အစည်းများရှိခြင်းတွင် (က) သက်ဆိုင်ရာအစိုးရဌာန (ခ) လုပ်ငန်းရှင် (သို့မဟုတ်) လုပ်ငန်းကဏ္ဍဆိုင်ရာ ကော်မတီများ၊ ကောင်စီများ (ဂ) သင်တန်းကျောင်းများအလိုက် ကိုယ်ပိုင်အရည်အသွေးဆန်းစစ်သည့်စနစ် (ဃ) ISO ကဲ့သို့ နိုင်ငံတကာ အရည်အသွေး စီမံခန့်ခွဲမှုဆိုင်ရာ အေဂျင်စီများ စသဖြင့် ဆက်စပ်ပါဝင် လျက်ရှိသည်။
ဒုတိယအချက်ဖြစ်သော လိုအပ်သည့် အရည်အသွေး ဖြစ်ပေါ်လာရေးအတွက် ထိန်းကွပ်စီမံသော လုပ်ငန်းယန္တရားရှိရေးတွင် (က) စံနှုန်းသတ်မှတ်ချက်များ ထားရှိခြင်း (ခ) သင်တန်းကျောင်းများအား အသိအမှတ်ပြုမှတ်ပုံတင်ခြင်း (ဂ) စစ်ဆေးအကဲဖြတ်ရေးစနစ်နှင့် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရေးစနစ် ထားရှိခြင်း (ဃ) လုပ်ငန်းခွင်နှင့် သင်တန်းကျောင်း စစ်ဆေးရေး လုပ်ငန်းစနစ်များ ထားရှိခြင်း (င) သင်တန်းများ၏ အရည်အသွေးအား ဆန်းစစ်သုံးသပ်မှုလုပ်ငန်းစဉ် ထားရှိခြင်းတို့ ပါဝင်သည်။
အရည်အသွေး အာမခံချက်စနစ်အား ခွဲခြမ်းစိတ်ဖြာခြင်း
နည်းပညာနှင့် သက်မွေးပညာရေး၊ လေ့ကျင့်ရေးဆိုင်ရာ ဥရောပ အရည်အသွေး အာမခံချက် ကိုးကားမူဘောင်တွင် အရည်အသွေး စီမံခန့်ခွဲမှုစနစ်အတွက် အဆင့်နှစ်ဆင့် ခွဲခြား သတ်မှတ်သည်။ ပထမတစ်ဆင့်မှာ စည်းကြပ်အုပ်ချုပ်သူအဆင့် (regulator level) ဖြစ်သည်။ ဒုတိယအဆင့်မှာ သင်တန်းကျောင်းများနှင့် စစ်ဆေးအကဲဖြတ်ရေးဌာနများအဆင့် (provider level) ဖြစ်သည်။
အထက်ပါ ကိုးကားမူဘောင်တွင် အဓိကဗျူဟာ လုပ်ငန်းစဉ် (၃) ရပ်ရှိ၏။ ၄င်းတို့မှာ (က) အရည်အသွေးစံနှုန်းနှင့် ညွှန်းကိန်းများ ပါဝင်မည့် TVET လုပ်ငန်းဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း အကဲဖြတ်ခြင်းလုပ်ငန်းစဉ် (ခ) စနစ်ပိုမို အားကောင်းခိုင်မာရေးအတွက် ကျောင်းတွင်းနှင့် ပြင်ပ ပေါင်းစပ်ဆန်းစစ်ခြင်း လုပ်ငန်းယန္တရား ပါဝင်သော စောင့်ကြည့်ထိန်းကွပ်ရေးလုပ်ငန်းစဉ် (ဂ) ထိရောက်မှုအတွက် တိုင်းတာခြင်းလုပ်ငန်းစဉ်တို့ ဖြစ်သည်။
စည်းကြပ်အုပ်ချုပ်သူအဆင့် (Regulator level) ဆိုင်ရာ အရည်အသွေးအာမခံချက်စနစ်
သြစတြေးလျနှင့် နယူးဇီလန်ကဲ့သို့ နိုင်ငံများသည် စည်းကြပ်အုပ်ချုပ်ရေး အဖွဲ့အစည်းများ (Regulators) များ၏ အရည်အသွေး စံချိန်စံညွှန်းကို များစွာ အလေးထားကြသည်။ ဥပမာအားဖြင့် သြစတြေးလျနိုင်ငံတွင် Australia Quality Training framework (AQTF 2007) ကို ထုတ်ပြန် သတ်မှတ်ထားသည်။ ၄င်း AQTF 2007 တွင်အောက်ပါစံနှုန်းသတ်မှတ်ချက်များ၊ လမ်းညွှန်ချက်များ ပါဝင်သည်။
(၁) ပြည်နယ်ဒေသအလိုက် သင်တန်းကျောင်းနှင့် သင်တန်းအစီအစဉ်၊ မှတ်ပုံတင်ရေးဆိုင်ရာ အဖွဲ့များ၏ စံနှုန်းသတ်မှတ်ချက်
(၂) ဆိုးကျိုးဖြစ်နိုင်ချေ စီမံခန့်ခွဲမှုဆိုင်ရာ အမျိုးသားအဆင့်လမ်းညွှန်
(၃) လုပ်ငန်းစစ်ဆိုင်ရာ အမျိုးသားအဆင့်လမ်းညွှန်
(၄) ကိုက်ညီမှုမရှိခြင်းများနှင့် စပ်လျဉ်းသော အမျိုးသားအဆင့်စီမံခန့်ခွဲမှုလမ်းညွှန်
(၅) လုပ်ငန်းရှင်များ၊ လုပ်ငန်းကဏ္ဍ အဖွဲ့အစည်းများနှင့် လက်တွဲပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ အမျိုးသားအဆင့် လမ်းညွှန်
(၆) အရည်အသွေးပိုင်းဆိုင်ရာနှင့် ပတ်သက်၍ တိုင်ကြားခြင်းအား ကိုင်တွယ်ဖြေရှင်းခြင်းဆိုင်ရာ အမျိုးသားအဆင့် လမ်းညွှန်
(၇) ကျောင်းများ၏ လုပ်ငန်းလည်ပတ်မှုအား စစ်ဆေးခြင်းဆိုင်ရာ အမျိုးသားအဆင့်လမ်းညွှန်
(၈) လုပ်ငန်းစစ်လက်စွဲစာအုပ်
(၉) ပြည်နယ်ဒေသအလိုက် အသိအမှတ်ပြုရေးအဖွဲ့များ စံချိန်စံနှုန်း
(၁၀) အသိအမှတ်ပြုသင်တန်းများဆိုင်ရာ စံနှုန်းသတ်မှတ်ချက်
(၁၁) အသိအမှတ်ပြုသင်တန်းများဆိုင်ရာ စံနှုန်းသတ်မှတ်ချက်များအား အသုံးပြုသူလက်စွဲ
(၁၂) သင်တန်းမှတ်တမ်းမှတ်ရာများအတွက် ပုံစံ
သြစတြေးလျနိုင်ငံကဲ့သို့ပင် နယူးဇီလန်နှင့် အင်္ဂလန်နိုင်ငံများတွင်လည်း စည်းကြပ် အုပ်ချုပ်မှုအဆင့် (Regulator level) အတွက် စံနှုန်းသတ်မှတ်ချက်များရှိသည်။ ဥပမာအားဖြင့် နယူးဇီလန်အရည်အချင်းသတ်မှတ်ချက် အာဏာပိုင်အဖွဲ့ (New Zealand Qualification Authority) မှ ထုတ်ပြန်သော သင်တန်းကျောင်းများဆိုင်ရာ အရည်အသွေး အာမခံချက်ရှိရေး လုပ်ငန်းစစ်ဆေးမှု စံချိန်စံညွှန်းသည် နမူနာကောင်းတစ်ခုဖြစ်သည်။
ထိုနည်းတူ အင်္ဂလန်၊ ဝေလနှင့် မြောက်ပိုင်း အိုင်ယာလန်တို့တွင်လည်း အသိအမှတ်ပြု လက်မှတ်ထုတ်ပေးရေးအဖွဲ့ (awarding body) များအတွက် ယင်းကဲ့သို့ သတ်မှတ်ချက်များ ပြဋ္ဌာန်းဆောင်ရွက်လေ့ရှိသည်။ ၄င်းကို အမျိုးသားအဆင့် အသက်မွေးဝမ်းကျောင်းကျွမ်းကျင်မှု၊ အရည်အချင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း (၂၀၀၆) နှင့် စောင့်ကြည့်ထိန်းကွပ်ခြင်းနှင့် အစီရင်ခံခြင်း နည်းဥပဒေ (အရည်အချင်းမူဘောင်နှင့် သင်ရိုးညွှန်းတမ်းအာဏာပိုင်အဖွဲ့-၂၀၀၇) တို့တွင် ဖတ်ရှုနိုင်သည်။ အလားတူ စကော့တလန်နိုင်ငံတွင်လည်း ယင်းကဲ့သို့ သတ်မှတ်ချက်ပြဋ္ဌာန်းထားမှုအား အသိအမှတ်ပြု လက်မှတ်ထုတ်ပေးရေးအဖွဲ့ဆိုင်ရာ စံနှုန်းသတ်မှတ်ချက် (၂၀၀၇) တွင် တွေ့ရှိနိုင်သည်။
သင်တန်းကျောင်းများ၊ စစ်ဆေးအကဲဖြတ်ရေးဌာနများအဆင့် အရည်အသွေး အာ မခံချက်စနစ်
အာရှပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနိုင်ငံများ (APEC) ၏ လတ်တလော အစီရင်ခံစာများအရ အရည်အချင်းသတ်မှတ်ချက် မူဘောင်နှင့် အရည်အသွေး အာမခံချက်စနစ်ကြား ဆက်နွယ်မှု၏ အရေးကြီးပုံကို အထူးအာရုံထားလာကြောင်း တွေ့ရသည်။ အထူးသဖြင့် အရည်အသွေး စီမံခန့်ခွဲမှုနှင့် အာမခံချက်စနစ်သည် အရည်အချင်းသတ်မှတ်ချက်မူဘောင်၏ အဆင့်ဖော်ပြချက်များ (level description) နှင့် သင်တန်းပို့ချမှုများအကြား ကိုက်ညီမှုရှိရေးကို များစွာအထောက်အပံ့ပေးနိုင်ကြောင်း တွေ့ရသည်။
အဆိုပါ APEC အစီရင်ခံစာများအရ TVET အရည်အသွေးအာမခံချက်စနစ်အား စီမံခန့်ခွဲရေးတွင် (၃) ပိုင်း ပါဝင်၏။ ၄င်းတို့မှာ အသိအမှတ်ပြု မှတ်ပုံတင်ခြင်း၊ အသိအမှတ်ပြုလက်မှတ် အပ်နှံခြင်းနှင့် လုပ်ငန်းစစ်ဆေးခြင်းတို့ ဖြစ်သည်။
ယင်းအပိုင်း (၃) ပိုင်းအနက် အသိအမှတ်ပြု မှတ်ပုံတင်ခြင်းအပိုင်းတွင် နိုင်ငံအလိုက် ကွဲပြားမှုရှိ၏။ အချို့နိုင်ငံများတွင် တစ်ခုတည်းသော အေဂျင်စီ (သို့မဟုတ်) အာဏာပိုင်အဖွဲ့မှ အများစုသော သင်တန်းများအား မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ပြီး အချို့နိုင်ငံများတွင် လုပ်ငန်းနယ်ပယ်အလိုက် တစ်ခုထက်မကသော အေဂျင်စီ (သို့မဟုတ်) အာဏာပိုင်အဖွဲ့များမှ အသိအမှတ်ပြု မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ကြသည်။ ထိုနည်းတူ အသိအမှတ်ပြု လက်မှတ် အပ်နှင်းခြင်းအပိုင်းတွင်လည်း အလားတူဖြစ်သည်။ သို့သော် အသိအမှတ်ပြုလက်မှတ်များအားလုံးကို အေဂျင်စီ (သို့မဟုတ်) အာဏာပိုင်အဖွဲ့အစည်းတစ်ခုတည်းမှ ထုတ်ပေးသော နိုင်ငံဟူ၍တော့ မရှိပါ။ အနည်းအများသာ ကွာခြားမှုရှိကြ၏။ တတိယပိုင်းဖြစ်သော လုပ်ငန်းစစ်ဆေးခြင်းသည် အရည်အသွေး အာမခံချက်ရှိရေး၊ စံချိန်စံညွှန်း ကိုက်ညီရေးအတွက် အဓိကအသုံးများသော လုပ်ငန်းနည်းလမ်းတစ်ခု ဖြစ်သည်။
အသိအမှတ်ပြု မှတ်ပုံတင်ခြင်း
နိုင်ငံတိုင်းလိုလိုတွင် အသိအမှတ်ပြု မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်သည် TVET အရည်အသွေး အာမခံချက်ရှိရေးအတွက် ဂိတ်တံခါးပေါက် ဖြစ်သည်။ လုပ်ထုံးလုပ်နည်းအားဖြင့် နိုင်ငံအလိုက် ကွဲပြားခြားနားမှု ရှိ၏။ ဥပမာအားဖြင့် အွန်တာရီအိုနိုင်ငံတွင် သင်ကြားချိန် နာရီ ၄၀ အောက်နှင့် ကုန်ကျစရိတ် တစ်ဦးလျှင် ဒေါ်လာတစ်ထောင်အောက် သင်တန်းများသည် အသိအမှတ်ပြု မှတ်ပုံတင်ရန် မလိုအပ်ပေ။ နယူးဇီလန်နိုင်ငံတွင် ပုဂ္ဂလိကသင်တန်းကျောင်းများသည် အစိုးရရန်ပုံငွေကို ရယူလိုလျှင်ဖြစ်စေ၊ နိုင်ငံတကာ ကျောင်းသား၊ ကျောင်းသူများ လက်ခံသင်ကြားလိုလျှင်ဖြစ်စေ၊ အမျိုးသားအဆင့် မူဘောင်မှ စံသတ်မှတ်ချက်အား ရယူသုံးစွဲလိုလျှင်ဖြစ်စေ မှတ်ပုံတင်ရန် လိုအပ်သည်။
စင်ကာပူနိုင်ငံတွင် လုပ်သားထု ကျွမ်းကျင်မှုအရည်အချင်းစနစ် (WSQ system) ဖြင့် အသိ အမှတ်ပြုလက်မှတ်ရရှိလိုသော သင်တန်းကျောင်းများသည် လုပ်သားထုဖွံ့ဖြိုးတိုးတက်မှုအေဂျင်စီတွင် အသိအမှတ်ပြု လက်မှတ်လျှောက်ထားရန် လိုအပ်သည်။ ထိုနည်းတူ ကျောင်းတည်ထောင်လိုသူ school type program ဖြင့် နိုင်ငံရပ်ခြားအသိအမှတ်ပြု သင်တန်းများ ဖွင့်လှစ်လိုသူသည် ပညာရေးဝန်ကြီးဌာနတွင် အသိအမှတ်ပြုမှတ်ပုံတင် လျှောက်ထားရန် လိုအပ်သည်။
အင်္ဂလန်၊ ဝေလနှင့် မြောက်ပိုင်းအိုင်ယာလန်တို့တွင် အရည်အချင်းသတ်မှတ်ချက်နှင့် သင်ရိုးညွှန်းတမ်းမူဘောင် (QCF) တွင် အသိအမှတ်ပြု လက်မှတ်ရယူလိုသော သင်ကြားရေးဌာန အဖွဲ့အစည်းများသည် လုပ်ထုံးလုပ်နည်းများနှင့်အညီ လျှောက်ထားရန် လိုအပ်သည်။
စကော့တလန်နိုင်ငံတွင် စကော့တလန် အရည်အချင်းသတ်မှတ်ချက် အာဏာပိုင်အဖွဲ့ (SQA) သည် အသက်မွေးဝမ်းကျောင်း ပညာရပ်ဆိုင်ရာ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးသော အဖွဲ့အစည်းများအား တရားဝင်မှတ်ပုံတင်ပေးရန် ဥပဒေကြောင်းအရ တာဝန်ရှိသည်။ ၄င်းသည် (က) ပုဂ္ဂလိကသင်ကြားရေး စစ်ဆေးရေးဌာနများ ကျောင်းများအား တရားဝင်အသိအမှတ်ပြုခြင်း (ခ) အလုပ်သမားများအား လေ့ကျင်သင်ကြားပေးသည့် အစီအစဉ်များအား ကုမ္ပဏီများအလိုက် တရားဝင်အသိအမှတ်ပြုပေးခြင်း (ဂ) စကော့တလန်နိုင်ငံပြင်ပရှိ SQA Qualification အား သုံးစွဲ၍ သင်တန်းပို့ချလိုမှုများအား တရားဝင်အသိအမှတ်ပြုပေးခြင်းများကို ဆောင်ရွက်သည်။
သြစတြေးလျနိုင်ငံတွင် သြစတေးလျ အရည်အချင်းသတ်မှတ်ချက်မူဘောင် (AQF) ၏ အောက်၌ သင်တန်းအစီအစဉ်နှင့် လက်မှတ်အပ်နှင်းမှု ပြုလုပ်လိုသော သင်တန်းကျောင်းများသည် မှတ်ပုံတင် လျှောက်ထားရန်လိုအပ်သည်။ လျှောက်ထားလိုသော သင်တန်းကျောင်းများသည် AQTF 2007 ပါ စံနှုန်းသတ်မှတ်ချက်များနှင့် ကိုက်ညီရန် လိုအပ်သည်။ ၄င်းစံနှုန်းသတ်မှတ်ချက်များသည် လေ့လာသင်ယူမှု လုပ်ငန်းစဉ်ဆိုင်ရာ စဉ်ဆက်မပြတ် ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ထားသည်။
ဂျာမဏီနိုင်ငံတွင် ဖက်ဒရယ်အလုပ်အကိုင် အေဂျင်စီနှင့် စပ်လျဉ်းသော သင်တန်းပေးလိုသည့် အဖွဲ့အစည်းများသည် အေဂျင်စီ၌ မှတ်ပုံတင်ရန် လိုအပ်သည်။ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်တွင် အောက်ပါအရည်အသွေးနှင့် စပ်လျဉ်းသော နည်းလမ်းများ၊ အချက်အလက်များ လိုအပ်သည်။
(က) အရည်အသွေးနှင့် အတည်ပြုမှု တံဆိပ်များ
(ခ) မိမိကိုယ်ကို ပြန်လည်သုံးသပ်ချက်
(ဂ) ISO 9000 အသိအမှတ်ပြုလက်မှတ်
(ဃ) ဒေသဆိုင်ရာ အရည်အသွေးစနစ်
(င) ဖက်ဒရယ်အလုပ်အကိုင်အေဂျင်စီ၏ အတည်ပြုချက်
(စ) ဥရောပ ဖောင်ဒေးရှင်း၏ အရည်အသွေး စီမံခန့်ခွဲမှုစနစ်
ဥပမာအားဖြင့် ဂျာမဏီနိုင်ငံ၏ ဒွန်တွဲလေ့ကျင့်ရေးစနစ် (Dual system) တွင် လိုအပ်သော စံနှုန်းသတ်မှတ်ချက်များ၊ စာမေးပွဲစံနှုန်းများကို စက်မှုလက်မှုနှင့် ကုန်သည်ကြီးများအသင်းမှ ဦးဆောင်ချမှတ်လေ့ရှိသည်။ နယူးဇီလန်နိုင်ငံတွင် ပုဂ္ဂလိကလေ့ကျင့်ရေးကျောင်းများ၊ သင်တန်း ဌာနများသည် Quality Assurance Standard One (QAS1) ဟုခေါ်သော အရည်အသွေးစံနှုန်း သတ်မှတ်ချက်များနှင့် ကိုက်ညီရန် လိုအပ်သည်။ ၄င်းတွင် နယူးဇီလန်အရည်အချင်း သတ်မှတ် ချက် အာဏာပိုင်အဖွဲ့ (NQA)၏ မူဝါဒများ၊ သတ်မှတ်ချက်များ ပါဝင်သည်။ QAS1 တွင် အရည် အသွေး စီမံခန့်ခွဲမှုအတွက် အောက်ပါအချက်အလက်များ ပါဝင်သည်။
(က) သင်ကြားရေးလေ့ကျင့်ရေးဆိုင်ရာ ရည်ရွယ်ချက်
(ခ) အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှု
(ဂ) ဝန်ထမ်းရေးရာ
(ဃ) သင်ထောက်ကူပစ္စည်းများနှင့် အရင်းအမြစ်များ
(င) သင်တန်းသားဆိုင်ရာ အချက်အလက်နှင့် အထောက်အပံ့ပေးမှု
(စ) သင်တန်းအစီအစဉ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်သုံးသပ်ရေး
(ဆ) ဆန်းစစ်အကဲဖြတ်ခြင်း
(ဇ) လေ့လာသင်ယူသူများ၏ တိုးတက်မှုမှတ်တမ်းနှင့် အစီရင်ခံစာ
(စျ) သုတေသန အစီအစဉ်များ
နယူးဇီလန်နိုင်ငံ၏ အရည်အသွေးဆိုင်ရာ ချဉ်းကပ်ပုံတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေး (continual improvement focus) ပေါ်တွင် အဓိကအခြေတည်လျက်ရှိပြီး ကျောင်းများ အလိုက် ကိုယ်ပိုင်အရည်အသွေးအာမခံချက်စနစ် ထားရှိရန် လိုအပ်ကြောင်း တွေ့ရှိရသည်။
အင်္ဂလန်နိုင်ငံ၌ အရည်အသွေး အာမခံမှုနှင့် စီမံခန့်ခွဲမှုစနစ်တွင် (က) အသိအမှတ်ပြု လက်မှတ်အပ်နှင်းသည့် အဖွဲ့အစည်းများနှင့် (ခ) သင်တန်းကျောင်း အသိအမှတ်ပြုခြင်းလုပ်ငန်း စဉ်များ ပါရှိသည်။
(က) အသိအမှတ်ပြုလက်မှတ်အပ်နှင်းသည့် အဖွဲ့အစည်းများ
အင်္ဂလန်၊ ဝေလနှင့် မြောက်ပိုင်း အိုင်ယာလန်နိုင်ငံများတွင် အသိအမှတ်ပြုလက်မှတ် အပ်နှင်းသည့်အဖွဲ့အစည်းများကို ဥပဒေကြောင်းအရ ထူထောင်ခွင့်ရှိသည်။ ယင်းအဖွဲ့အစည်းများ သည် အသိအမှတ်ပြုလက်မှတ်များအား အမျိုးသားအဆင့်ပညာရေး (ဝါ) အရည်အချင်းသတ်မှတ် မူဘောင် (NQF) နှင့်အညီ ထုတ်ပေးပိုင်ခွင့်ရှိသည်။
ယင်းအဖွဲ့အစည်းများတွင် အောက်ပါစံနှုန်းသတ်မှတ်ချက်များနှင့် ကိုက်ညီ ပြည့်စုံရန် လိုအပ်၏။
(၁) အကောင်အထည်ဖော်မည့် စီမံချက်
(၂) စီမံအုပ်ချုပ်မှု
(၃) အရင်းအမြစ်၊ တန်းတူညီမျှရှိမှု၊ ကျွမ်းကျင်မှု၊ သင်တန်းကျောင်း မှတ်ပုံတင် လျှောက်ထားခြင်းနှင့် အတည်ပြု ခြင်း၊ အယူခံဝင်ခွင့်၊ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်း၊ စောင့်ကြည့်ခြင်းနှင့် သုံးသပ်ခြင်း၊ ဖောက်သည် ဝန်ဆောင်မှု စသည့် အထွေထွေကိစ္စရပ်များ။
(ခ) သင်တန်းကျောင်းအသိအမှတ်ပြုခြင်း (centre approval)
အထက်ပါအဖွဲ့အစည်းများသည် သင်တန်းကျောင်း အသိအမှတ်ပြုခြင်း (centre approval) အတွက် တာဝန်ရှိကြပြီး အဖွဲ့အစည်းအလိုက် သင်တန်းကျောင်း လျှောက်ထားခြင်း လုပ်ငန်းစဉ်မှာ အနည်းငယ် ကွဲပြားကြသည်။
ယေဘုယျလုပ်ထုံးလုပ်နည်းများအရ အသိအမှတ်ပြုခံယူလိုသည့် သင်တန်းကျောင်းများသည်
(၁) အရည်အသွေးစီမံခန့်ခွဲမှုနှင့် အာမခံမှုကို တာဝန်ယူ၊ တာဝန်ခံနိုင်ခြင်း
(၂) သတ်မှတ်ထားသော သင်တန်းများအား ပို့ချနိုင်လောက်သည့် အရင်းအမြစ်နှင့် စီမံခန့်ခွဲမှု စနစ်ရှိခြင်း။
(၃) လုပ်ထုံးလုပ်နည်းအရ စာမေးပွဲစစ်ဆေးရန် အဆောက်အဦနှင့်နေရာ လုံလောက်မှုရှိခြင်း
(၄) သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့် ကိုက်ညီအောင်အကောင်အထည် ဖော်နိုင်မည့် ကျွမ်းကျင်ဝန်ထမ်းများ ရှိခြင်း
(၅) အခန်းကဏ္ဍ၊ တာဝန်ဝတ္တရားနှင့် တာဝန်ယူမှုများနှင့် စပ်လျဉ်း၍ အထောက်အထား အပြည့်အစုံ ထားရှိခြင်း
(၆) အရည်အသွေး ထိန်းကွပ်မှု လုပ်ငန်းစဉ်အတွက် ပူးပေါင်းပါဝင်ခြင်း၊ အစစ်ဆေးခံနိုင်ခြင်းတို့နှင့် ကိုက်ညီရန်လိုအပ်သည်။
မင်းကျော် (စက်မှု)







Comments